ဒေါက်တာအေးမောင်အပေါ် စီရင်ချက်က ရခိုင် ပြဿနာကို ပိုကြီးထွားစေတယ်လို့ ရခိုင်အမျိုးသားပါတီ ပြော

ဓာတ်ပုံ မူပိုင် narinjara
Image caption ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ်၂၀ ချမှတ်

ရခိုင်နိုင်ငံရေး ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ အပေါ် ပြစ်ဒဏ် စီရင်ချက်ဟာ ဖြစ်ပေါ်နေတဲ့ ရခိုင်ပဋိပက္ခတွေကို ဖြေလျော့ပေးရာ ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခုတော့ ပဋိပက္ခကို ပိုဖြစ်သွားစေနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

"လျော်ကန် သင့်မြတ်တဲ့ စစ်ဆေးစီရင်မှု တစ်ခု လုပ်လိုက်မယ်ဆိုရင် တစ်နည်းအားဖြင့်တော့ ရခိုင်ပဋိပက္ခတွေကို ဖြေလျော့ပေးရာ ရမယ်လို့ မျှော်လင့်တာ၊ အခုလို စီရင်ချက် ချမှတ်လိုက်တာဟာ ဘယ်လိုနည်းနဲ့မှ ဒီပြဿနာ ပြေပြေလည်လည် မဖြစ်နိုင်ဘူး၊ ပို၍ ပို၍ ဘူးလေးရာ ဖရုံဆင့်သလို ဖြစ်စေတယ်" လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို မတ်လ ၁၉ ရက် ဒီကနေ့မှာ စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ်၂၀ စီ အသီးသီး ကျခံဖို့ ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။

"နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ် နှစ် ၂၀၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ် ချတယ်။ အဲဒီ ပြစ်ဒဏ် ၂ ရပ် လုံးကို တပေါင်းတည်းအဖြစ် ထောင်ဒဏ် နှစ် ၂၀ ကျခံဖို့ တရားရုံးက ချမှတ်ခဲ့တာပါ" လို့ စာရေးဆရာ ဝေဟင်အောင်ရဲ့ အစ်ကိုဖြစ်သူ ဦးသိန်းဝင်းက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ
ဓာတ်ပုံ မူပိုင် narinjara
Image caption စာရေးဆရာ ဝေဟင်အောင်

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ ရခိုင်ပြည်နယ် အစိုးရက ပုဒ်မ ၁၂၂ (၁) ၊ ပုဒ်မ ၅ဝ၅ (ခ) တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို မူလစတင် တရားစွဲဆိုချိန်က ပုဒ်မ ၁၂၂ (၁) ၊ ပုဒ်မ ၅ဝ၅ (ခ) အပြင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) ကို ပါ ထည့်သွင်း ခဲ့ပေမယ့် သက်သေ ခိုင်လုံမှု မရှိလို့ ပယ်ဖျက်ပေးခဲ့ပါတယ်။

သူတို့ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာ ကျဆုံးတဲ့ ၂၃၃ နှစ် မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဟောပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သလို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

"ကြီးလေးတဲ့ ပုဒ်မတွေနဲ့ ခုလို ပြစ်ဒဏ်ချတာ မဖြစ်သင့်ဘူး၊ မလျော်ကန်ဘူး၊ စာပေဟောပြောပွဲမှာ ပါးစပ်နဲ့ ဟောပြောခဲ့တာက ပြစ်မှု မမြောက်ဘူး၊ အခြေခံ ဥပဒေမှာလည်း လွတ်လပ်စွာ ပြောဆိုခွင့် ပြုထားတယ်။ ဒေါက်တာ အေးမောင်လို လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးကို နိုင်ငံတော် ပုန်ကန်မှုနဲ့ စီရင်လိုက်တာဟာ သူရဲ့နိုင်ငံရေးလမ်းကို ဖြတ်တောက်လိုက်တာပဲ" လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင်တို့ အမှုရင်ဆိုင်နေတာ ၁ နှစ် ကျော်ကြာ ရှိပြီး၊ ရုံးထုတ် စစ်ဆေးမှု အကြိမ် ၄၀ မြောက် အပြီးမှာ အခုလို အမိန့်ချမှတ်တာလည်း ဖြစ်ပါတယ်။

စစ်တွေခရိုင် တရားရုံးမှာ ပြုလုပ်တဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ အမှု အပြီးသတ် စီရင်ချက် ချမှတ်တာကို လာရောက် ဝန်းရံ ကြည့်ရှုသူ များလွန်းတဲ့အတွက် စစ်တွေခရိုင် တရားရုံးအတွင်း ဝင်ရောက်ခွင့် ခေတ္တ ပိတ်ထားခဲ့သလို အနီးဝန်းကျင်မှာလည်း ရဲအင်အား တိုးမြှင့် ချထားတာကို တွေ့ရတယ်လို့ စစ်တွေမြို့ခံ ဦးထွန်းဇော်က ပြောပါတယ်။

"စစ်အာဏာရှင်စနစ်မှာ မဟုတ်ဘဲ ဒီမိုကနေစီခေတ် ဟောပြောပွဲတစ်ခုမှာ ပြောတာကို အခုလိုမျိုး အမြင့်ဆုံး ပြစ်ဒဏ်ချတာကို လက်ခံနိုင်စရာ မရှိသလို၊ စာရေးဆရာတွေလည်း အစိုးရကို ဒီလိုပဲ ပြောနေကြတာပဲ ဘာမှလုပ်တာ မတွေ့ရဘူး၊ ဥပဒေဆိုတာ တိုင်းရင်းသား ဒေသတွေမှာ တစ်ဖက်၊ ပြည်မမှာ တစ်ဖက်လို ဖြစ်နေတယ်၊ တရားဥပဒေ လမ်းကြောင်းအတိုင်း ဆက်လုပ်သွားမှာ ဖြစ်တယ်" လို့ စာရေးဆရာ ဝေဟင်အောင်ရဲ့ အစ်ကိုဖြစ်သူ ဦးသိန်းဝင်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင် လက်နက်တပ်ဖွဲ့ ရက္ခိုင့်တပ်မတော်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေတာ လနဲချီ ကြာနေပြီ ဖြစ်ပြီး မြို့ပေါ်တွေ အထိ နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်နေသလို စစ်ဘေးဒဏ်ကြောင့် ဒေသခံ ထောင်နဲ့ ချီဟာလည်း အိုးအိမ်တွေကနေ စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ