မြန်မာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မက်ဂ်နစ်စကီး ဥပဒေနဲ့ အရေးယူဖို့ အမေရိကန် ဆီးနိတ်အမတ်တွေ တောင်းဆို

မင်းအောင်လှိုင်၊ စစ်ဗိုလ်ချုပ်၊ အမေရိကန် ၊ အမတ် ဓာတ်ပုံ မူပိုင် EPA
Image caption ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တပ်မတော်ဘက် နှိပ်ကွပ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ ပြောထားပါတယ်။

မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် အမေရိကန် အစိုးရအနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ ဆီးနိတ် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ နောက်ထပ် လိုအပ်နေသေးတယ်လို့ သူတို့က ပြောပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေကို သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နိုင်ငံတကာက ဝေဖန် ပြောဆိုနေပေမယ့်လည်း မြန်မာအစိုးရဘက်က တစုံတရာ တိုးတက်အောင် လုပ်ဆောင်တဲ့ အရိပ်လက္ခဏာမျိုး မပြနိုင်ခဲ့ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယိုနဲ့ ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနူရှင် တို့ထံ လိပ်မူ ပေးပို့ခဲ့တဲ့ စာထဲမှာ ဆီးနိတ်အမတ် ၄ ဦးက ရေးသားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ထိပ်တန်း စစ်ခေါင်းဆောင်တွေကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခြင်းအားဖြင့် အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်တဲ့ အပြုအမူတွေကို အမေရိကန် အစိုးရအနေနဲ့ သည်းခံမှာ မဟုတ်ဘူးဆိုတာကို ပြသနိုင်လိမ့်မယ်လို့ ဒီမိုကရက် ဆီးနိတ်အမတ် ဒစ်ခ် ဒါဘင်၊ ရီပတ်ဘလီကန် ဆီးနိတ်အမတ် တော့ဒ် ယန်း အပါအဝင် အမတ် ၄ ဦးက အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ သမ္မတ ထရမ့် အစိုးရအနေနဲ့ မြန်မာ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေအပေါ် ခုချိန်ထိ တစုံတရာ အရေးယူတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်း စစ်ဆင်မှုတွေအပြီး ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး

ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ ထိပ်တန်း စစ်ခေါင်းဆောင် ၄ ဦးကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြဋ္ဌာန်းခဲ့ပေမယ့် ဒီလုပ်ဆောင်ချက်ဟာ ပြည့်စုံ လုံလောက်မှု မရှိဘူးလို့ ဆီးနိတ်အမတ်တွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မက်ဂ်နစ်စကီး ဥပဒေနဲ့ ဒဏ်ခတ် အရေးယူဖို့ သူတို့က တိုက်တွန်းထားပါတယ်။ ဒီဥပဒေအရ လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံခြားသား တာဝန်ရှိပုဂ္ဂိုလ်တွေကို ပိုင်ဆိုင်မှုပစ္စည်းတွေ ထုတ်ယူသုံးစွဲခွင့်နဲ့ အမေရိကန်ကို လာရောက်ခွင့်တွေ ပိတ်ပင်နိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဂျပန် အဆာဟိ ရှင်ဘွန်း သတင်းဌာနနဲ့ ရှားရှားပါးပါး တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရိုဟင်ဂျာတွေအပေါ် တပ်မတော်က နှိပ်ကွပ်မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ တိကျတဲ့ အထောက်အထား လုံးဝ မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။