ရက္ခိုင့်တပ်မတော်ရဲ့ မူဝါဒတွေက ဘာလဲ - ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ သီးသန့် မေးမြန်းခန်း အပိုင်း (၂)

ဓာတ်ပုံ ရင်းမြစ်, HEIN HTET / EPA
"လူမျိုးရေးကြောင့် ဖြစ်တဲ့ တိုက်ပွဲမဟုတ်ဘူး" လို့ AA ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်ဟန် ပြော
မတ်လ ၂၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အပစ်ရပ် စာချုပ် လက်မှတ် ရေးထိုးမထားတဲ့ တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့ နဲ့ အစိုးရ ကိုယ်စားလှယ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ ငြိမ်းချမ်းရေးပွဲကို တက်ရောက်လာခဲ့တဲ့ ရက္ခိုင့်တပ်မတော် (AA) ရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ဘီဘီစီက သီးသန့် မေးမြန်းခန်း အပိုင်း (၂) မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အေအေရဲ့ သဘောထား၊ တရုတ်ရဲ့ အခန်းကဏ္ဍ၊ ARSA အာဆာ အဖွဲ့ နဲ့ ပတ်သက်ပြီး အေအေရဲ့ ရပ်တည်ချက် စတဲ့ အကြောင်းအရာတွေကို ဘီဘီစီ သတင်းထောက် ကိုအောင်သူရက မေးမြန်းထားပါတယ်။
ဘီဘီစီ - ခုနက ဗိုလ်မှူးကြီး ပြောသွားတာပေါ့လေ၊ အစိုးရရဲ့ ဒီဖွဲ့စည်းပုံပြင်ရေးကို ကြိုဆိုတယ်ပေါ့။ ဗိုလ်မှူးကြီး ဒီလိုပြောပေမဲ့ ဗိုလ်မှူးကြီးတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေမှာ ဖြေတဲ့အခါမှာ သူက အစိုးရပေါ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာတော်တော်လေးတွေ့ရတဲ့အခါကျတော့ အေအေအနေနဲ့ အစိုးရအပေါ် ဘယ်လောက်များ ယုံကြည်မှု ရှိသလဲ ခင်ဗျ။
ဗိုလ်မှူးကြီးကျော်ဟန်- အစိုးရအပေါ် သူတို့လုပ်လာတဲ့ အလုပ်အပေါ်မှာပဲ ကျွန်တော်တို့ စကားပြောရပါလိမ့်မယ်။ အခု ဖွဲ့စည်းပုံကို ပြောင်းလဲဖို့အတွက်၊ ဖွဲ့စည်းပုံကို ပြင်ဖို့အတွက် အစိုးရက စိုင်းပြင်းပြီး လုပ်လာတယ်၊ အဲဒါကိုတော့ ကျွန်တော်တို့ ကြိုဆိုတယ်။ အဲလိုမျိုးကို ကြွေးကြော်ခဲ့တဲ့အတွက်လည်းNLD အစိုးရဖြစ်လာတာပဲ။ အဲဒီတုန်းက ကျွန်တော်တို့ ထောက်ခံခဲ့တယ်။ မလုပ်တဲ့အချိန်မှာတော့ ကျွန်တော်တို့ မထောက်ခံဘူး။ ဒီနေ့ အဲဒီလမ်းကြောင်းကို တိုင်းပြည်တစ်ခုလုံး အကောင်းဘက်လမ်းကြောင်းကို လုပ်မယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုတယ်။ ဒါကတော့ ကျွန်တော်တို့ ထာဝရရန်သူ၊ ထာဝရမိတ်ဆွေ အဲဒီအလုပ်ပေါ်မှာပဲ လုပ်လာတဲ့အလုပ်၊ အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်အပေါ်မှာပဲ ကျွန်တော်တို့က ကောင်း၏ မကောင်း၏ ဆိုတာပဲ ကျွန်တော်တို့ ပြောတာဖြစ်ပါတယ်။
ဘီဘီစီ- အဓိကလည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တိုက်ပွဲဝင်နေတယ်လို့ ပြောတယ်ပေါ့။ လက်ရှိမှာကျတော့ ဒီတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေက တော်တော်လေးပျက်စီးသွားတဲ့အခါကျတော့ တိုက်ပွဲတွေက ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိခိုက်သွားမှာကိုရော အေအေအနေနဲ့ မစိုးရိမ်ဘူးလား ခင်ဗျ။
ဗိုလ်မှူးကြီးကျော်ဟန်- တိုက်ပွဲကို တိုက်ပွဲဖြစ်မှာကို ကျွန်တော်တို့ လူမပြောနဲ့ တိရစ္ဆာန်တောင်မှ စိုးရိမ်ပါတယ်။ ဘာဖြစ်လို့ ဒီတိုက်ပွဲ ဖြစ်ရတယ်ဆိုတဲ့ ကျွန်တော်တို့ အဖြေကိုတော့၊ အရင်းအမြစ်ကိုတော့ ကျွန်တော်တို့ စဉ်းစားဖို့ လိုပါလိမ့်မယ်။ တိုက်ပွဲ ဘာဖြစ်လို့ ဖြစ်ရလဲ၊ လက်ရှိအမှန်တရား တစ်ခုကို ငြင်းကွယ်ဖို့ ဖုံးကွယ်ဖို့ ကြိုးစားတဲ့အတွက် ဒီတိုက်ပွဲတွေ ဖြစ်ကြတာဖြစ်တယ်ဆိုတာ၊ ဥပမာ အနေနဲ့ ပြောမယ်ဆိုရင် ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်မှာ အခြေချခွင့်မပေးဘူး၊ ချလို့မရဘူး ဆိုတဲ့အနေအထားအပေါ်မှာ ကျွန်တော်တို့က ဒါက ဘယ်သူမှ လက်မခံနိုင်တဲ့ အခြေအနေပါ။ ဒီနေ့ KNU (ကရင်အမျိုးသားအစည်းအရုံး)ကို ကရင်က ကရင်ပြည်မှာ အခြေမချနဲ့လို့ ပြောရင် ရနိုင်ပါမလား။ KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) ကို ကချင်က ကချင်ပြည်နယ်မှာ အခြေမချနဲ့လို့ ပြောရင် ရနိုင်ပါမလား။ ဒါဆိုရင် ဘာဖြစ်လို့ ကျွန်တော်တို့ ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်မှာ အခြေချနေတာကို အခြေမချနဲ့လို့ ပြောတယ်ဆိုတော့ ဒါကတော်တော်ခက်ခဲပါလိမ့်မယ်။ ငြိမ်းချမ်းရေးခရီးကို ရှေ့ဆက်ဖို့အတွက်။
ဘီဘီစီ - အခုရခိုင်ပြည်နယ်မှာပေါ့လေ စီမံကိန်းတွေထဲမှာ တရုတ်ရဲ့ စီမံကိန်းတွေ တော်တော်များများရှိတယ်။ အရေးလည်းကြီးတဲ့ စီမံကိန်းတွေရှိတဲ့အခါကျတော့ အဲဒီစီမံကိန်းတွေအပေါ်မှာရော အေအေအနေနဲ့ ဘယ်လို သဘောထားရှိလဲ ခင်ဗျ။
ဗိုလ်မှူးကြီးကျော်ဟန်- ကျွန်တော်တို့ကတော့ ဒီနေ့ ကျွန်တော်တို့ လက်ရှိ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ၊ ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ ဆိုပြီး ကျွန်တော်တို့ ရပ်တည်နေကြတာရှိတယ်။ ပြောနေကြတာရှိတယ်။ ဆိုတော့ ကျွန်တော်တို့ ဒီနေ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ လုပ်နေတဲ့ ကုလားတန်စီမံကိန်းပဲဖြစ်ဖြစ်၊ ရွှေဂက်စ်စီမံကိန်းပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီအချိန်မှာ ဘာမှ ပြောလို့မရသေးသလို ပြောဖို့အတွက်လည်း စောသေးတယ်။ ဆိုတော့ ကျွန်တော်တို့ ဒီလွှတ်တော်ကို ကျွန်တော်တို့ ရောက်လာတဲ့ အခြေအနေ အစိုးရနဲ့အတူတူထိုင်ပြီးမှ စားပွဲဝိုင်းမှာ ဆွေးနွေးခွင့် ရတဲ့အခြေအနေ၊ တိုက်ပွဲ မရှိတဲ့အခြေအနေ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှု၊နားလည်မှုတွေ ရကြတဲ့အခြေအနေမှာ ဒါတွေကို ကျွန်တော်တို့ အားလုံးကောင်းကျိုးအတွက် ဒါကောင်း၏ ဒါမကောင်း၏ဆိုတာ ကျွန်တော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒါတော့ ကျွန်တော်တို့မှာ မူဝါဒလမ်းစဉ်ရှိပြီးသား ဖြစ်ပါတယ်။ ဒီနေ့ ပြောဖို့တော့ စောပါသေးတယ်။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ - ဟုတ်ကဲ့ အေအေနဲ့ ပတ်သက်ပြီး တချို့က ဝေဖန်ကြတာရှိတယ်။ ဒီ ကေအိုင်အေရဲ့ အဖွဲ့အစည်းတစ်ခုလိုမျိုး ဝေဖန်ပြောဆိုနေတာရှိတဲ့အခါကျတော့ အေအေအနေဲ့ ကိုယ်လုပ်ဆောင်မယ့် လုပ်ငန်းတွေကို ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဘယ်လောက်များ လွတ်လွတ်လပ်လပ်ချနိုင်နေပြီလဲ ခင်ဗျ။
ဗိုလ်မှူးကြီးကျော်ဟန်- ဘယ်လောက်များ လွတ်လွတ်လပ်လပ် ဆိုတာက ကျွန်တော်တို့ ရက္ခိုင့်တပ်မတော်ရဲ့ စီမံခန့်ခွဲမှု အားလုံးကို ရက္ခိုင့်တပ်မတော်ကပဲ စီမံခန့်ခွဲတာ ဖြစ်တယ်။ ကျွန်တော်တို့ ဘယ်နေရာမှာ တိုက်ပွဲတိုက်မယ်ဆိုတာအစ၊ ဘယ်နေရာမှာ ရဲဘော်ဘယ်လောက်ထားမယ်ဆိုတာကအစ ဘယ်အဖွဲ့အစည်းကမှ ကျွန်တော်တို့ကို စီမံခန့်ခွဲတာလည်းမရှိဘူး။ အကြံပေးတာတောင်မရှိဘူး။ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့စီမံခန့်ခွဲမှုကို ဒီလောက်တာဝန်မယူနိုင်ဘူးဆိုရင် ကျွန်တော်တို့ ဒီလောက်ထိလည်း မျှော်လင့်ချက်လည်းမထားပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ကေအိုင်အေမှာ ကျွန်တော်တို့ စစ်သင်တန်းတက်တယ်။ ကျွန်တော်တချိန်တုန်းကလည်း ပြောဖူးပါတယ်။ ဆိုတော့ အားလုံးသော အဖွဲ့အစည်းမဟုတ်ရင်တောင်မှ တော်တော်များများ အဖွဲ့အစည်းတွေ အဲလို အဖွဲ့ကြီးတွေဆီမှာ သင်တန်းတက်ပြီးမှ ကြီးပွားသွားတာရှိပါတယ်။ ဆိုတော့ အဲဒီအဖွဲ့အစည်းတွေကို ဘာမှ မပြောဘဲနဲ့ ကျွန်တော်တို့ ရခိုင်-အေအေတစ်ခုတည်းကိုမှ ဒီလိုပြောလာတယ်ဆိုတော့ ဒါက လုံးဝ သဘာဝ အမှန်တရားတစ်ခုကို ငြင်းကွယ်နေတာ၊ အမှန်တရားတစ်ခုကို ဖုံးကွယ်နေတာ ဖြစ်တဲ့အတွက် ဒါမျိုးတွေ မလုပ်သင့်ဘူး။ ဒါ အဲဒီလို အခြေခံတွေကို ထပ်ပြီး မပြောသင့်ဘူး။ ဒါအမုန်းတရားကို ပွားစေတယ်။ အမုန်းတရားကိုပွားရင် ကျွန်တော်တို့ ပဋိပက္ခကို ဦးတည်စေတဲ့အတွက် အမှန်တရားတစ်ခုပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ ပြောဆိုလိုတယ်၊ ဆွေးနွေးစေလိုပါတယ်။
ဘီဘီစီ- ရက္ခိုင့်တပ်မတော်ဆိုရင်ပေါ့လေ နှစ်ပေါင်းအချိန်တိုအတွင်းမှာပဲ တော်တော်လေး အင်အားကြီးလာတယ်ဆိုပြီး လေ့လာသူတွေက ပြောကြတဲ့အခါကျတော့ ဘာကြောင့် ဒီရခိုင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေက ရက္ခိုင့်တပ်မတော်ထဲကို ဝင်လာကြတာလဲ၊ ဘာကြောင့်ဒီလို အချိန်တိုအတွင်းမှာ အင်အားကြီးထွားမှု ဖြစ်လာတာလဲ။
ဗိုလ်မှူးကြီးကျော်ဟန်- ကျွန်တော်တို့ ဗြိတိသျှလက်အောက်ကို မြန်မာတစ်နိုင်ငံလုံးရောက်တုန်းက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်က ပြန်ဝင်လာတဲ့အချိန်မှာ ကိုလိုနီ အဖြစ်ကနေ လွတ်မြောက်ဖို့အတွက် မြန်မာတစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် ဘီအိုင်အေ ဦးဆောင်မှုအောက်မှာ ပါခဲ့တယ်။ ဘာဖြစ်လို့လဲ။ လွတ်လပ်မှုကို လိုချင်လို့၊ ကိုလိုနီလက်အောက်ကနေ လွတ်မြောက်ချင်လို့ ၊ ကိုလိုနီဘဝက လွတ်မြောက်ချင်လို့၊ အဲလိုမျိုးတွေ နေ့ချင်းညချင်း မြန်မာ့တပ်မတော်ဟာ ဘီအိုင်အေဟာ ကြီးထွားလာခဲ့တယ်။ ကျွန်တော်တို့ ရက္ခိုင့်တပ်မတော်လည်း အဲဒါနဲ့အတူတူပါပဲ။ ကျွန်တော်တို့ ရခိုင်တွေဟာ ကိုလိုနီလက်အောက်မှာ ရောက်နေသလို ခံစားရတယ်။ အဲဒီ လွတ်မြောက်မှုအတွက် လမ်းစဉ်က ငါတို့ဟာ ဒီလမ်းပဲရှိတယ်၊ ULA/AA ကနေ ဦးဆောင်မှု ပေးနိုင်တယ်။ ဦးဆောင်မှုပေးနိုင်လိမ့်မယ်လို့ ယုံယုံကြည်ကြည် မျှော်လင့်လာတဲ့အတွက်၊ လုပ်လည်း လုပ်ပြနိုင်တဲ့အတွက် ကျွန်တော်တို့ အင်အားကြီးထွားလာတာဖြစ်တယ်။ အဓိကက လွတ်မြောက်လိုမှုကြောင့် အင်အားကြီးထွားလာတာဖြစ်တယ်လို့ ပြောလိုပါတယ်။
ဘီဘီစီ- အခုရက္ခိုင့်တပ်မတော်ရဲ့ စည်းရုံးလှုပ်ရှားမှုတွေကို တချို့လေ့လာသူတွေက ဝေဖန်တာပေါ့လေ။ လူမျိုးရေးကို အခြေခံပြီး စည်းရုံးလှုံ့ဆော်တယ်ဆိုတာမျိုး ဝေဖန်တယ်၊ မြန်မာနိုင်ငံမှာကျတော့ သူက အားလုံးက ပြန့်ကျဲနေထိုင်ကြတယ်ပေါ့လေ မြန်မာနိုင်ငံသားအချင်းချင်း၊ တချို့ကကျတော့လည်း အဲလိုမျိုး အဲဒီလို လှုံ့ဆော်မှုကနေ ပဋိပက္ခဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိတယ်ပေါ့။ ဗိုလ်မှူးကြီးတို့ အနေနဲ့ရော အဲဒီလိုမျိုး ပဋိပက္ခ မဖြစ်နိုင်ဖို့၊ မဖြစ်ဖို့ဆောင်ရွက်ထားတာတွေမျိုး ရှိလား။
ဗိုလ်မှူးကြီးကျော်ဟန်- ကျွန်တော်တို့က ဘယ်လူမျိုးကိုမှ မုန်းပြီးမှ ကျွန်တော်တို့ရဲ့ လွတ်မြောက်မှုကို ကျွန်တော်တို့ လိုချင်တာမဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်တို့အချင်းချင်းချစ်ဖို့ ကိုယ်တို့အချင်းချင်း ကိုယ့်အလုပ်ကို ကိုယ်လုပ်ဖို့ဆိုတဲ့ လုပ်ငန်းစဉ် လမ်းစဉ်တွေ ချမှတ်ပြီးမှ လုပ်တာပဲရှိတယ်။ ကျွန်တော်တို့ ဘယ်ဘာသာကို မုန်းပြီးမှ ငါတို့ လွတ်မြောက်မယ် ဘယ်လူမျိုးကိုမုန်းပြီးမှ ငါတို့ လွတ်မြော်မယ်ဆိုတဲ့ မူဝါဒလမ်းစဉ် ကျွန်တော်တို့ မရှိပါဘူး။ ကျွန်တော်တို့ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ အချင်းချင်းချစ်ရမယ်၊ ကျွန်တော်တို့ အချင်းချင်းအလုပ်လုပ်ရမယ် ဆိုတဲ့အလုပ်တွေပဲလုပ်တယ်၊ အပြောတွေပဲ ပြောပါတယ်။
ဘီဘီစီ- အခု ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်ရဲ့ပါဝင်မှုက တော်တော်လေး ကြီးလာတယ်ပေါ့လေ။ အခု ကျွန်တော်တို့ မြင်တွေ့နေရာတာတွေရော၊ ကြားနေရတာရော နောက် ကေအိုင်အေကိုလည်း တရုတ်က NCA ထိုးဖို့ ပြောဆိုလာတာ၊ ဖိအားပေးလာတာ ရှိတဲ့အခါကျတော့ တကယ်လို့ တရုတ်ကနေမှ အေအေကို NCA ထိုးပါလို့ ညွှန်ကြားလာရင်ရော အေအေ အနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲ။
ဗိုလ်မှူးကြီးကျော်ဟန်- ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို တစ်ခုခုသော ဖိအားတို့ တွန်းအားတို့ ပေးဖို့တော့ ခက်ပါလိမ့်မယ်။ ကျွန်တော်တို့မှာလည်း ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် မဟာမိတ်အဖွဲ့အစည်းတွေ ရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် ကျွန်တော်တို့ ဖိအားပေးစရာ မလိုဘဲနဲ့ ကျွန်တော်တို့ လုပ်တာရှိသလို ဖိအားပေးတာကိုလည်း ကျွန်တော်တို့အနာဂတ်အတွက် ဆိုးကျိုးဖြစ်စေမယ်ဆိုရင် ကျွန်တော်တို့ လက်မခံနိုင်တဲ့ အနေအထားလည်း ရှိပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဖိအားပေးတယ်ဆိုတာထက် ညှိနှိုင်းပေးတယ်ဆိုတဲ့ အနေအထားမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ညှိနှိုင်းပေးတယ်ဆိုတဲ့ အနေအထားကို ကျွန်တော်တို့ လက်ခံပါတယ်။ ဖိအားပေးတယ်ဆိုတဲ့ အနေအထားကိုတော့ ကျွန်တော်တို့ လက်ခံဖို့ ခက်ပါလိမ့်မယ်။
ဘီဘီစီ - အခု အစိုးရနဲ့ လာဆွေးနွေးတယ်ပေါ့။ ဆွေးနွေးတဲ့အခါမှာ ဆွေနွေးပွဲရလဒ်တွေ ဆွေးနွေးမှုတွေကို ကြည့်ပြီးတော့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေက လျော့ကျ သွားမယ့် အလားအလာမျိုးများရှိလား၊ ထပ်ပြီးများ တိုးလာနိုင်လား ခင်ဗျ။
ဗိုလ်မှူးကြီးကျော်ဟန်- ဒါကတော့ ကျွန်တော်တို့ ဟို မဆွေးနွေးဘဲ ပျက်သွားတာ ကာလအတော်ကြာပြီ ဖြစ်တဲ့ကာလကနေ အခု ပြန်ပြီး တိုက်ပွဲတွေ ဖြစ်နေတဲ့ကာလမှာ အခု ပြန်ပြီး တွေ့ဆုံဆွေးနွေးတယ်ဆိုတော့ ဒါ တိုးတက်မှု တစ်ခုပဲ ပြောလို့ရပါတယ်။ ဆိုတော့ နောက်ကို ဆက်ပြီး တွေ့ဆုံ ဆွေးနွေးရအောင်ဆိုပြီး ကျွန်တော်တို့ သဘောထားတွေ စုစည်းခဲ့ကြတာတွေ ရှိတဲ့အပေါ်မှာ ရှေ့မှာ စကားပြောလာဖို့နဲ့ အကောင်အထည်ဖော်လာဖို့ ရလဒ်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ လောလောဆယ်ပြောလိုတာက အရင်ကထက်တော့ တိုးတက်မှုရှိတယ်၊ မပြောတာထက်စာရင် ပြောတာကတော့ တိုးတက်မှု ရှိတယ်လို့ ကျွန်တော်တို့ ပြောလိုပါတယ်။
ဘီဘီစီ - ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်ပြီး တော်တော်များများ ပြောကြတယ်၊ ARSA နဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်တယ်တို့၊ နယ်မြေသတ်မှတ်တာတွေ ရှိတယ်လို့၊ မြောက်ဦးကိုတိုက်ခိုက်တာလည်း အေအေက ပစ်လို့ တပ်မတော်က ပြန်ပစ်ရတယ်ဆိုတာမျိုး ပြောဆိုဝေဖန်နေတဲ့ အပေါ်မှာရော ဗိုလ်မှူးကြီးတို့အနေနဲ့ ဘာများပြောချင်သလဲ ခင်ဗျ။
ဗိုလ်မှူးကြီးကျော်ဟန်- ဒါက ကျွန်တော်တို့ တော်တော်ပြောပြီးပါပြီ။ ဒါ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ ဒါ ကျွန်တော်တို့ လုံးဝ ငြင်းပယ်ပါတယ်။ ကျွန်တော်တို့က အာဆာနဲ့ ဘယ်တော့မှလည်း မပတ်သက်ပါဘူး။ နောက်လည်း ပတ်သက်လိမ့်မယ် မဟုတ်ဘူး။ ဘာဖြစ်လို့ဆိုတော့ အာဆာဟာ အကြမ်းဖက်အဖွဲ့ဆိုပြီး သတ်မှတ်ထားတဲ့အဖွဲ့အစည်းတစ်ခုနဲ့ ကျွန်တော်တို့ ပတ်သက်ခဲ့ရင် ကျွန်တော်တို့ ကိုယ့်လည်ပင်းကိုယ်ကို ကြိုးကွင်းစွပ်သလိုဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တစ်ဘက်မှာလည်း အစိုးရ မကန့်ကွက်ခင် ကျွန်တော်တို့ ရခိုင်ပြည်သူ တစ်ရပ်လုံးက ကျွန်တော်တို့ကို ကန့်ကွက်ပါလိမ့်မယ်။ ကျွန်တော်တို့ ရခိုင်ပြည်သူ တစ်ရပ်လုံးက ကျွန်တော်တို့ ပြည်သူမကြိုက်တာကို လုပ်လာလို့ ကျွန်တော်တို့ကို ကန့်ကွက်လာရင် ကျွန်တော်တို့ကျဆုံးခန်းပဲ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ကျဆုံးမယ့်လုပ်ရပ်ကို ဘယ်တော့မှမလုပ်သလို ဒါက မဖြစ်နိုင်တဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်လို့ ကျွန်တော် ထပ်လောင်းပြောလိုပါတယ်။
ဘီဘီစီ - ကျေးဇူးပါပဲ ခင်ဗျ။
ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ သီးသန့် မေးမြန်းခန်း အပိုင်း (၁) ဖတ်ရန် - "ရခိုင်ဟာ တိုင်းပြည်နဲ့ လွတ်လွတ်လပ်လပ်နေလာခဲ့တဲ့ လူမျိုးပါ"
ရက္ခိတလမ်းစဉ်ဆိုတာ ဘာလဲ