လူတစ်ယောက်ကို ဖုန်းကတ်နှစ်ခုပဲ မှတ်ပုံတင်ခွင့်ပြုမယ့်သတင်းအပါအဝင် မနက်ခင်း သတင်းများ

Image caption လူတစ်ယောက်ကို မှတ်ပုံတင်ပြီးတဲ့ ဖုန်းကတ်နှစ်ခုသာ ကိုင်ခွင့်ပြုမည်

(၁) လူတစ်ယောက်ကို မှတ်ပုံတင်ပြီးတဲ့ ဖုန်းကတ်နှစ်ခုသာ ကိုင်ခွင့်ပြုမည်

လုံခြုံရေးကို ထိထိရောက်ရောက် အကာကွယ်ပေးနိုင်ဖို့အတွက် မြန်မာပြည်သူတွေ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြား တစ်ခုကို ဖုန်းကဒ် နှစ်ခုပဲ ကိုင်ဆောင် မှတ်ပုံတင်ခွင့် ပေးတော့မယ်လို့ ဒီနေ့ထုတ်ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံသား ကတ်ပြားတစ်ခု နဲ့ မှတ်ပုံတင်ထားတဲ့ နှစ်ခုထက်ပိုတဲ့ ဖုန်း SIM ကတ်တွေကို လာမယ့် ဧပြီလက စတင်ပြီးတော့ ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ဆက်သွယ်ရေး ညွန်ကြားမှု ဦးစီးဌာနကို ကိုးကားပြီး ကြေးမုံ သတင်းစာက ဖော်ပြရေးသားထားတာဖြစ်ပါတယ်။

နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ခုတည်းနဲ့ ဖုန်း SIM ကတ်တွေကို အများအပြား မှတ်ပုံတင်ပြီး ပြန်ရောင်းချနေတာတွေ၊ ကိုယ့်အမည်နဲ့ မှတ်ပုံတင်ထားတာ မရှိတဲ့ ဆင်းကတ်တွေကို ဈေးကွက်မှာ အလွယ်တကူ ဝယ်ယူသုံးစွဲနေတာကြောင့် မိုဘိုင်းဖုန်းတွေ အသုံးပြုပြီး လုံခြုံရေး ချိုးဖောက်နေမှုကို အကာအကွယ် ပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်မှာ ပါကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

Image caption ၂၀၁၇ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုရှင်များ

(၂) အကယ်ဒမီရင်ခုန်သံကြားရမယ့် ဒီညနေ

မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆု) ပေးပွဲကို မတ်လ ၂၃ ရက်နေ့ ဒီနေ့ညနေ ၃နာရီမှာ The One Entertainment Park မှာ ကျင်းပ မှာဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုမှာ ပေးမယ့် အကယ်ဒမီရွှေကြယ်ဆုတံဆိပ်ကို အောင်သမာဓိရွှေဆိုင်ကနေ ထုလုပ်မှာဖြစ်ပါတယ်။

မြန်မာရုပ်ရှင်ထူးချွန်ဆုနဲ့ ပတ်သက်လို့ အခုချိန်မှာတော့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဓာတ်ပုံဆု၊ တည်းဖြတ်ဆု ၊ အသံဆု အစရှိတဲ့ ပွဲကြိုခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကိုကျော်ကျော်မျိုး

အများစိတ်ဝင်စားတဲ့ အမျိုးသားဇာတ်ဆောင်ဆုမှာ ရုပ်ရှင်သရုပ်ဆောင် နေတိုးကို ခန့်မှန်းနေကြသလို မကြာသေးခင်က မီ ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသုကိုတော့ အမျိုးသမီးဇာတ်ဆောင်ဆု အဖြစ် ခန့်မှန်းနေကြပါတယ်။

၂၀၀၈ ခုနှစ်က မတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာတော့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရုပ်ရှင်သရုပ်ဆောင် နေတိုးက တာတေကြီးဇာတ်ကားနဲ့ ရခဲ့ပြီး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ ရင်ဘတ်ထဲက ဓါး ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ရခဲ့ပါတယ်။

အဲဒီနှစ်က အကောင်းဆုံး တေးဂီတ ဆုရရှိခဲ့သူ စန္ဒယား ဦးတင်ဝင်းလှိုင်ရဲ့ ကျေးဇူးတင်စကားမှာ ထည့်သွင်းပြောဆို ခဲ့တဲ့ အချက်အလက် တချို့ကို မမှန်ကန်ဘူး ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာန က တုံ့ပြန်ခဲ့ပါတယ်။

ဒီနှစ် အကယ်ဒမီဆုပေးပွဲကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့လဲ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါ်မေရှင်ကို ဘယ်သူတွေ ချစ်ခဲ့သလဲ

(၃) RCSS က ရောက်ရာအရပ်က တပ်တွေရဲ့ တိုက်ပွဲတွေရပ်တန့်မယ်လို့ ကြေညာချက်ထုတ်

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ -RCSS က ရောက်ရာ အရပ်မှာ တပ်တွေချပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်မယ်လို့ အချက် ၅ ချက်ပါတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ RCSS နဲ့ SSPP တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကို အမြန်ရပ်တန့်ဖို့ ရည်ရွယ်ပြီးတော့ ညီညွတ်ရေး ဆွေးနွေးသွားမယ်လို့လဲ ဆိုပါတယ်။

၂၀၁၈ ခုနှစ် နှောင်းပိုင်း ကာလက စတင်လို့ RCSS နဲ့ SSPP အကြား တိုက်ပွဲတွေဟာ အခုချိန်အထိ ဆက်တိုက် ဖြစ်ပွားနေပြီး ဒီတိုက်ပွဲတွေကြောင့် ကျေးသီး၊ မိုင်းကိုင်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ စတဲ့ ဒေသတွေမှာ စစ်ပွဲဒဏ်ခံစားနေရတဲ့ ဒေသခံထောင်ချီရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၁ ရက်နဲ့ ၁၂ ရက်က နေပြည်တော်မှာ RCSS, SSPP , အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နဲ့ တပ်မတော်ညှိနှိုင်းရေး အဖွဲ့အကြား ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ တပ်မတော်က အဆိုပြုလာတဲ့ ရှမ်းပြည်မြောက်ပိုင်း ပဋိပက္ခ လျော့ချရေးကိုလည်း ကြိုဆိုတယ်လို့ RCSS က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဟာ SSPP ရဲ့ ပိုင်နက် နယ်မြေ ဖြစ်ပြီး RCSS က နယ်မြေ တိုးချဲ့လာလို့ တိုက်ပွဲတွေ ဖြစ်ရတာလို့ SSPP က ပြောဆိုနေတာတွေ ရှိပါတယ်။

အပစ်ရပ်ပြီး ဆွေးနွေးကြမယ့် ကိစ္စရပ်တွေမှာ အဲဒီအခြေအနေတွေကိုပါ ထည့်သွင်း ဆွေးနွေးမှာ ဖြစ်တယ်လို့ ဒုဗိုလ်မှုးကြီး စိုင်းဦးက ပြောပါတယ်။

နှစ်ဖက်တပ်အကြား အပစ်ရပ်ထားဖို့ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အောက်ခြေ မြေပြင် အခြေအနေမှာ နှစ်ဖက် ထိပ်တိုက် တိုက်ခိုက်တာ မရှိပေမယ့် အဝေးကနေ ပစ်ခတ်မှုတွေ ရှိနေတာကို ကြားနေရသေးလို့ နှစ်ဖက်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ ဆွေနွေးရာမှာ အဲဒါတွေကို အဓိက ဆွေးနွေးသွားမယ်လို့ ဒုဗိုလ်မှုးကြီး စိုင်းဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာ က သူ့ရဲ့တွေ့ရှိချက် အစီရင်ခံစာကို အမေရိကန် ရှေ့နေချုပ် ဝီလျံဘားဆီကို တင်ပြ

(၄) အမေရိကန် ရွေးကောက်ပွဲ အထူးစုံစမ်းရေး အစီရင်ခံစာ တင်သွင်း

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ပါဝင်စွက်ဖက် ခဲ့သလားဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းနေတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာက သူ့ရဲ့တွေ့ရှိချက် အစီရင်ခံစာကို အမေရိကန် ရှေ့နေချုပ် ဝီလျံဘားဆီကို တင်ပြလိုက်ပါတယ်။

အဲဒီတုန်းက သမ္မတလောင်း ထရမ့်ရဲ့ မဲဆွယ်အဖွဲ့ဟာ ရုရှားတို့နဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိမရှိ မစ္စတာ မူလာက စုံစမ်းခဲ့တာဖြစ်ပါတယ်။ ဒီလို စုံစမ်း စစ်ဆေးမှုကို သမ္မတထရမ့် က တားဆီးဟန့်တားခဲ့သလား ဆိုတာလဲ ဖော်ပြမှာဖြစ်ပါတယ်။

အခုရှေ့နေချုပ်လက်ထဲ ရောက်ပြီးရင်တော့ ရှေ့နေချုပ်က အစီရင်ခံစာဖတ်ပြီး ဘယ်အပိုင်းကို ကွန်ကရက်လွှတ်တော်ကို တင်ပြမယ် နောက်ဘယ်အပိုင်းကို အမေရိကန်ပြည်သူတွေကို ဖွင့်ထုတ်ပြမယ်လို့ လက်ထောက်ရှေ့နေချုပ်ဟောင်းက ရှင်းပြခဲ့ပါတယ်။

ဝါရင့်ဒီမိုကရက်တစ်ပါတီအမတ်တွေကတော့ အစီရင်ခံစာကို အများသိအောင် ဖောက်ချဖို့ တောင်းဆိုနေပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီစုံစမ်းမှုဟာ သက်သက် တရားခံရှာတာ သာဖြစ်တယ်လို့ ပြောထားပြီး သမ္မတ အိမ်ဖြုတော်ကတော့ မူလာနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ကာ တရားမျှတ တဲ့အဖြေ အမြတ်ထွက်ရေး လိုလားတယ်လို့ ဆိုထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတ ထရမ့် မဲဆွယ်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်း ထောင်ဒဏ်ချမှတ်ခံရ

ဒီသတင်းနဲ့ပတ်သက်သမျှ