အီးယူ အဆိုတင်သွင်းတဲ့ လူ့အခွင့်ရေးကောင်စီ ဆုံးဖြတ်ချက်ကို မြန်မာပယ်ချ

လူ့အခွင့်အရေးကောင်စီ ဓာတ်ပုံ မူပိုင် Reuters
Image caption အဆိုတင်သူတွေရဲ့ ရည်ရွယ်ချက်၊ စိတ်ရင်းအမှန်တွေ အပေါ် စိုးရိမ်ပူပန်တယ်လို့ မြန်မာပြော

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေတယ်လို့ ပြောထားပြီး၊ အစိုးရတပ်ရဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ပါ ဆိုပြီးတော့လည်း တောင်းဆိုထားတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာဘက်က ပယ်ချလိုက်ပါတယ်။

ဥရောပ သမဂ္ဂ အီးယူက တင်သွင်းခဲ့တဲ့ အဆိုမူကြမ်းကို မတ်လ ၂၂ ရက်၊ ဂျနီဗာမြို့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မဲခွဲ ဆုံးဖြတ်ခဲ့ပြီး မြန်မာ အစိုးရအပေါ် တောင်းဆိုမှုတွေ ပြုလုပ်ထားတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အီးယူရဲ့ အဆိုမူကြမ်းပါ အချက်တွေဟာ မြန်မာဘက်က အသိအမှတ်ပြုမထားတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့နဲ့ မစ္စ ယန်ဟီးလီတို့ရဲ့ အစီရင်ခံစာတွေပေါ်မှာ အဓိက အခြေခံထားတာ ဖြစ်တယ်လို့ မြန်မာဘက်က တုန့်ပြန်ပါတယ်။

အဆိုမူကြမ်းထဲ တစ်ဖက်သတ် ပြောဆိုမှုတွေ၊ ပြင်းထန်တဲ့ နိုင်ငံရေးသွတ်သွင်းမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အီးယူအဆိုမူကြမ်းအပေါ် တုန့်ပြန်ဝေဖန်သူ ဦးကျော်မိုးထွန်း

လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လိင်အကြမ်းဖက်မှုတွေ၊ ကလေးသူငယ်တွေ အပေါ် အနိုင်ကျင့် ကျူးလွန်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိနေတယ်ဆိုတဲ့ အစီအရင်ခံစာတွေအရ အင်မတန် စိုးရိမ်ကြောင်း ပြောထားပါတယ်။

အီးယူရဲ့ အဆိုကို မဲခွဲခဲ့တဲ့ အခါမှာတော့ တရုတ်၊ ကျူးဘားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကန့်ကွက်ခဲ့ကြပြီး အိန္ဒိယနဲ့ ဂျပန် အပါအဝင် ကြားနေခဲ့ကြတဲ့ နိုင်ငံ ၇ နိုင်ငံလည်း ရှိခဲ့ပါတယ်။

အဲဒီ ၁ဝ နိုင်ငံက လွဲပြီး ကျန် အဖွဲ့ဝင် နိုင်ငံ ၃၇ နိုင်ငံက ထောက်ခံခဲ့ကြတဲ့ အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ထွက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာပြီး အစီအရင်ခံစာ တင်သွင်းဖို့ ကုလသမဂ္ဂက တာဝန်ပေးထားတဲ့ မစ္စဟန်ဟီးလီကို နောက်ထပ် သက်တမ်း တစ်နှစ် တိုးပေးဖို့လည်း အဲဒီ ဆုံးဖြတ်ချက်ထဲ ထည့်သွင်းထားပါတယ်။

Image caption ပုဂ္ဂိုလ်ရေး မပူးပေါင်းဘူးလို့ မစ္စလီကို မြန်မာအစိုးရ ငြင်းဆန်ထား

မြန်မာ အစိုးရကတော့ မစ္စယန်ဟီးလီနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး မလုပ်ဖို့ ဆုံးဖြတ်ချက်ကို ဆက်လက်ကိုင်စွဲထားတယ်လို့ ဘီဘီစီကို အတည်ပြုပါတယ်။

လူပုဂ္ဂိုလ်အရ မစ္စလီနဲ့ ပူပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ဘီဘီစီကို ပြောပါတယ်။

မစ္စလီမှာ ဘက်လိုက်တဲ့ စိတ်မျိုးရှိနေတယ်လို့လည်း ဦးမြင့်သူ ဝေဖန်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ဆိုပြီး လူ့ အခွင့်အရေးကောင်စီက ဖွဲ့ထားတာလည်း တစ်ဘက်သတ် လုပ်ဆောင်ထားတဲ့ အချက် ဖြစ်တယ်လို့ ဦးမြင့်သူက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လူမျိုးရှင်းလင်းမှု မူဝါဒ မရှိဘူးလို့ ဆို

ဒါပေမယ့် မြန်မာ့အရေး ကူညီဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ ယန္တရားတွေနဲ့တော့ ဆက်လက် ထိတွေ့ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာ့အရေးမှာ ပူးပေါင်းဆောက်ရွက်နိုင်တဲ့ ကုလသမဂ္ဂ ယန္တရားသစ်တစ်ရပ် ပေါ်ထွန်းလာဖို့ နယူးယောက်မြို့မှာလည်း ကြိုးစားနေတယ်လို့ ဦးမြင့်သူက ပြောပါတယ်။

လူ့ အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ မစ္စလီအနေနဲ့ သူရရှိထားတဲ့ လုပ်ပိုင်ခွင့်တွေကို လက်တွေ့ အသုံးချနိုင်ဖို့ မြန်မာ နိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ အမြန်ဆုံး ပြန်လည်စတင်ပါ ဆိုပြီး တောင်းဆို ထားပါတယ်။