ရိုက်တာအမှု အယူခံ နေပြည်တော် တရားလွှတ်တော်ချုပ်ရုံးမှာ ဒီကနေ့ လျှောက်လဲချက်ပေးမယ်

ရိုက်တာသတင်းထောက် သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာသတင်းထောက် သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့ နောက်ဆုံးအယူခံကို နေပြည်တော် တရားလွှတ်တော်ချုပ်ရုံးမှာ သူတို့တွေရဲ့ ရှေ့နေတွေက ဒီကနေ့ လျှောက်လဲချက် ပေးမှာ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီအယူခံဟာ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက် ပြန်လည် လွှတ်မြောက်လာဖို့ တရားဥပဒေအရ ဆောင်ရွက်နိုင်တဲ့ နောက်ဆုံးအဆင့် လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အပေါ် ချမှတ်ခံထားရတဲ့ တရားမျှတမှု ကင်းမဲ့တဲ့ တရားစီရင်ရေးကို ပြန်လည် တည့်မတ်ဖို့ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး တရားလွှတ်တော်ချုပ်ရုံး အနေနဲ့ အခွင့်အရေး ရှိပါတယ်လို့ ရိုက်တာသတင်းဌာနရဲ့ အယ်ဒီတာချုပ် စတီဖင် ဂျေ အက်ဒ်လာ က ဒီကနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

"သတင်းထောက် နှစ်ယောက်ဟာ ရိုးသားပြီး လေးစားခံရတဲ့ သတင်းထောက်တွေ ဖြစ်ကြတယ်။ ဥပဒေကိုလည်း မချိုးဖောက်ဘူး။ သူတို့ကို အရေးတကြီး ပြန်လွှတ်ပေးဖို့ လိုတယ်လို့" အယ်ဒီတာချုပ် စတီဖင် ဂျေ အက်ဒ်လာ က ပြောပါတယ်။

နေပြည်တော် တရားလွှတ်တော်ချုပ်ရုံး အယူခံ ကြားနာမှုကို သွားရောက်နားထောင်ဖို့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့ ဇနီးတွေလည်း နေပြည်တော်မှာ ရောက်ရှိနေပါတယ်။

ရိုက်တာ သတင်းထောက် သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ပဋ္ဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က အင်းဒင် လူသတ်မှု သတင်းကို စုံစမ်းဖော်ထုတ် ရေးသားနေချိန် ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက်က အဖမ်းခံခဲ့ရပါတယ်။

အဖမ်းခံရပြီးနောက်မှာ သူတို့တွေကို နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေနဲ့ တရားစွဲဆိုခဲ့ပြီးနောက် ၂၀၁၈ စက်တင်ဘာလ ၃ ရက်မှာ မြောက်ပိုင်းခရိုင် တရားရုံးက ထောင် ၇ နှစ် စီ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

သူတို့ နှစ်ဦးရဲ့ အယူခံကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားရုံးက ပယ်ချခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မိသားစုတွေ မျှော်လင့်သလို ဖြစ်မလာခဲ့တဲ့ ရိုက်တာအမှု အယူခံ

ဒီသတင်းနဲ့ပတ်သက်သမျှ