ဒေါ်လာ ၂၆ သန်းကျော် တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးဝါး ကော့သောင်းပင်လယ်အနီး ဖမ်းမိ

ဒေါ်လာ ၂၆ .၆ သန်း ကျော် တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးဝါး ကော့သောင်းပင်လယ်အနီး ဖမ်းမိ ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption ဒေါ်လာ ၂၆ .၆ သန်း ကျော် တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးဝါး ကော့သောင်းပင်လယ်အနီး ဖမ်းမိ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အနီး ပင်လယ်ပြင်မှာ ခန့်မှန်းတန်ဖိုးငွေ ကျပ် သိန်းပေါင်း လေးသိန်းကျော် (ဒေါ်လာ ၂၆ .၆ သန်း) တန်ဖိုးရှိတဲ့ ICE မူးယစ်ဆေးဝါး ၁ ကီလိုဂရမ်ပါ အထုပ် ၁၇၃၇ ထုပ် ဖမ်းဆီး ရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ကော့သောင်းမြို့အနီး ဇာဒက်ကြီးကျွန်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၅၂ မိုင် ခန့် အကွာမှာ မသင်္ကာဖွယ် စက်လှေတစ်စင်းကို တွေ့လို့ ခေါ်ယူ စစ်ဆေးရာက ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖမ်းဆီးမိတဲ့ နေရာက ရေမိုင် ၇၁ မိုင် ကွာဝေးပြီး ကုန်းမိုင်နဲ့ဆို ၇၁ မိုင် ရဲ့ ၂ ဆ လောက် နီးပါး ရှိလို့ လာအပ်မယ့် ရေယာဉ်နဲ့ ခရီး အသွားအလာ အချိန်ကြာနိုင်တယ်လို့ ဆိုပါတယ်။ နယ်မြေပိုင်ဖြစ်တဲ့ ကော့သောင်း ရဲစခန်းမှာ အပ်နှံသွားမှာ ဖြစ်တယ်လို့လည်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

" သတင်းရတာက ကင်းလှည့်ရင်းနဲ့ ဖမ်းမိတာ၊ ပဏာမ စစ်ကြောချက်အရ ရခိုင်ကနေ လာတယ်ဆိုတာ ထွက်တယ်။ ဟိုဘက်က ဘယ်လို ပတ်သက် မပတ်သက် ဆိုတာတွေကတော့ အသေးစိတ် စစ်ဆေးပြီးမှ တွေ့ရမယ်။ ရေယာဉ်တွေကလည်း ခရီးသွားဆဲဖြစ်လို့ မေးလို့မြန်းလို့ အဆင်မပြေဘူး။ ရဲစခန်းကို ရောက်ပြီဆိုတော့ စစ်ကြောချက် ယူပြီးရင် အကုန်လုံးပေါ်မယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ကင်းလှည့် တပ်ဖွဲ့ဝင်တွေက မတ်လ ၂၄ ရက် နေ့လယ်ပိုင်းမှာ ICE မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတဲ့ လှေကို ဖမ်းမိတာဖြစ်ပြီး လှေပေါ်မှာ ဦးမင်းသန်း (ဘ) ဦးသန်းကြွယ် အပါအဝင် အမျိုးသား ခုနစ်ဦးကိုပါ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိတဲ့လှေဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆတ် ပင်လယ်ပြင်အတွင်းကနေ ထွက်လာတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၁၅ ခုနှစ် အတွင်းကလည်း ဇာဒက်ကြီးကျွန်းမှာ အခုလို ဖမ်းမိခဲ့တာရှိကြောင်းနဲ့ ဖမ်းမိခဲ့တဲ့လှေဟာ မလေးရှားကို ပို့ဆောင်တဲ့ လှေဖြစ်ပြီး ရေကြောင်းမှားပြီး ရောက်ရှိလာရာက ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ မြိတ်ဒေသခံ ဦးသန်းအောင်က ပြောပါတယ်။