ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတက်ရောက်နိုင်တဲ့ " ၇၄ " နှစ် မြောက် တပ်မတော်နေ့ စတဲ့ မတ်လ ၂၇ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption " ၇၄ " နှစ် မြောက် တပ်မတော်နေ့နေပြည်တော်က စစ်ရေးပြ အခမ်းအနား

(၁)တပ်မတော် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် မတက်ရောက်နိုင်တဲ့ " ၇၄ " နှစ် မြောက် တပ်မတော်နေ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က မတ်လ ၂၇ ရက် (ဒီကနေ့) မှာ ကျရောက်တဲ့ " ၇၄ " နှစ် မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်နိုင်ခြင်း မရှိဘူးလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော်ရှိ စစ်ရေးပြကွင်းမှာ ဒီကနေ့ ပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြ အစီအစဉ်တွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တက်ရောက် ခဲ့ပါတယ်။

စစ်ရေးပြ အခမ်းအနားမှာ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ကိုယ်စား ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မိန့်ခွန်း ပြောကြားရာမှာ ၂၀၁၈ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်မယ့် အကြောင်း၊ ဖွဲ့စည်းပုံ ပြင်ရေးကို နည်းလမ်းမှန်မှန် လုပ်ဖို့လိုကြောင်းနဲ့ အဲဒီလိုမဟုတ်ရင် နိုင်ငံ မတည်မငြိမ် ဖြစ်မယ့်လို့ ထပ်မံ သတိပေး ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ ကျန်ရှိနေသေးတဲ့ အပစ်ရပ် ကာလ အတွင်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့မဟုတ် တပ်မတော်ရဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းရေး အဖွဲ့နဲ့ လာရောက်ဆွေးနွေးဖို့ ထပ်မံ ဖိတ်ခေါ် ထားတယ်လို့ မိန့်ခွန်းမှာ ပါရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ဟာ မတ်လ ၂၆ ရက် ညနေပိုင်း ရုံးဆင်းချိန် လှေကားအဆင်းမှာ ခြေချော်ပြီး ဒူးအရွတ် အနည်းငယ် ထိခိုက်ခဲ့လို့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို မတက်ရောက်နိုင်တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ တပ်မတော် (ကြည်း၊ရေ၊လေ)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမျိုးသမီးစစ်သည် တပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော် (ရေ) အထူး စစ်ဆင်ရေးတပ်ဖွဲ့၊ တပ်မတော် (လေ) က လေယာဉ်၊ ရဟတ်ယာဉ်တွေပါ ပါဝင်ပြသသွားခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိတလမ်းစဉ်ဆိုတာ ဘာလဲ - အေအေ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ မေးမြန်းခန်း အပိုင်း ၁

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး

ဓာတ်ပုံ မူပိုင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး ရုပ်တု ဖွင့်ပွဲ အငြိမ်းစား ဗိုလ်ချုပ်ကြီးများလည်း တက်ရောက်

(၂) အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး ရုပ်တု ဖွင့်ပွဲ အငြိမ်းစား ဗိုလ်ချုပ်ကြီးများလည်း တက်ရောက်

သူရဲကောင်းဗိမာန် (နေပြည်တော်) မှာ မတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး ရုပ်တု ဖွင့်ပွဲအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် အငြိမ်းစား ဗိုလ်ချုပ်ကြီးများလည်း တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

အောင်ဆန်းသူရိယဘွဲ့ ရရှိသူ သူရဲကောင်း ၆ ဦးဖြစ်တဲ့ ဗိုလ်မှူး အောင်ဆန်းသူရိယ အေးချို၊ ဗိုလ် သူရ အောင်ဆန်းသူရိယ တိုက်ချွန်း (ခေါ်) တိုင်ကောင်း၊ တပ်သား အောင်ဆန်းသူရိယ လှသောင်း၊ တပ်သား အောင်ဆန်းသူရိယ ဆွတ် (က်) ဗဟာဒူးရိုင်း၊ တပ်သား အောင်ဆန်းသူရိယ စောမြင့်၊ အောင်ဆန်းသူရိယ စောဘရီရဲ့ ရုပ်တုတွေကို ထုလုပ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ ရဲစွမ်းသတ္တိရှိစွာ အသက်ကို စွန့်လွှတ်ခဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုသလို မျိုးဆက်သစ် လူငယ်တွေရဲ့ စိတ်ထဲမှာ နိုင်ငံတော်ကို ချစ်တဲ့စိတ်နဲ့ နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုတဲ့ စိတ်ဓာတ်တွေ ရှင်သန်ကိန်းအောင်း လာစေဖို့ ရည်ရွယ်တည်ဆောက်တာ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့သတင်းထုတ်ပြန်မှာ ရေးသား ထားပါတယ်။

ဓာတ်ပုံ မူပိုင် Yangon Region Government
Image caption ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို အဂတိကော်မရှင်အနေနဲ့ အရေးယူပေးဖို့ တိုက်တွန်း

() ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို အဂတိကော်မရှင်အနေနဲ့ အရေးယူပေးဖို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့ အမှုတွေကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ သမာသမတ်ကျစွာ အရေးယူပေးဖို့နဲ့ ကော်မရှင်ရဲ့ လုပ်ဆောင်ချက် တွေကို ပြည်သူတွေဆီ ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးဖို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက တိုက်တွန်းထားပါတယ်။

ရန်ကုန်တိုင်း အစိုးရက လက်ရှိဆောင်ရွက်နေတဲ့ ရန်ကုန် အများပြည်သူ သယ်ယူပို့ဆောင်ရေ YBS၊ ရန်ကုန် စက်သုံးဆီ အ ရောင်းဆိုင်YP နဲ့ ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ဆောင်ရွက်ချက်တွေအပေါ် ပြည်သူတွေ သိရှိစေဖို့ကို တိုင်းအစိုးရက သတင်းထုတ်ပြန်ပေးဖို့လို့ အကြံပြုထားပါတယ်။

အဲဒီလို တောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ မတ်လ ၂၅ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/ Getty Images
Image caption အယ်လ်ဂျီးရီးယား သမ္မတ အက်ဘ်ဒဲလာဇစ် ဘူတီဖလီကာ

(၄) အယ်လ်ဂျီးရီးယား သမ္မတကို ရာထူးကနေ ဖယ်ရှားဖို့ ကြေညာသင့်ပြီလို့ စစ်တပ်အကြီးအကဲက ပြောဆို

အယ်လ်ဂျီးရီးယားနိုင်ငံမှာတော့ အသက်ကြီးနေပြီ ဖြစ်တဲ့ သမ္မတ အက်ဘ်ဒဲလာဇစ် ဘူတီဖလီကာ ဟာ တာဝန်ထမ်းဆောင်ဖို့ အဆင်မပြေတာကြောင့် ရာထူးကနေ ဖယ်ရှားတဲ့အကြောင်း ကြေညာသင့်ပြီလို့ အယ်လ်ဂျီးရီးယား စစ်တပ်အကြီးအကဲက ပြောလိုက်ပါတယ်။

အဲဒီလို ကြေညာဖို့ အယ်လ်ဂျီးရီးယား ဖွဲ့စည်းပုံက ခွင့်ပြုထားသလို နိုင်ငံ့ရဲ့ နိုင်ငံရေး အကျပ်အတည်းကိုလည်း ဖြေရှင်းနိုင်မယ်လို့ စစ်တပ်အကြီးကဲ ဒုတိယဗိုလ်ချုပ်ကြီး အာမက် ဆစ် ဆာလ က ပြောပါတယ်။

လက်ရှိမှာ အသက် ၈၂ နှစ် ရှိပြီ ဖြစ်တဲ့ သမ္မတ ဘူတီဖလီကာဟာ ကျန်းမာရေး ချို့ယွင်းနေလို့ လူမြင်ကွင်းထဲ မထွက်တာ နှစ်နဲ့ချီ ကြာမြင့်နေပါပြီ။

အခုလို ဖြစ်နေပေမယ့် ငါးကြိမ် မြောက် သမ္မတ သက်တမ်းအတွက် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ်လို့ မစ္စတာ ဘူတီဖလီကာ က ကြေညာခဲ့လို့ နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။

သမ္မတဟာ ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဖြစ်ပေမယ့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့တာကြောင့် ဆန္ဒပြမှုတွေ ဆက်ဖြစ်နေတုန်းပါ။