တနင်္သာရီတိုင်း လစ်လပ် ဝန်ကြီး ၃ နေရာကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ အစားထိုးခန့်

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင် ဓာတ်ပုံ မူပိုင် Tanintharyi Region
Image caption တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ လစ်လပ်သွားတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး၊ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး နေရာတွေမှာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။

မြိတ်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား ဒေါ်ရီရီချိုကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး၊ ရေဖြူမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား ဦးလှထွေးကို သံယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ တနင်္သာရီမြို့နယ် အမှတ် (၁ ) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား ဦးအောင်သူရ ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး အဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်လိုက်တယ်လို့ မတ်လ ၂၆ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး အဖြစ် တာဝန်ယူရတဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေးက " တာဝန်က ပိုကြီးလေးလာပြီ။ တာဝန်ယူရမှာက လက်ရှိဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဝန်ကြီးရဲ့ နေရာကို တာဝန်ယူရတော့ သူဆောင်ရွက်ဆဲ လုပ်ငန်းတွေကို အဓိက လုပ်သွားမယ်။ ကိစ္စတခုခု ရှိလာပြီဆို နယ်မြေခံ ကိုယ်စားလှယ်၊ ဒေသခံ ကိုယ်စားလှယ်တွေ ပြည်သူတွေနဲ့ပါ ဆွေးနွေးပြီး ညှိနှိုင်း လုပ်ဆောင်မယ်" လို့ ဆိုပါတယ်။

ခန့်အပ်ခံရတဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေဟာ ၃ နှစ် ကြာ လွှတ်တော်အတွင်း တာဝန်ယူ ခဲ့ကြသူတွေ ဖြစ်လို့ အခုတာဝန်ယူရမယ့် လုပ်ငန်းတွေဟာ ရင်းနှီးမှုရှိသူတွေ ဖြစ်သလို ကိုယ်စီ အရည်အချင်း ရှိကြသူတွေ ဖြစ်တာကြောင့် လက်ရှိမှာ ပြည်သူတွေအနေနဲ့ အားမရမှုတွေ ရှိနိုင်ပေမယ့် စောင့်ကြည့်ဖို့ လိုတယ်လို့ ကျွန်းစုမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က ပြောပါတယ်။

" အစိုးရအဖွဲ့ထဲကို ရောက်လာတယ်ဆိုတော့ စီမံခန့်ခွဲနိုင်ရင် အဆင်ပြေမယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက ပညာပြတာကို သေသေချာချာ ကိုင်တွယ်နိုင်မယ်ဆို ပြသနာတွေ မရှိနိုင်ဘူး" လို့ ဒေါက်တာ ထူးနေအောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်း ခရီးစဉ် သွားရောက်ခဲ့စဉ်အတွင်း တနင်္သာရီ တိုင်းဝန်ကြီးချုပ် ၊ တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း တို့ကို ရာထူးမှ ဖယ်ရှားပေးဖို့ ဒေသခံပြည်သူတချို့က တောင်းဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Tin Ko Ko Oo IR
Image caption တနင်္သာရီ တိုင်းဝန်ကြီးချုပ် ၊ တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့ကို ရာထူးမှ ဖယ်ရှားပေးဖို့ ဒေသခံပြည်သူတချို့က တောင်းဆိုခဲ့ကြ

မတ်လ ၁၀ ရက် မှာ မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တနင်္သာရီ တိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ဟာ ဝန်ကြီးချုပ် တယောက်ရဲ့ ရာထူး တာဝန်ကို အလွဲသုံးစားပြုပြီး ငွေကြေး တံစိုးလက်ဆောင် ရယူခဲ့တာကို စစ်ဆေး တွေ့ရှိခဲ့လို့ အမှုဖွင့် ဖမ်းဆီး အရေး ယူထားတယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အလားတူပဲ နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၉ ရက်စွဲနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့ကို သူတို့ရဲ့သဘောဆန္ဒအလျောက် ရာထူးကနုတ်ထွက်ခွင့် ပြုလိုက်တယ် လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒေါက်တာလဲ့လဲ့မော်ကို ရာထူးတာဝန် ကနေ ထုတ်ပယ်ပြီးနောက် လက်ရှိ တိုင်းအစိုးရအဖွဲ့ရဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို ခေတ္တဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် မတ်လ ၂၂ ရက် မှာတော့ တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်မှာ ဦးမြင့်မောင်ကို တိုင်းဝန်ကြီးချုပ် အဖြစ် အတည်ပြု ခန့်အပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption တနင်္သာရီတိုင်း ခရီးစဉ် သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဝန်ကြီးတွေ နုတ်ထွက်ခဲ့ပြီးတဲ့နောက် အစားထိုး ပြန်ခန့်အပ်မယ့်သူတွေဟာ သက်ဆိုင်ရာ ကျွမ်းကျင် နယ်ပယ်က ပညာရှင်တွေကို ခန့်အပ်စေချင်ပေမယ့် တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေကိုသာ ခန့်အပ်ခဲ့တယ်လို့ ဒေသခံ တချို့က ပြောပါတယ်။

ဒီလိုခန့်အပ်တာနဲ့ ပတ်သတ်ပြီး မြိတ်ဒေသခံ ဦးတင်ကိုကိုက "လွှတ်တော်ကိုယ်စားလှယ် တဦးချင်းရဲ့ စွမ်းဆောင်ရည်ပေါ့၊ အစိုးရ၊ ပြည်သူ၊ လွှတ်တော်နဲ့ တရားရေးမဏ္ဍိုင်ကို ဘယ်လိုစေ့စပ် ဆောင်ရွက် နိုင်မလဲ။ ဝန်ကြီး ဆိုတဲ့ တာဝန်က စေ့စပ်ညှိနှိုင်း ဆောင်ရွက်ရတဲ့ အခန်းကဏ္ဍ၊ အာဏာပေးရတာ မဟုတ်ဘူး။ သူတို့ရဲ့ ပါဖောင့်မန့် ကောင်းရင်ကောင်းသလို စွမ်းဆောင်ရည် ထွက်လာဖို့ မျှော်ရမယ်" လို့ ပြောပါတယ်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာမှာ သဘာဝဓာတ်ငွေ့ဖိုး ကျပ်သန်း ၈၀၀၀ ကျော်ကို GGS ကုမ္ပဏီဘက်က ပေးချေဖို့ ပျက်ကွက်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက စိုက်ထုတ်ကျခံခဲ့ရာမှာ နိုင်ငံတော် ဘဏ္ဍာငွေတွေ ထိခိုက်နစ်နာ ဆုံးရှုံးမှုရှိခဲ့ပြီး အဲဒီလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ GGS ကုမ္ပဏီမှ ဦးသိန်းထွေးနဲ့ ဦးအောင်မြတ် တို့ကို အဂတိလိုက်စားမှု ဥပဒေနဲ့ အရေးယူထားပါတယ်။

ရွေးချယ် ခန့်အပ်ခံရတဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် သုံးဦး ကို တိုင်းဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးတဲ့ အခမ်းအနားကို မတ်လ ၂၈ ရက်မှာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မှာ ပြုလုပ်မယ်လို့ ဆိုပါတယ်။