သက်ငယ်မုဒိမ်းမှုကို ထောင်တသက်ထိချမယ့် ဥပဒေ

burma ဓာတ်ပုံ မူပိုင် THET AUNG
Image caption သမ္မတလက်မှတ်ထိုးပြီး အတည်ပြုထုတ်ပြန်

သက်ငယ်မုဒိမ်းမှု ကျုးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တသက်အနေနဲ့ ချမှတ်မယ့် ပြင်ဆင်ချက်ပါ ဥပဒေကြမ်းကို မတ် ၂၆ ရက်မှာ သမ္မတလက်မှတ်ထိုးပြီး အတည်ပြုထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

သမ္မတလက်မှတ်ရေးထိုးပြီး ပြင်ဆင်လိုက်တဲ့ အခုဥပဒေအရ ၁၂ နှစ်အောက်အမျိုးသမီးငယ်တွေ အပေါ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေဟာ သက်ငယ်မုဒိမ်းအဖြစ် အကျုံးဝင်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တစ်သက် ဒါမှမဟုတ် အနှစ် ၂ဝ အထိကျခံရတော့မှာ ဖြစ်ပါတယ်။

အခုပြောင်းလဲလိုက်တဲ့ ဥပဒေကြမ်းအရ ထောင်တသက်ပြစ်ဒဏ်ဆိုတာဟာ တရားခံ သေဆုံးချိန်အထိ ထောင်ဒဏ် ကျခံသွားရမှာဖြစ်တယ်လို့လည်း ဒီဥပဒေကြမ်းကို တင်သွင်းခဲ့တဲ့ အမျိုးသား လွှတ်တော်အမတ် ဦးအောင်သိန်းက ရှင်းပြပါတယ်။

အရင်က ၁၄ နှစ်အောက် အမျိုးသမီးတွေကို ကျူးလွန်တာကို သက်ငယ်မုဒိမ်းမှု သတ်မှတ်ခဲ့ပြီး သက်ငယ်မုဒိမ်းတရားခံတွေကို ထောင် ၇ နှစ်ထိ ချလေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အပယ်ခံ အမျိုးသမီးနဲ့ ကလေးတွေကို စောင့်ရှောက်ပေးနေသူ

ပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းပါ ပြောင်းလဲလိုက်တဲ့ ပြစ်ဒဏ်တွေကို ကြိုဆိုပေမယ့် အားနည်းချက်တွေရှိနေ သေးတယ်လို့လည်း အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ ပြည်ကြီးခင်အဖွဲ့ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ မနွယ်ဇင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Favor_of_God
Image caption လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကြောင့် အမျိုးသမီးငယ်တွေ ဒုက္ခကြုံနေရ

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အပိုဒ်ခွဲ ၂မှာ မိမိရဲ့မယားဖြစ်ပြီး အသက် ၁၂ နှစ်အောက်မငယ်တဲ့ အမျိုးသမီးကို မုဒိမ်းမှုကျုးလွန်ရင် ၂ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ် ဆိုတဲ့အချက်ကို သူက ထောက်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မုဒိမ်းမှု ကျူးလွန်ပြီး လက်ထပ်ခဲ့ရင် ၂ နှစ်ပဲ ကျခံရမှာကို အမျိုးသမီးအဖွဲ့တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန် ထားတဲ့စာရင်းတွေအရ တနှစ်ထက်တနှစ် သက်ငယ် မုဒိမ်းမှုတွေ ပိုမိုတိုးပွားလာတာကိုတွေ့ရသလို ဒီအပေါ်မှာ ကျူးလွန်သူတွေကို သေဒဏ်ချမှတ်ဖို့ တောင်းဆို တာတွေလည်း ရှိနေပါတယ်။

ဒါပေမယ့်လည်း သေဒဏ်ပြစ်ဒဏ်ချမှတ်လိုက်မယ်ဆိုရင် သက်သေဖျောက်ဖျက်တဲ့အနေနဲ့ ကျုးလွန်ခံရသူ အမျိုးသမီးငယ်တွေ အသက်ရှင်ဖို့ အခွင့်အလမ်းနည်းမှာကို စိုးရိမ်တာကြောင့် ထောင်တသက်ပြစ်ဒဏ် ကိုသာ အမြင့်ဆုံးအနေနဲ့ သတ်မှတ်ဖို့ ရေးဆွဲတင်သွင်းခဲ့ရတာဖြစ်တယ်လို့ ဦးအောင်သိန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။