အကယ်ဒမီ ဆုပေးရေး အဖွဲ့သစ်မှာ လူငယ်တွေ နေရာပိုပေးမယ်လို့ ဦးဇင်ဝိုင်း ကပြော

အကယ်ဒမီရွေးချယ်ရေးအဖွဲ့မှာ လူငယ်တွေ ပါဝင်လာနိုင်အောင် ဖိတ်ခေါ်ခဲ့ပေမဲ့ ဇာတ်ကားတွေများပြီး အချိန် ကြာ တာကြောင့် လူငယ်တွေ မပါနိုင်ခဲ့လို့ ဦးဇင်ဝိုင်းပြော
Image caption အကယ်ဒမီရွေးချယ်ရေးအဖွဲ့မှာ လူငယ်တွေ ပါဝင်လာနိုင်အောင် ဖိတ်ခေါ်ခဲ့ပေမဲ့ ဇာတ်ကားတွေများပြီး အချိန် ကြာ တာကြောင့် လူငယ်တွေ မပါနိုင်ခဲ့လို့ ဦးဇင်ဝိုင်းပြော

အကယ်ဒမီ ဆုပေးရေး အဖွဲ့သစ်မှာ လူငယ်တွေနေရာပိုပြီး ပါဝင်လာနိုင်အောင် ပြန်လည် ပြင်ဆင်ဖွဲ့စည်း ဖို့လုပ်နေတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ် ။

၂၀၁၈ အကယ်ဒမီဆုပေးပွဲက ပေးခဲ့တဲ့ ဆုတွေနဲ့ပတ်သက်လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ထွက်လာပြီးနောက် မှာ အခုလို ပြောင်းလဲဖို့ စဉ်းစားတာ ဖြစ်တယ်လို့လည်း သူက ဘီဘီစီ ကိုပြောပါတယ်။

ဒီနှစ် အကယ်ဒမီ ဆုပေးပွဲက ဆုတချို့ဟာ အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့ပြီး ပရိသတ်က ဆုရွေးချယ်ရေး အဖွဲ့ဆုံးဖြတ်ချက်ကို သဘောမကျတာရှိရင် သူ့တာဝန်သာဖြစ်တယ်လို့လည်း ဦးဇင်ဝိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ၂၀၁၂ခုနှစ်က ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးအောက်ခြေအဆင့်ကနေ ဆုရွေးချယ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့တာလို့ သူကပြောပါတယ်။ အခုနှစ် မှာ လူငယ်တွေ ပါဝင်လာနိုင်အောင် ဖိတ်ခေါ်ခဲ့ပေမဲ့ ဇာတ်ကားတွေများပြီး အချိန် ကြာတာကြောင့် လူငယ်တွေ မပါနိုင်တာဖြစ်တယ်လို့လည်း ဦးဇင်ဝိုင်းက ပြောပါတယ်။

Image caption အကယ်ဒမီစာရင်း အွန်လိုင်းမှာ ပေါက်ကြားခဲ့တာအပေါ် အဂတိလိုက်စားမူ တွေရှိနိုင်တယ်လို့ ဝေဖန်ကြပါတယ်

ဒီနှစ် အကယ်ဒမီမှာ ဘယ်လို အငြင်းပွားဖွယ်ရာတွေ တွေ့ရသလဲ

ဒီနှစ် ၂၀၁၈ အကယ်ဒမီ မှာ ပရိသတ်တွေ အားပေးကြတဲ့ ဇာတ်ကားနှစ်ကား ဆုတစ်ခုမှ မချိတ်တာကလည်း ပိုပြီးပွဲဆူစေပါတယ်။ မြန်မာရုပ်ရှင်လောကကို အားမရဖြစ်နေတဲ့ ပရိသတ်တွေက ရုပ်ရှင်လောကမှာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားနှစ်ကား တစ်ဆုမှ မရတဲ့ အပေါ် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် မှာ ပေါက်ကွဲခဲ့ကြပါတယ်။

ပရိသတ် အားပေးတဲ့ ဇာတ်ကားတွေထဲက ဆုမချိတ်တဲ့ကားက နိုင်ငံတကာ ဆုရခဲ့တဲ့ ကားတစ်ကားဖြစ်တဲ့ မုဒြာခေါ်သံ ဇာတ်ကားပါ။ နောက်တစ်ကားကတော့ နိုင်ငံတကာမှာ ရုပ်ရှင်ပညာသင်ပြီးပြန်လာတဲ့ လူငယ် ဒါရိုက်တာ တစ်ယောက်ရိုက်ကူးတဲ့ မီ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလည်း ဆုမချိတ်ခဲ့ပါဖူး။

နှစ်ပေါင်းများစွာ နာမည်ကြီးခဲ့တဲ့ ဆရာမကြည်အေးရဲ့ ဝတ္ထုဖြစ်တဲ့ "မီ" ကို အသက်သွင်းပြခဲ့တာ ဖြစ်သလို ပရိသတ်လည်း အကြိုက် တွေ့ခဲ့ကြပါတယ်။

"ပုံမှန်ကိုရိုးအီနေတဲ့ပရိသတ်အများစုက ခီမောင်နှံကားတွေ၊ မီလိုကားတွေမရတော့ တော်တော်စိတ်ကုန်သွားကြတာ။ ဘုတ်အဖွဲ့ကတော်တော်လေး စနစ်တကျလုပ်တယ်ဆိုပေမယ့် ပုံမှန်ကဖောက်ထွက်တာတွေ မပါတော့ တော်တော်လေး အထင်သေးကုန်ကြတယ်။ " လို့ ရန်ကုန်မြို့က ရုပ်ရှင်ကြည့်ပရိသတ်တစ်ယောက်က ပြောပါတယ်။

မြန်မာနိုင် ငံရုပ်ရှင်အစည်း ရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကတော့ "ဒီမိုကရေစီသဘောအရ မဲအများဆုံးလူက ဆုရသွားတာဖြစ်ပြီး ဒီအပေါ်မှာ အဂတိတရားရှိသလား ဆိုတာကတော့ ပြန်သုံးသပ် ရဦးမှာပါ "လို့ဘီဘီစီကို ပြောပါတယ် ။

ပုံစံခွက်ထဲကဘာလို့ကွဲမထွက်တာ လဲ

Image caption တစ်သက်တာရုပ်ရုင်ထူးချွန်ဆု ကို ဒေါ်မြင့်မြင်ခင် ကို ချီးမြုင့်ခဲ့ပါတယ်

အကယ်ဒမီဆုရှင်လွင်မိုးကတော့ အခုနှစ်အကယ်ဒမီ ဆုပေးပွဲနဲ့ ပတ်သက်ပြီး "တစ်ခွန်းတည်းပြောမယ် ရှက်ဖွယ် "လို့ သူရဲ့ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးပါတယ်။

ဆုရသွားတဲ့ ဇာတ်ကားတွေကိုကြည့်ရင် အရင်အကယ်ဒမီဆုပေးပွဲပုံစံတွေနဲ့ ကွဲထွက်တယ်လို့ ပြောဖို့ရာ ခက်ပါတယ်။

အထူးသဖြင့် မင်းသား၊မင်းသမီး အကယ်ဒမီ ဆုရဇာတ်ကောင်တွေ ဟာ "အငို" "အရယ်" "အလှုပ်" သရုပ်ဆောင်ချက်တွေ ဖြစ် ပါတယ်။

ဒါပေမဲ့ ဆုရွေးချယ်ရေးအဖွဲ့ ဆုပေးတဲ့ပုစံတွေ၊ အမှတ်ပေးပုံစံတွေဟာ အရင်ခေတ်တွေလိုမဟုတ်ဘဲ ပြောင်းလဲပြီးပေးခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြောပါတယ်။

အရင်က အကယ်ဒမီဘုတ်အဖွဲ့ဆိုတာ က အာဏာပိုင်တွေဖွဲ့တာ အဲဒီဘုတ်အဖွဲ့ကပဲ ကြည့်ပါတယ်။ ပြီးတော့ အထက်တင်ပါတယ်။ အထက်က ဆုံးဖြတ်ပါတယ်။ အဲဒီတော့ မြန်မာရုပ်ရှင်ထူးချွန်ဆုဆိုတာ နိုင်ငံရေးဆုလိုလို ဆုပေးဒဏ်ပေး ဆုလိုလို ဖြစ်ခဲ့ရတယ်။ ၂၀၁၂ မြန်မာရုပ်ရှင်အစည်းအရုံး ပေါ်လာတဲ့အချိန်မှာတော့ ရုပ်ရှင်လောကသားတွေကပဲ ပေးနိုင်အောင် လုပ်ခဲ့ကြတာပါလို့ ဦးဇင်ဝိုင်းက ပြောပါတယ်။

အခုနှစ် မှာ လူငယ်တွေ ပါဝင်လာနိုင်အောင် ဖိတ်ခေါ်ခဲ့ပေမဲ့ ဇာတ်ကားတွေများပြီး အချိန် ကြာတာကြောင့် လူငယ်တွေ မပါနိုင်တာကိုလည်းသူက ဝန်ခံသွားခဲ့ပါတယ်၊

အဂတိ တွေရှိ သလား

၂၀၁၈ ခုနှစ်အတွက် ဇာတ်ကား ၈၃ ကားရှိပြီး မုန်းစွဲ ဇာတ်ကားနဲ့ ပရိသတ်ထင်ကြေးပေးခံခဲ့ရတဲ့ အေးဝတ်ရည်သောင်း၊ လူပြောများတဲ့ မီ ဇာတ်ကားနဲ့ ပိုင်ဖြိုးသု၊ မုဒြာခေါ်သံ ၊ ဥပါယ်တံမျှင် ဇာတ်ကားနဲ့ သရုပ်ဆောင် ဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီ၊ မုန်းစွဲကားနဲ့ သရုပ်ဆောင် နေတိုးတို့ မရရှိခဲ့တဲ့အပေါ် ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

အကယ်ဒမီပေးပွဲမတိုင်ခင် လူမှုကွန်ရက် ပေါ်မှာ ဆု ၁၁ ဆု စာရင်း ပေါ်ထွက်လာခဲ့ပြီး အကယ်ဒမီပေးပွဲ ဆုကြေညာပြီးချိန်မှာ တူညီနေခဲ့ပါတယ်။ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဓာတ်ပုံဆု၊ ဇာတ်ညွှန်း၊ နောက်ခံတေးဂီတ၊ တည်းဖြတ်၊ အသံ၊ ဇာတ်ပို့ဆု (ကျား/မ) ၊ ဇာတ်ဆောင်ဆု (ကျား/မ) တို့ စာရင်းပေါ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဂတိ လိုက်စားမူတွေ မဖြစ်နိုင်အောင် စည်းမျဉ်းစည်းကမ်တွေနဲ့ ထိန်းထားပြီး အပြန်အလှန်ထိန်းကျောင်းနိုင်တဲ့စနစ် ထည့်ထားတယ်လို့လည်း သူက ပြောပါ တယ်။

ပရိသတ်တချို့က အကယ်ဒမီစာရင်း အွန်လိုင်းမှာ ပေါက်ကြားတာအပေါ် အဂတိလိုက်စားမှုတွေ ရှိနိုင်တယ်လို့ ဝေဖန်ကြပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်အရုံးကတော့ အခုနှစ် ရုပ်ရှင်ထူးချွန်ဆုတွေဟာ မမျှတဘူးလို့ ပြောလို့ရနိုင်ပေမဲ့ မျှတမူရှိအောင် ကြိုးစားတာကို သိစေချင်တယ်လို့လည်း ဦးဇင်ဝိုင်းက ပြောပါတယ်။

"ဆုရွေးချယ်ရေး အဖွဲ့မှာ အဲဒီ့ နိုင်ငံတကာဆုရကားတွေကို ဆုပေးတဲ့သူရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က လူ ၄၅ ယောက်ပေးတဲ့ အမှတ်စာရင်းအတိုင်း ပေးတာပါ" လို့လည်း ဦးဇင်ဝိုင်းက ပြောပါတယ်။

ဘာကြောင့်အခုလို ဖြစ်ခဲ့တာလဲ

အကယ်ဒမီ ဆုပေးရေးအဖွဲ့က ၂၀၁၈ အကယ်ဒမီ ဆု ပေးပွဲကို လာမဲ့ဧပြီလမှာ ပြန်လည် သုံးသပ်ဖို့လုပ်နေတယ်လို့လည်း ရုပ်ရှင်အစည်းအရုံးဆီက သိရပါတယ်။

အကယ်ဒမီ စည်းကမ်းတွေကို ပြင်ဆင်နိုင်ဖို့လည်း ကြိုးစားမှာပါ။ အဲဒီအစည်းဝေးကျရင် အကယ်ဒမီဆုပေးရေးအဖွဲ့သစ်မှာ လူငယ်တွေနေရာပိုပေးဖို့ တင်ပေးမယ်လို့ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

"လူငယ်ဆိုတာ ကတော့ ၂၅ နဲ့ ၃၅ ကြားပေါ့၊ သူတို့ ပါဝင်နိုင်အောင် သူတို့သဘောထားတွေ ပါဝင်နိုင်အောင် ကျွန်တော်လုပ်နေပါတယ်လို့ ဆုပေးရေး အဖွဲ့သစ်မှာ လူငယ် တွေနေရာပိုပေးဖို့ တင်ပြပါမယ် "လို့ ဥက္ကဋ္ဌဦးဇင်ဝိုင်း က ပြောပါတယ်။

ဒါပေမဲ့ အဲ့ဒီအစည်းဝေးမှာ အတည်ဖြစ်ခဲ့ရင်တောင် ၂၀၁၉ အကယ်ဒမီ ဆုပေးပွဲမှာ စနိုင် မှာ မဟုတ်ပါဘူး။ ၂၀၂၀ လောက်မှ စနိုင်မယ်လို့လည်း ဦးဇင်ဝိုင်းက ပြောတဲ့အတွက် ၂၀၂၀ လောက်မှ အကယ်ဒမီဆုပေးရေး အဖွဲ့သစ်မှာ လူငယ်တွေ ပါလာတာကို တွေ့ရဖို့ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ