ဗိုလ်မှူးကြီးဗထူး ကျောက်တိုင် လမ်းဧရိယာ မလွတ်လို့ နေရာပြောင်း

ဓာတ်ပုံ မူပိုင် ကမ္ဘောဇတိုင်း
Image caption အပေါ်ပိုင်းဖြိုလိုက်တော့ အရင် ကနဦး တည်ဆောက်ထားတဲ့ လေးမျက်နှာ ကျောက်တိုင်နဲ့ မော်ကွန်းစာသားတွေ ပေါ်လာပါတယ်၊

ကလောမြို့နယ် အောင်ပန်းမြို့မှာ လမ်းတိုးချဲ့ဖောက်တာ လမ်းဧရိယာနဲ့မလွတ်လို့ ဗိုလ်မှူးကြီးဗထူး အမှတ်တရ ကျောက်တိုင်ကို မတ်လ၂၈ရက်နေ့က ဖြိုချပြီးနေရာ ပြောင်းရာမှာ မြို့ခံတွေ ထင်ထားကြတဲ့ ကျောက်တိုင် အောက်မှာအုတ်ဂူရှိမယ်ဆိုတဲ့ ယူဆချက် မမှန်ဘူးဖြစ်သွားပါတယ်။

ဒီကျောက်တိုင်ဟာ ပြီးခဲ့တဲ့နှစ် ၇၀ ခန့် (၁၉၄၅ ခုနှစ်)ကတည်ထားခဲ့တဲ့ ကျောက်တိုင်ဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာတော့ ဒေသအာဏာပိုင်တစ်ဦးက ပြန်ပြီးဆောက်လုပ်တယ်လို့လည်းဒေသခံ ကမ္ဘောဇတိုင်း သတင်းစာ ကရေးပါတယ်။

ကျောက်တိုင်ကို ဖျက်ပြီးပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီးတော့ ဒီလိုပြောင်းရွှေ့မှုနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ် ဦသန်းထိုက် က "ကျောက်တိုင် အကောင်းအတိုင်းပြောင်းမရဘူး။ နည်းပညာအရလည်း မဖြစ်နိုင်တော့ ဖျက်ပြီးပြောင်းတာပါ"လို့ ဘီဘီစီ ကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် ကမ္ဘောဇတိုင်း
Image caption ဝန်ကြီးချုပ် ဦးနု တောင်ကြီးခရီးစဉ် လာရောက်စဉ်ကလည်း လာရောက် ဂါရဝပြုတာကိုမျက်မြင်တွေ့ဖူးသူ ဒေသခံတွေရှိပါတယ်။

အဲ့ဒီအထိမ်းအမှတ်ကျောက်တိုင် နဲ့ နာရီစင်ကို လမ်းဧရိယာ တစ်ဖက် ပေ ၄၀ စီ တိုးချဲ့ရာမှာ မလွတ်လို့ ပြောင်းရွှေ့ရတာ ဖြစ်ပြီးမင်္ဂလာ ရပ်ကွက်က ဗထူးပန်းခြံထဲကို ပြောင်းရွှေ့မှာဖြစ်တယ်လို့လည်း သူကရှင်းပြပါတယ်။

ကျောက်တိုင် မူလကမ္ဗည်းကျောက်စာမှာတော့" ဗမာ နိုင်ငံတော်၊ ရှမ်းပြည်တောင်ပိုင်း ဖက်ဆစ်ဂျပန် တော်လှန်တိုက်ခိုက်ရေးတွင် ဦးစီးခဲ့၍ ၁၃၀၇ ခုနှစ်၊ နယုန်လဆုတ် (၈) ရက်၊ ည ၈ နာရီ ၁၀ မိနစ် အချိန် တယ်လူးစခန်းတွင် ကျဆုံးရှာသော ဗိုလ်မှူးကြီး ကာနယ် ဗိုလ်ဗထူးနှင့် အထက်ဗမာပြည် တိုက်ပွဲများတွင် ကျဆုံးသော သူရဲကောင်း ရဲဘော် နှစ်ဆယ့်ခြောက်ယောက်" လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

မြို့လူထုက အောက်ဆုံးမှာ အုတ်ဂူနဲ့အထိမ်းအမှတ် တစ်ခုခုတွေ့ဖို့ မှန်းဆထားပေမယ့် မတွေ့ရပါဘူး။

"ကျောက်တိုင်အောက်မှာ ဘာမှ မတွေ့ရဘူး။ ကျောက်တိုင်အောက်မှာ အုတ်ဂူ၊ အရိုးအိုးတွေ့ရင် နဂိုမူလအတိုင်း ဖြစ်အောင် စနစ်တကျ ပြန်လုပ်ဖို့ လည်း စီစဉ်ထားတယ် "လို့ လည်း လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်က ဘီဘီစီ ကိုပြောပါတယ်။