ဂျပန် မြေမှာ ပြိုင်ဘက်ကို ထပ်မံ အနိုင်ယူလိုက်တဲ့ မြန်မာ့ စပါးအုံး အောင်လ

ဓာတ်ပုံ မူပိုင် one championship
Image caption ဂျပန် နိုင်ငံသား ခန် ဟစဲ့ဂါဝါ ကို ဒုတိယ အချီ ပြီးဆုံးဖို့ ၂၃ စက္ကန့် အလိုမှာ အလဲထိုး အနိုင်ရယူ

မြန်မာ့ စပါးအုံး လို့ လူသိများတဲ့ ကချင် တိုင်းရင်းသား အောင်လ အောင်လ အန်ဆန်း တစ်ယောက် ဂျပန် နိုင်ငံ တကျို မြို့မှာ ထိုးသတ်တဲ့ One Championship ကိုယ်ခံပညာ ပေါင်းစုံ အသတ်အပုတ် ပြိုင်ပွဲမှာလည်း ချန်ပီယံ ဘွဲ့ ကို ကာကွယ် နိုင်ခဲ့ပါတယ်။

အောင်လ ဟာ မစ်ဒယ်ဝိတ်တန်း သရဖူ ကာကွယ်ပွဲ အဖြစ် စိန်ခေါ်သူ ဂျပန် နိုင်ငံသား ခန် ဟစဲ့ဂါဝါ ကို ဒုတိယ အချီ ပြီးဆုံးဖို့ ၂၃ စက္ကန့် အလိုမှာ အလဲထိုး အနိုင်ရယူ ခဲ့တာပါ။

ဂျပန်မှာ ကျင်းပ တဲ့ ပွဲ ကို မြန်မာ အတော်များများလည်း သွားရောက် အားပေး ကြည့်ရှု ခဲ့ပါတယ်။ ပြိုင်ပွဲစီစဉ်တဲ့ One Championship က မြန်မာ သတင်း သမား တွေကို ခေါ်ယူသွားခဲ့တာကြောင့် အောင်လ ရဲ့ နိုင်ပွဲ သတင်း ဟာ ပွဲပြီးပြီးချင်း စက္ကန့်ပိုင်းအတွင်းမှာ မြန်မာ့မြေ ကို လျင်လျင်မြန်မြန်နဲ့ပဲ ရောက်ရှိ ခဲ့ပါတယ်။

နိုင်ငံရပ်ခြား တိုင်းပြည်မှာ အနိုင် ရရှိအောင် စွမ်းဆောင် ပေးခဲ့တဲ့ အောင်လ ကို ကျေးဇူး တင်ကြောင်း ဒီပြိုင်ပွဲ ကို ကိုယ်တိုင် သွားရောက် ကြည့်ရှု ခဲ့တဲ့ ကချင် အမျိုးသမီး မရစ်ဆိုင်းဘူ က ဘီဘီစီ ကို ပြောပါတယ်။

အောင်လ ရဲ့ ပွဲသိမ်း လက်သီးချက်ကြောင့် ပြိုင်ဘက်လဲ ကျ သွားတဲ့ အချိန်မှာ ဝမ်းသာတဲ့ စိတ်ကြောင့် အသားကုန် အော်ဟစ် အားပေးမိတယ်လို့ သူက ဆိုပါတယ်။

ဒီပြိုင်ပွဲ ကို ပြည်ပရောက် ကချင်တိုင်းရင်းသားတွေ အပြင်၊ မြစ်ကြီးနား နဲ့ ရန်ကုန် ဘက်က ပရိသတ် အတော်များများ သွားရောက် ကြည့်ရှု အားပေးခဲ့ပါတယ်။ အထူးခြားဆုံး ကတော့ တရုတ် နိုင်ငံဘက် ခြမ်းမှာ နေထိုင်တဲ့ ကချင် တိုင်းရင်း သားများလည်း လာရောက် ကြည့်ရှု အားပေး ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Marip Seng Bu
Image caption ဂျပန်နိုင်ငံ အထိ သွားရောက် အားပေးခဲ့တဲ့ ပရိသတ်တွေ

အောင်လ ရဲ့ ယှဉ်ပြိုင် ထိုးသတ်မှု

ဂျပန် နိုင်ငံသား အသက် ၃၁ နှစ် အရွယ် ခန် ဟစဲ့ဂါဝါ နဲ့ မြန်မာ့ စပါးအုံး အောင်လ တို့ဟာ ဒုတိယ အကြိမ်မြောက် ယှဉ်ပြိုင် ထိုးသတ်တာပါ။ မြန်မာ့ မြေမှာကျင်းပတဲ့ ပထမ အကြိမ် စိန်ခေါ်ပွဲမှာ တုန်း ကလည်း အောင်လ က ပွဲသိမ်း လက်သီးချက် နဲ့ပဲ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

One Championship မစ်ဒယ် ဝိတ်တန်း ရဲ့ ရွှေခါးပတ်အတွက် ဂျပန် နိုင်ငံသား က ထပ်မံ စိန်ခေါ်ခဲ့တာ ဖြစ်ပြီး ဂျပန် နိုင်ငံ တိုကျိုမြို့မှာ ကျင်းပ ခဲ့တာပါ။ ဂျပန် မြေက ပွဲမှာလည်း အောင်လ အနေနဲ့ ပထမအချီ စစချင်းမှာပဲ ပြိုင်ဘက် ကို ထောက်လက်သီးတွေ၊ ခြေကန်ချက်တွေ နဲ့ အသာစီး ထိုးသတ် နိုင်ခဲ့ပါတယ်။

ဟစဲ့ဂါဝါ ဟာ အောင်လ ရဲ့ ထိုးသတ်ချက်တွေကို အပြန်အလှန် ထိုးသတ် ခြင်း မလုပ်ဘဲ နဲ့ တန်ပြန် ထောက်ကွက် ထိုးချက် တွေ နဲ့သာ ယှဉ်ပြိုင် နေခဲ့ပါတယ်။ ဒါပေမယ့် အောင်လ ရဲ့ ခြေကန် ချက်တွေကိုတော့ ရှောင်လွှဲ နိုင်ခဲ့ခြင်း မရှိဘဲ ရင်ဘတ် မှာ သွေးထွက်တဲ့ အထိကို အနာခံ ထိုးသတ် ခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် One Championship
Image caption အောင်လ အနေနဲ့ ပထမဆုံး အကြိမ် နိုင်ငံရပ်ခြား အဝေးကွင်းမှာ သွားရောက် ထိုးသတ် ရတာ ဖြစ်

ပထမ အချီ ငါးမိနစ် ထိုးသတ်ပြီးတဲ့ အချိန် အထိ တစ်ယောက် နဲ့ တစ်ယောက် ပွဲသိမ်း တဲ့အထိ အနိုင် ရအောင် ထိုးသတ် နိုင်ခဲ့ခြင်း မရှိသလို၊ ချုပ်ကွက် တွေ နဲ့ ပွဲသိမ်း တာမျိုးလည်း မရှိပါဘူး။ ဒုတိယ အချီ ပြန်စ တဲ့ အခါမှာတော့ အောင်လ ဟာ သူ့ရဲ့ နာမည်ကျော် လူသိများ တဲ့ ပွဲသိမ်း ချုပ်ကွက် မသုံးဘဲ ခြေကန် ချက်တွေကို သာ ဆက်တိုက် အသုံးပြုခဲ့တာပါ။

ခန် ဟစဲ့ဂါဝါ ဟာ ဒုတိယ အချီ စပြီး သိပ်မကြာခင်မှာ အောင်လ ကို နောက်ကနေ ချုပ်ကိုင်ပြီး ဆွဲလှဲဟာ အနိုင်ရရှိဖို့ ကြိုးစားပေမယ့် အောင်လ က အသာအယာပဲ ပြန်လည် ဖြည်သွားနိုင်ခဲ့ပါတယ်။

ဒုတိယ အချီ ငါး မိနစ် ပြည့်ဖို့ ၂၃ စက္ကန့်လောက် အလိုမှာတော့ အောင်လ ရဲ့ ညာ လက်သီး က ခန် ဟစဲ့ဂါဝါ ရဲ့ မျက်နှာကို အသေအချာ ထိမိသွားတာကြောင့် ကြမ်းပြင်ပေါ် လဲကျသွားခဲ့ရာမှာတော့ ပွဲသိမ်း လက်သီးချက် တွေ ဆက်တိုက် ထိုးပြီး ချန်ပီယံ သရဖူ ကာကွယ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးအမှာတော့ အောင်လက သူ့ အနေနဲ့ ပြိုင်ဘက် ကို အလဲထိုး နိုင်ဖို့ အတွက် သူ့ရဲ့ လက်တွေကို သံမဏိလို မာကျောအောင် လပေါင်းများစွာ လေ့ကျင့် ထားခဲ့တာလို့ ပြောပါတယ်။ ဂျပန် လူမျိုးပြိုင်ဘက် ခန် ဟစဲ့ဂါဝါ အနေနဲ့ အောင်လ ရဲ့ လက်သီးချက် နဲ့ပဲ ဂျပန် မြေမှာ ဒုတိယ အကြိမ်မြောက် ထပ်မံ အရှုံးပေးခဲ့ရပြန်ပါတယ်။

အောင်လ အနေနဲ့ ပထမဆုံး အကြိမ် နိုင်ငံရပ်ခြား အဝေးကွင်းမှာ သွားရောက် ထိုးသတ် ရတာ ဖြစ်ပေမယ့် သတ်ကွင်း မရွေးဘူး ဆိုတာ ကို ပြသနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် One Championship
Image caption ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ သဘောတူ

အောင်လ အတွက် နောက်ထပ် စိန်ခေါ်ပွဲ

မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ခါးပတ်ကာကွယ်ပွဲကိုလည်း ထိုးသတ်ဖို့ ရှိပါတယ်။

အိမ်ရှင် ဂျပန်နိုင်ငံသား ခန်ဟစဲ့ဂါဝါကို ဒုတိယအချီမှာ အလဲထိုး ဒိုင်ပွဲရပ် အနိုင်ယူခဲ့တဲ့ အောင်လဟာ ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်ဖို့ သဘောတူခဲ့ပါတယ်။ ပွဲအပြီး စင်ပေါ်မှာ အောင်လရဲ့ အောင်ပွဲကို ဂုဏ်ပြုရင်း ဖိလစ်ပိုင်ဖွား အမေရိကန်နိုင်ငံသား ဗီရာက ထိုးသတ်ဖို့ ကမ်းလှမ်းခဲ့မှုကို အောင်လက လက်ခံခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး ပြောစကားတွေအရ အောင်လနဲ့ ဗီရာတို့ဟာ ဂျပန်နိုင်ငံ၊ တိုကျိုမှာပဲ လိုက်ဟဲဗီးဝိတ်တန်းပွဲကို ထိုးသတ်မှာဖြစ်တယ်လို့ One Championship CEO ကလည်း အတည်ပြုခဲ့ပါတယ်။ အဲ့ဒီပွဲကိုတော့ အောက်တိုဘာ ၁၂ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာဟာ အရပ် ၆ပေ ၃လက်မရှိပြီး MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူ ဖြစ်ပါတယ်။ UFC မှာ ထိုးသတ်ခဲ့ဖူးတဲ့ ဗီရာဟာ ၂၀၁၄ခုနှစ်က One Championship နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၅ခုနှစ်မှာ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဆိုတော့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်းနဲ့ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာတို့ရဲ့ ပွဲကတော့ ပရိသတ်တွေ စိတ်ဝင်စားမှာ သေချာပါတယ်။

One Championship ပြိုင်ပွဲ ပွဲစဉ်တွေဟာ ဘယ်နိုင်ငံမှာ ကျင်းပ မယ် ဆိုတာ ကို ကနဦး ကတည်း က စီစဉ် ထားပြီးသား ဖြစ်တာကြောင့် ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာ နဲ့ အောင်လ တို့ရဲ့ ပွဲ ကို မြန်မာ နိုင်ငံမှာ ကျင်းပ နိုင်မှာ မဟုတ်ဘဲ၊ ဂျပန် နိုင်ငံ တိုကျို မြို့မှာပဲ လာမယ့် အောက်တိုဘာလ ထဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပြည်ပမှာ ချန်ပီယံဆုကာကွယ်ဖို့ အောင်လ ဘာတွေပြင်ထားသလဲ