အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ၃ နှစ် ပြည့် အပါအဝင် မနက်ခင်း သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Nyein Chan Naing / AFP / Getty Images
Image caption မတ်လ ၃၀ ရက် ၂၀၁၆ က မြင်တွေ့ခဲ့ရတဲ့ နေပြည်တော်က အာဏာလွှဲပြောင်းပေးတဲ့ အခမ်းအနား

ပြောင်းလဲချိန်တန်ပြီး ကြွေးကြော်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းသုံးနှစ်ပြည့်

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက 'ပြောင်းလဲချိန်တန်ပြီ' ဆိုပြီး ကြွေးကြော်မဲဆွယ်ပြီး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ရဲ့ အစိုးရသက်တမ်းဟာ ဧပြီလ မှာ ၃ နှစ် ပြည့်ပါပြီ။

လက်ရှိမှာတော့ NLD အစိုးရအနေနဲ့ အခက်အခဲ အကျပ်အတည်းတွေနဲ့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ရုန်းကန်နေရဆဲပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

အစိုးရအနေနဲ့ အာဏာရပြီးနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးစားပေးလုပ်ခဲ့ပါတယ်။ သုံးနှစ်အတွင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ လက်ရှိမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကိုလည်း NLD ဆောင်ရွက်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးက NLD ရဲ့အရေးကြီးဆုံးရွေးကောက်ပွဲ ကတိတွေထဲကတစ်ခု လည်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့ပေမယ့် သုံးနှစ်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေ အမျိုးသားသဘောတူညီချက် ၅၁ ချက်သာရရှိခဲ့ပါတယ်။

အဲဒီလိုငြိမ်းချမ်းရေးဖြစ်စဉ်ကိုသာ အားသွန်ခွန်စိုက်ကြိုးပမ်းနေတာ၊ နိုင်ငံစီးပွားရေးတိုးတက်ဖို့အပိုင်းလုပ် ဆောင်ရာမှာ အားနည်းတာကြောင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေက နှေးကွေးလာတဲ့အပြင် စီးပွားရေးလည်း ထင်သလောက် ခရီးမရောက်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်က အကျပ်အတည်း ကလည်း NLD အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီအကျပ်အတည်း ကြောင့် နိုင်ငံစီးပွားရေးကိုလည်း ကြီးမားတဲ့ ရိုတ်ခတ်မှုတွေဖြစ်ပေါ်စေခဲ့ကာ အနောက်နိုင်ငံ တွေရဲ့ ရင်းနှီးမြှပ်နှံမှုတွေလည်း ထိခိုက်ခဲ့ရတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သူရဦးရွှေမန်းပြောတဲ့ UBP ပါတီ၊ ပြည်ခိုင်ဖြိုး နဲ့ ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ မူပိုင် Susanne Kempel
Image caption စည်ပင်ရွေးကောက်ပွဲမဲပေးရန် မဲဆန္ဒရှင်စာရင်းကြည့်ရှု့နေသူများ

စည်ပင်ရွေးကောက်ပွဲရလဒ် ဒီနေ့ကြေညာ

မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ရွေးကောက်ပွဲရလဒ်တွေကို ဧပြီ ၁ ရက်နေ့ ဒီနေ့မှာ ကြေညာမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားရာမှာ အခု ဆိုရင် မြို့နယ် အဆင့် ရလဒ်တွေ စတင် ကြေညာနေပြီးတော့ မြို့တော်ကော်မတီဝင် ရွေးချယ်ခံရသူတွေ စာရင်းကိုတော့ ဆက်လက် ကြေညာဖို့ ရှိပါတယ်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို စည်ပင်သာယာနယ်နိမိတ် ၃၃ မြိုနယ်အတွင်းကျင်းပခဲ့ရာမှာ အဆင်ပြေချောမွေ့ခဲ့ပေမယ့် မဲလာထည့်သူဦးရေ နည်းလွန်းတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ အဲဒီရွေးကောက်ပွဲရလဒ်တွေကို စည်ပင်ရွေးကောက်ပွဲကော်မရှင် ဒီကနေ့အထိဆက်လက်ရေတွက်နေဆဲပါ။

အဲဒီလိုဆက်လက်ရေတွက်ရရှိတဲ့ မဲရလဒ်တွေကို ဒီနေ့ မနက်ကနေ ည ၁၀ နာရီ အထိ ဆက်တိုက်ထုတ်ပြန် ပေးမယ်လို့ ကော်မရှင်က ကြေငြာထားပါတယ်။

မနေ့ကလုပ်တဲ့ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိနေတယ်လို့ စောင့်ကြည့်လေ့လာရေအဖွဲ့တွေက သုံးသပ်ကြပါတယ်။

ဒုတိယမြို့တော်ဝန်နေရာအထိရနိုင်တဲ့ မြို့တော်စည်ပင်ကော်မတီဝင်နေရာအတွက် အလှမယ် ထက်ထက်ထွန်း၊ လူငယ်တဦးဖြစ်ပြီး မဲဆန္ဒရှင်တွေအကြား ရေပန်းစားတဲ့ ကိုအောင်ခန့်တို့လည်း ဝင်ရောက်ရွေးချယ်ခံထားပါတယ်။ ရလဒ်တွေကွဲကွဲပြားပြားသိဖို့ကိုတော့ ဆက်လက်စောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။

မြောင်းမြတံတားအသစ် ဖွင့်လှစ်

ဧရာဝတီတိုင်း ရွေးမြစ်ပေါ်မှာဖြတ်သန်းဆောက်လုပ်ထားတဲ့ မြောင်းမြတံတားကျိုးတာ ၁နှစ်ပြည့်တဲ့နေ့မှာ ကျိုးသွားတဲ့တံတားဘေး တစ်ဖက်မှာ တံတားသစ် ၁ ခု ကို ဆောက်လုပ်ဖွင့်လှစ်လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် ဒေါက်တာစိုးမိုးသူဖေ့ဘွတ်
Image caption မြောင်းမြတံတားသစ်ကိုတွေ့ရစဉ်

မြောင်းမြတံတားက မြောင်းမြနေပြည်သူတွေအတွက် အဲဒီတံတားကတဆင့် ပုသိမ်နဲ့ ရန်ကုန်ကနေ ကုန်စည်နဲ့ ကူးသန်းသွားလာရေးအတွက် အသက်သွေးကြောတခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

တံတားကျိုးပြီးတဲ့နောက်ဒေသခံတွေအတွက် ကုန်စည်ဈေးနှုန်းတွေအရင်ထက် ကျပ် ၅၀၀ ကနေ ၁,၀၀၀ အထိ မြှင့်တက်ခဲ့ပါတယ်။ အခုတော့ တံတားကိုပြန်လည်အသုံးပြုနိုင်ပြီဖြစ်လို့ ကုန်စည်ဈေးနှုန်းတွေ မူလအတိုင်း ပြန်ရောက်မှာ ဖြစ်သလို အန္တရာယ်ကင်းစွာ သွားလာနိုင်တော့မယ်လို့ ဒေသခံတွေကဆိုပါတယ်။

တံတားကျိုးနေတဲ့အချိန်ကတော့ ရွေးမြစ်ကိုဖြတ်သန်းဖို့ ဇက်ကတို့ကို စောင့်ဆိုင်းရတာနဲ့ အဲဒီထက်မကအချိန်ကုန်တာရယ် ငွေကုန်ကြေးကျများတာတွေရှိခဲ့ကြပါတယ်။

ရှရှားလေကြောင်းလိုင်းပိုင်ရှင်လေယာဉ်ပျက်ကျသေဆုံး

ရှရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးလေကြောင်းလိုင်းတခုရဲ့ပူးတွဲတည်ထောင်သူ ပိုင်ရှင်က ဂျာမနီနိုင်ငံမှာ ကိုယ်ပိုင်လေယာဉ်ပျက်ကျရာမှာ သေဆုံးခဲ့ပါတယ်။

ရှရားသူဌေးအမျိုးသမီး လည်းဖြစ်၊ ဆာဘီးယားလေကြောင်းလိုင်းအပြင် S7 ရဲ့ရှယ်ရာအများစုပိုင်ရှင် တစ်ဦးလည်းဖြစ်တဲ့ နာတာလီ ဖီလီဖာက သူ့ကိုယ်ပိုင်လေယာဉ်နဲ့ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့အနီး၊ အဲလ်ဂယ်စ်ဘက် လေယာဉ်ကွင်းကိုဆင်းသက်စဉ် ပျက်ကျလို့ သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပျက်ကျခဲ့တဲ့လေယာဉ်အပိုင်းအစ

ဖော့စ်မဂ္ဂဇင်းရဲ့အဆိုအရ အသက် ၅၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ မစ္စ ဖီလာဖာက ဒေါ်လာသန်း ၆၀၀ အထိချမ်းသာကြွယ်ဝသူဖြစ်ပါတယ်။

အဲဒီကိုယ်ပိုင်လေယာဉ်ပေါ်မှာပါတဲ့ အခြားခရီးသည်နဲ့ လေယာဉ်မှူးလည်း သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်ကပြောပါတယ်။

လေယာဉ်ပျံသန်းမှုစောင့်ကြည့်တဲ့ Flightradar24 ရဲ့ပြောဆိုချက်အရ အဲဒီကိုယ်ပိုင်ဂျက်လေယာဉ်က ပြင်သစ်နိုင်ငံ၊ ကန်းမြို့ကစတင်ပျံတက်လာအပြီး ဒေသစံတော်ချိန်ညနေ ၃နာရီ ၂၂မိနစ်မှာ ရေဒါအချက်ပြမှု ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် နီပေါမှာ အနည်းဆုံးလူ ၂၅ ဦးသေဆုံး

နီပေါနိုင်ငံ တောင်ပိုင်းမှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ မိုးသက်မုန်တိုင်းကြောင့်သေဆုံးသူ အနည်းဆုံး ၂၅ ဦးအထိရှိပြီး၊ လူရာချီ ဒဏ်ရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မုန်တိုင်းဟာ ဘာရာခရိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ အိမ်တွေပျက်စီးခဲ့ပြီး သစ်ပင်တွေတောင် အမြစ် ကနေ ကျွတ်ထွက်ခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးတွေဆက်လုပ်နေပါပြီ၊ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီကတော့ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းစကားကို တွစ်တာကနေ တဆင့်ပြောထားပါတယ်။

ဒါ့အပြင် ကူညီကယ်ဆယ်ရေးတွေအတွက် လိုအပ်တဲ့အခါ သုံးနိုင်ဖို့ ရဟတ်ယာဉ်တွေကိုလည်း အသင့်ပြင်ထားတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

နီပေါနိုင်ငံမှာ အခုလိုကာလအတွင်း လူသေဆုံးမှုများတဲ့မုန်တိုင်းတိုက်ခတ်တာမျိုးဟာ ဖြစ်ခဲတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ