မိုးကုတ်မှာ သက်တမ်းကုန်ကျောက်မျက်ကုမ္ပဏီနဲ့ ဒေသခံတွေအကြား အချင်းများလို့ ကုမ္ပဏီ မီးရှို့ခံရ

ကုမ္ပဏီလုပ်ကွက်အတွင်းမီးလောင်ကျွမ်းနေစဉ် ဓာတ်ပုံ မူပိုင် မင်းမာန်
Image caption ကုမ္ပဏီလုပ်ကွက်အတွင်းမီးလောင်ကျွမ်းနေစဉ်

မတ်၃၁ ရက် ညပိုင်းက မိုးကုတ်မြို့အနောက်ပိုင်းဘောလုံးကြီး ရွာအနီးမှာရှိတဲ့ သက်တန်းကုန်ဆုံးပြီဖြစ်တဲ့ ဌေးပိုင်ကျောက်မျက် ရတနာကုမ္ပဏီ နဲ့ ခဲစာဝင်ရှာသူတွေအကြားအချင်းများခဲ့တဲ့အတွက် ကုမ္ပဏီ မီးရှို့ခံရ တဲ့အတွက် ဒီဖြစ်စဉ်ကို အသေးစိတ်စစ်ဆေးနေပြီး လက်ရှိမှာတော့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံကိုတင်ပြ ထားတယ်လို့ မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးကံထူးကဘီဘီစီကိုပြောပါတယ်။

မီးလောင်မှုကြောင့် ပေါက်ကွဲသံတွေကြားခဲ့ရပြီး ကုမ္ပဏီပိုင်ကားနဲ့ဆိုင်ကယ်အချို့ မီးလောင် ပျက်စီးသွားတယ်လို့ မိုးကုတ်မြို့ဒေသခံ ဦးစိန်လင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

မီးစတင်လောင်ကျွမ်းချိန်မှာ ဒေသခံအချို့က ရွာထဲအဝင်မခံတဲ့အတွက် မီးလောင်ကျွမ်းမှုကပိုမိုပြင်းထန်ခဲ့ ရတယ်လို့လည်း မီးငြှိမ်းသတ်ရေးသွားရောက်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်အချို့ လူမှုကွန်ယက်မှာဖော်ပြ ထားခဲ့ ပါတယ်။

' ' ဖြစ်တာကတော့ ခဲစာသွားရှာတဲ့ အမျိုးသမီးတွေကို ကုမ္ပဏီက ဝန်ထမ်းတချို့နဲ့ စစ်တပ်ကမောင်းထုတ် လို့ စပြီး အချင်းများကြတာ။ မီးရှို့တာကို ဒီကရွာသားတွေလို့ ပြောနေကြပေမယ့် ခဲစာရှာတဲ့သူတွေက ဒီရွာက တင်မဟုတ်ဘူး မိုးကုတ်တမြို့လုံးက လာရှာကြတာ။ လုပ်ကွက်ထဲကနေ ယမ်းတိုက်တွေ မီးလောင် ကုန်တော့ ပေါက်ကွဲသံတွေက အကျယ်ကြီးကြားရတာ။ အဲတော့မှ ရွာကအိပ်နေတဲ့သူတွေ သိလို့ မီးဝိုင်း ငြှိမ်းပေးကြ တာ။ ရွာကိုတော့မီးမကူးပေမယ့် ပြေးရင်းလွှားရင်း ထိခိုက်ဒဏ်ရာရကုန်တဲ့ သူတွေ လည်းရှိ တယ်''လို့ ဘောလုံးကြီး ကျေးရွာသားတစ်ဦးဖြစ်တဲ့ဦးစံထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က အခုထိ အမှုဖွင့်တာမျိုးမရှိသေးသလို မနေ့ည မီးလောင်စဉ်ကတည်းက ကုမ္ပဏီက ဝန်ထမ်းအားလုံး လုပ်ကွက်အတွင်းကနေ ထွက်ခွာသွားကြတဲ့အတွက် မရှိကြတော့ဘူးလို့လည်း ဦးစံထွန်းဦးကပြောပြပါတယ်။

' ' ကုမ္ပဏီက သက်တမ်းကုန်နေပြီဆိုတော့ ဒေသကလူတွေကလည်း ရှာခွင့်ရှိတယ်ဆိုပြီး ဝင်ရှာကြရာက ဖြစ်ကြတာပဲ။'' လို့ မိုးကုတ်မြို့ခံ ဦးစိန်လင်းထွန်းကပြောပါတယ်။

ဓာတ်ပုံ မူပိုင် ကျော်မင်းလှိုင်
Image caption မီးလောင်အပြီး အပျက်အစီးပုံများ

သက်တမ်းကုန်လုပ်ကွက်တွေမှာ ကျောက်မျက်နည်းဥပဒေမထွက်ရှိသေးတဲ့အတွက် သက်တမ်းတိုးခွင့်တော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

'' သက်တမ်းကုန်သွားတဲ့ လုပ်ကွက်တွေက နည်းဥပဒေမထွက်ခင်မှာ လုပ်ကွက်ကို ထိန်းသိမ်းစောင့် ရှောက်ခွင့် လျှောက်ထားပြီး ထိန်းထားခွင့်ရှိတယ်။တူးဖော်လုပ်ကိုင်ခွင့်တော့မရှိဘူး။ ဒေသခံတွေအနေနဲ့လည်း ဥပဒေအသစ်ထွက်လာရင် လက်လုပ်လက်စားလုပ်ကွက်တွေကို ဥပဒေနဲ့အညီ လျှောက်ထားပြီး လုပ်ကိုင်ခွင့်ရလာမှာပဲ။ ဥပဒေနဲ့အညီလုပ်ကြဖို့ပဲလိုတယ်'' မြန်မာ့ကျောက်မျက် ရတနာ လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွှန့်သိန်းကဘီဘီစီကိုပြောပါတယ်။

မိုးကုတ်၊ ဖားကန့်အစရှိတဲ့ ရတနာနယ်မြေတွေမှာ လုပ်ကွက်လုပ်ကိုင်ခွင့်ရတဲ့ကုမ္ပဏီတွေက ဒေသခံတွေကို အချိန်ပိုင်းအားဖြင့် စွန့်ပစ်မြေစာပုံတွေမှာ ရေမဆေးကျောက်ရှာဖွေခွင့်ကို နားလည်မှုတွေခွင့်ပြုပေးလေ့ရှိ ပါတယ်။

တခါတရံမှာတော့ ရှာဖွေခွင့်မပေးတဲ့အတွက် ရေမဆေးရှာဖွေသူတွေနဲ့ ကုမ္ပဏီ ဝန်ထမ်းတွေအကြားအချင်း များတာတွေလည်းဖြစ်လေ့ရှိပြီး လူထိခိုက်သေဆုံးတာတွေလည်းရှိခဲ့ပါတယ်။

ဒါကြောင့်လည်း အသစ်ပြဋ္ဌာန်းလိုက်တဲ့ ကျောက်မျက်ဥပဒေမှာတော့ လက်လုပ်လက်စားလုပ်ကွက်တွေ ကိုခွင့်ပြုပေးသွားဖို့ပါဝင်ပြီး ပထမဆုံးအနေနဲ့ ခန္တီး၊ လုံးခင်းဖားကန့်ရတနာနယ်မြေ၊ မော်လူးမော်ဟန် မိုးကုတ်ရတနာနယ်မြေ မိုင်းရှုးရတနာနယ်မြေ ၅ခုမှာ လုပ်ကွက်တွေဖော်ထုတ်ပြီးခွင့်ပြု ပေးသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ