ဒုမြို့တော်ဝန် ဖြစ်လာနိုင်တဲ့ ကော်မတီဝင် ၆နေရာ အပါအဝင် မြို့နယ်နေရာအများစုကို NLD အနိုင်ရ

NLD ကိုယ်စားလှယ်အများစု အနိုင်ရခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ဓာတ်ပုံ မူပိုင် Ma Wyne Depawaddy'Facebook
Image caption NLD ကိုယ်စားလှယ်အများစု အနိုင်ရခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ

ဒုတိယမြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံရနိုင်ချေရှိတဲ့ မြို့တော် ကော်မတီဝင် ၆ နေရာ အပါ အဝင် မြို့နယ်အဆင့် နေရာအများစုကို NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကပဲ အနိုင်ရရှိ သွားတယ် လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြို့တော်ကော်မတီဝင် ၆ နေရာအနက် လူအများ စိတ်ဝင်စားတဲ့ မဲဆန္ဒနယ် အမှတ် ၃မှာ တော့ NLD ပါတီ က ဦးစိုးလွင်က မဲရလဒ် နှစ်သောင်းရှစ်ထောင်ကျော်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံကနေ မြို့ပြဖွံ့ဖြိုးရေးဘာသာရပ်နဲ့ မဟာဘွဲ့ ရရှိထားတဲ့ လူငယ်တစ်ဦးလည်းဖြစ် အလားအလာ ကောင်းသူတစ်ဦး အဖြစ် ရန်ကုန်မြို့နေလူထုကြား အချိန်တိုအတွင်း လူသိများလာခဲ့တဲ့ ကိုအောင်ခန့် ကတော့ အနိုင်ရရှိသွားတဲ့ NLDကိုယ်စားလှယ် ဦးစိုးလွင်ရဲ့နောက် မဲ ရလဒ် ရှစ်ထောင်ကျော် အကွာနဲ့ ဒုတိယမဲအများဆုံးသာ ရရှိခဲ့တာ ဖြစ်ပါတယ်။

"မဲလာပေးကြတဲ့ အများပြည်သူက တာဝန်ကျေချင်တဲ့စိတ်နဲ့ လာပြီးမဲပေးကြတာ များပါတယ်။ ကိုယ်စားလှယ် ရဲ့ အချက်အလက်တွေကို အသေးစိတ် သိတဲ့သူတွေတော့ မဟုတ်ပါဘူး။ ကိုယ်စားလှယ်လောင်းတွေကို အသေအချာ မသိတဲ့အတွက် သိပြီးသား၊ ယုံပြီးသားကိုပဲ မဲပေးလိုက်လို့ ပါသွားတာလို့ ထင်ပါတယ်" လို့ မဲရလဒ် အပေါ် ကိုအောင်ခန့်က သုံးသပ်ပြောဆိုပါတယ်။

ဒုတိယအကြိမ်ဖြစ် ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီဝင် ရွေးကောက်ပွဲမှာ မဲလာရောက်ပေးသူ အရေအတွက်ဟာ ညနေပိုင်းအချိန်ထိ အလွန်နည်းပါးခဲ့ပြီး စောင့်ကြည့် လေ့လာရေးအဖွဲ့တွေရဲ့ ကနဦး ထုတ်ပြန်ချက်အရ မဲလာရောက်ပေးသူ ဦးရေဟာ မဲပေးခွင့်ရှိသူရဲ့ ၁၀ ရာခိုင်နှုန်းကျော်သာ ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မဲရုံအားလုံးရဲ့ ထက်ဝက်ကျော်မှာ မဲစာရင်းမပါလို့ မဲပေးခွင့်မရဘဲ ပြန်သွားရသူတွေ ရှိခဲ့တယ်လို့လည်း စည်ပင်ရွေးကောက်ပွဲနေ့မှာ မြို့နယ် ၃၀ ကျော်မှာ စောင့်ကြည့်လေ့လာခဲ့တဲ့ ရန်ကုန် ပြည်သူ့ လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စည်ပင်ရွေးကောက်ပွဲအပေါ် ရန်ကုန်လူထုရဲ့ စိတ်ဝင်စားမှုနည်းပါးတာဟာ ဒေသန္တရရွေးကောက်ပွဲ တွေရဲ့ အရေးပါမှုကို လူထုက နားမလည်တာကြောင့်လို့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသိပညာ ပေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ Let's Vote for Yangon က ကိုအောင်နိုင်မော်က ဘီဘီစီကို ပြောပါတယ်။

"ရွေးကောက်ပွဲမတိုင်ခင် ကာလတည်းက မဲလာပေးဖို့ အသိပညာပေးတာတွေ လုပ်တဲ့အခါမှာလည်း လူထုရဲ့ စိတ်ဝင်စားမှုက တော်တော်လေး နည်းတယ်လို့ ပြောရမယ်။ စည်ပင်ရွေးကောက်ပွဲက သူတို့ရဲ့အခြေအနေကို အများကြီး ပြောင်းလဲသွားလိမ့်မယ်လို့ မယူဆ ထားတာကြောင့်လည်း ပါတယ်။" လို့ ကိုအောင်နိုင်မော်က ပြောပြပါတယ်။

လူထုစိတ်ဝင်စားမှု နည်းပါးပေမယ့်လည်း မတ် ၃၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်မြို့ စည်ပင်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၉၁ နေရာမှာ ဝင်ပြိုင်ရာမှာ ၁ နေရာသာ ရှုံးပြီး နေရာ ၉၀ လုံးမှာ အနိုင်ရရှိ သွားခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့ မြို့နယ်အဆင့် ၁၅ နေရာကိုတော့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေက အနိုင်ရရှိသွားခဲ့ပါတယ်။