အမေရိကန် ဝါရင့်ရှေ့နေ Nicholas Koumjian မြန်မာအရေး ဦးဆောင် စုံစမ်းမယ်

ရခိုင်
Image caption နိုင်တကာခုံရုံးတွေမှာ တရားလိုရှေ့နေလုပ်ခဲ့သူ မစ္စတာ ကုမ်ဂျီအန်

မြန်မာအရေး လွတ်လပ်တဲ့ စုံစမ်းမှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂက ဖွဲ့ထားတဲ့ ယန္တရားကို ဦးဆောင်ဖို့ အမေရိကန် ဝါရင့် ရှေ့နေ နီကိုးလပ်စ် ကုမ်ဂျီအန် (Nicholas Koumjian) ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂ဝ၁၉၊ ဧပြီလ ၂ ရက်နေ့မှာ ခန့်အပ် တာဝန် ပေးလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ ၂ဝ၁၈၊ စက်တင်ဘာနှောင်းပိုင်းမှာ စတင်ဖွဲ့စည်း ခဲ့တဲ့ အဲဒီ စုံစမ်းရေး ယန္တရားအဖွဲ့ကို အဲဒီနှစ် ဒီဇင်ဘာလထဲ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ လက်ခံ ကြိုဆိုခဲ့ပါတယ်။

အခုအခါမှာတော့ အဲဒီအဖွဲ့ကို ဘယ်သူ ဦးဆောင်မလဲ ဆိုတာကို မစ္စတာ ဂူတားရက်စ် ရွေးချယ် ခန့်အပ် လာတာ ဖြစ်ပါတယ်။

မြန်မာအရေး စုံစမ်းရေးယန္တရားကို ဦးဆောင်မယ့်သူ အမေရိကန် ရှေ့နေ မစ္စတာ ကုမ်ဂျီအန်ဟာ အမေရိကန် အစိုးရ ရှေ့နေ့အဖြစ် လော့စ်အိန်ဂျလိစ်မှာ နှစ်ရှည် တာဝန် ထမ်းခဲ့ ပြီးတဲ့နောက် နိုင်ငံတကာ ရာဇဝတ်မှုတွေကိုလည်း အနှစ် ၂ဝ နီးပါး ကိုင်တွယ်ခဲ့သူ ဝါရင့် ပုဂ္ဂိုလ် ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာရာဇဝတ်မှုတွေကို ကိုင်တွယ်ခဲ့သူ

မစ္စတာ ကုမ်ဂျီအန်ဟာ ခမာနီလက်ထက် ကမ္ဘောဒီးယားနိုင်ငံတွင်း သတ်ဖြတ်မှုတွေရဲ့ လက်သည်တွေကို ရုံးတင် စစ်ဆေးတဲ့ အထူးရုံးတော်တွေမှာ တရားလို ရှေ့နေ အဖြစ် ၂ဝ၁၃ နိုဝင်ဘာလက စပြီး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား အရေး မတိုင်ခင် ယူဂိုဆလားဗီးယား နိုင်ငံတကာ ခုံရုံးမှာလည်း မှုခင်းရှေ့နေ အဖြစ် မစ္စတာ ကုမ်ဂျီအန် လုပ်ဆောင်ခဲ့သလို၊ တီမောလက်စ် (အရှေ့တီမော)ရာဇဝတ်မှုများ အတွက် တရားလို ရှေ့နေချုပ်၊ တခါ ဘော့စနီးယား ဟာဇီဂိုဗီးနား စစ်ရာဇဝတ်မှု ဆိုင်ရာ တရားလို ရှေ့နေ၊ ဆီရာယာလီယွန်း အထူးရုံးတော်ရဲ့ ရှေ့နေ စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

Image caption အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းရပ်တွေမှာ ကျွမ်းကျင်သူ

အမေရိကန် ရှေ့နေ ကုမ်ဂျီအန်ဟာ နိုင်ငံတကာ လူ့အခွင့်အရေးနယ်ပယ်နဲ့ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းရပ်တွေမှာ ကျွမ်းကျင်သူ၊ အတွေ့အကြုံ ရင့်ကျက်သူ ဝါရင့်ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဥပဒေပိုင်း ပညာရပ်နယ်ပယ်မှာလည်း မြောက်ကာရိုလိုင်းနား တက္ကသိုလ်ကနေ အမြင့်ဆုံး ပါရဂူဘွဲ့ရထားပြီး လော့စ်အိန်ဂျလိစ်မြို့ ကာလီဖိုးနီးယား တက္ကသိုလ်ကနေလည်း စီးပွားရေး စီမံခန့်ခွဲမှု MBA ဘွဲ့ ယူထားသူ ဖြစ်ပါတယ်။

ကုလယန္တရားအဖွဲ့ တာဝန်တွေက ဘာတွေလဲ၊ မြန်မာအစိုးရရဲ့ ရပ်တည်ချက်က ဘာလဲ

မြန်မာအရေးကို စုံစမ်းမယ့် ယန္တရားကို ဦးဆောင်မယ့် အကြီးအကဲ ရာထူးနေရာ လစ်လပ်နေကြောင်း ကုလသမဂ္ဂက အလုပ်ခေါ်စာ ထုတ်ခဲ့တုန်းက အဲဒီစာထဲ ဒီရာထူးနေရာဟာ ၂ဝ၁၁ ကစလို့ မြန်မာနိုင်ငံတွင်း ဖြစ်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေ အကြောင်း သက်သေတွေ စုစောင်းဖို့၊ ခိုင်မာအောင် ရှာဖွေဖို့၊ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့နဲ့ ရရှိထားတဲ့ သက်သေတွေ အပေါ် ပိုင်းခြားစိတ်ဖြာဖို့ ဖြစ်တယ် ဆိုပြီး ရေးသား ထားပါတယ်။

ရာထူးသက်တမ်းကိုလည်း ၂ နှစ်လို့ ဖော်ပြ ထားပြီး သက်တမ်း တိုးမြှင့်နိုင်တယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လူ့အခွင့်အရေးကောင်စီမှာ မြန်မာ အပြင်းအထန် ဝေဖန်ခံရ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ အရပ်သားတွေ အပေါ် အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက ဘယ်လို ပြုမူခဲ့သလဲ ဆိုတာကို စုံစမ်းဖို့ လူ့အခွင့်အရေးကောင်စီကနေပဲ ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကိုတော့ မြန်မာ အစိုးရက လက်ခံ အသိအမှတ် ပြုခြင်း မရှိပဲ၊ ပြည်ဝင်ခွင့်လည်း ငြင်းပယ်ထားပါတယ်။

ဂျနီဗာမှာ ပြီးခဲ့တဲ့ လပိုင်းက ပြုလုပ်ခဲ့တဲ့ ညီလာခံမှာ မြန်မာအရေး မဲခွဲ အတည်ပြု ခဲ့တဲ့ ဥရောပသမဂ္ဂက တင်သွင်းတဲ့ ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိနေတယ်လို့ ပြောထားပြီး မြန်မာအစိုးရကတော့ ပယ်ချထားပါတယ်။

ဒီဆုံးဖြတ်ချက်ပါ အချက်တွေဟာ မြန်မာ အစိုးရက အသိအမှတ်ပြု မထားတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ရဲ့ ပြောဆိုချက်တွေ၊ ဘက်လိုက်မှု မကင်းစင်တဲ့ မစ္စယန်ဟီးလီ(ကုလသမဂ္ဂက စေလွှတ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် )ရဲ့ အစီရင်ခံစာတွေ အပေါ်မှာ အခြေခံထားတယ်လို့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မြန်မာအရေး ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ယန္တရားတစ်ရပ် ထားရှိရေး ဆောင်ရွက် နေတယ်ဆိုပြီး မြန်မာနိုင်ငံခြားရေး ဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက အဲဒီအချိန် ဘီဘီစီနဲ့ မေးမြန်းခန်း တစ်ခုမှာ ပြောထားပါတယ်။

ဦးမြင့်သူ ပြောခဲ့တဲ့ ကုလသမဂ္ဂယန္တရား ဆိုတာ မစ္စတာ ကုမ်ဂျီအန် ဦးဆောင်မယ့် အခု စုံစမ်းရေး ယန္တရားကို ရည်ညွှန်း ဆိုလိုတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Image caption အာနန်ကော်မရှင် အကြံပြုချက်တွေကို ရခိုင်အရေး ဖြေရှင်းဖို့ လမ်းပြမြေပုံသဖွယ် ပြည်တွင်းပြည်ပ လက်ခံကြ။

ရခိုင်အရေး အာနန်ကော်မရှင် အပါအဝင် ပြည်တွင်း ကော်မရှင်နဲ့ ကော်မတီတွေ

လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းမှုတွေ ပြုလုပ်ခွင့်ရဖို့ ကုလသမဂ္ဂ အပါအဝင် အနောက်အုပ်စု နိုင်ငံတွေက တောင်းဆိုနေကြတာနဲ့ တချိန်တည်းမှာပဲ မြန်မာ အစိုးရက ဖွဲ့ပေးခဲ့တဲ့ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ကနေ အကြံပြုထားချက်တွေကိုတော့ နိုင်ငံတကာကလည်း လက်ခံပြီး ပဲ့တင်ထပ် ပြောဆိုတာတွေ ပြုလုပ် လေ့ရှိပါတယ်။

အာနန်ကော်မရှင် အစီရင်ခံစာနောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အာဆာရဲ့ တိုက်ခိုက်မှုတွေ၊ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေ ပေါ်ပေါက်ခဲ့ပြီး ရိုဟင်ဂျာ ၇ သိန်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်သွားကြတဲ့ အထိ အခြေအနေဟာ ပိုမို ရှုပ်ထွေး လာခဲ့ပါတယ်။

အစိုးရတပ်တွေရဲ့ အပြုအမူတွေကို စုံစမ်းရေး၊ ဒုက္ခသည် ပြန်လည် လက်ခံရေးတို့သာမက တပ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ခုံရုံး တင်ရေး ဆိုတဲ့ ခြေလှမ်းမျိုးတွေပါ ပေါ်ပေါက် လာခဲ့ပါတယ်။

မြန်မာ အစိုးရရဲ့ ရပ်တည်မှုကို ကြည့်ရင်တော့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ဖွဲ့စည်း ထားရှိရေး ရောမသဘောတူမှုထဲ မြန်မာ မပါဝင်ဘူးလို့ ပြောထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
"လူမျိုးတုန်းသတ်ဖြတ်မှု" အသုံးအနှုန်း ဆင်ခြင်ဖို့လို့ - ကိုဖီအာနန်

နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ ဝင်စစ်တာမျိုးကို မြန်မာက လက်မခံပေမဲ့လည်း ကုလအဖွဲ့တွေ၊ နိုင်ငံတကာ သံတမန်တွေကိုတော့ ရခိုင်မြောက်ပိုင်းအထိ ခေါ်သွားပြီး ဒုက္ခသည် ပြန်လည် လက်ခံရေး မြန်မာဘက်က ပြင်ဆင်ထားတာတွေကို ပြသတာမျိုးတွေ အခါအားလျော်စွာ ပြုလုပ်ခဲ့ပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်တို့ ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်၊ ကော်မတီများစွာလည်း ရှိပါတယ်။

အစိုးရအနေနဲ့ အာနန်ကော်မရှင် အကြံပြုချက်တွေ ထွက်လာတဲ့ နောက်ပိုင်း လက်တွေ့ အကောင်အထည် ဖော်ရေး ကော်မတီ တစ်ရပ် ထားရှိလာသလို အဲဒီ ကော်မတီကို အကြံပေးဖို့ ဆိုပြီးတော့လည်း ထိုင်း ဒုဝန်ကြီးချုပ်ဟောင်း ဆူရာကီယတ် ဆတ်သီရာထိုင်း ဦးဆောင်တဲ့ အဖွဲ့လည်းထပ်ဆင့် ဖွဲ့ခဲ့ပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဆိုပြီးတော့လည်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်ထောင်စု ဝန်ကြီးတွေ ပါဝင်တဲ့ နိုင်ငံတော်အဆင့် ကော်မတီတစ်ရပ်လည်း ၂ဝ၁၆ မေလမှာ ဖွဲ့ခဲ့ပါတယ်။

Image caption UEHRD ကို ဦးစီးဦးဆောင်ပြုသူ လူကယ်ပြန် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

ဒါ့အပြင် သိန်းချီတဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးဆိုတဲ့ အရေးကိစ္စ ပေါ်ပေါက်လာတဲ့ နောက်မှာတော့ ရခိုင်ပြည်နယ်ထဲ လူသားချင်း စာနာနားလည်တဲ့အကူအညီတွေ ပေးနိုင်ဖို့နဲ့ ပြန်လည် နေရာ ချထားရေးတွေလုပ်ဖို့၊ ရေရှည် ဖွံ့ဖြိုးရေး စီမံကိန်းတွေ ဖော်ဆောင်ဖို့တွေ အတွက် ဆိုပြီး UEHRD ဆိုတဲ့ ယန္တရား ထူထောင်ထားပါတယ်။ ရခိုင်အရေး နိုင်ငံတကာက ကူညီလိုရင် UEHRD ယန္တရားကနေ ပူးပေါင်း လုပ်ဆောင် နိုင်တယ်လို့လည်း တိုက်တွန်း လေ့ရှိပါတယ်။

မောင်တောဒေသတွင်း ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းဖို့ ဆိုပြီး ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင် တစ်ရပ် ၂ဝ၁၆ ဒီဇင်ဘာ လဆန်းမှာ စဖွဲ့ ခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ လွတ်လပ်တဲ့ စုံစမ်းမှုမျိုး ပြုလုပ်ရမယ်လို့ ဆက်လက် ဖိအားပေး တောင်းဆို နေခဲ့ပါတယ်။

ဒီနောက်မှာတော့ လူ့အခွင့်အရေးကောင်စီက ဖွဲ့လိုက်တဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာ အစိုးရက ဝင်ခွင့် မပြုပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်တွေကို စုံစမ်းဖို့ ဆိုပြီး ဖိလစ်ပိုင် နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလိုကို ဦးဆောင်စေပြီး လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ဆိုတဲ့ ခေါင်းစဉ်နဲ့ ကော်မရှင်တစ်ရပ် ဖွဲ့ထားပါတယ်။

တပ်မတော်က ဖွဲ့တဲ့ ရခိုင်အရေး စုံစမ်းရေး ခုံရုံး

အစိုးရက ရခိုင်ပြည်နယ် အရေး ကော်မရှင်တွေ၊ ကော်မတီတွေ ဖွဲ့ခဲ့သလို တပ်မတော်ဘက်ကလည်း ဒုတိယ ဗိုလ်ချုပ်ကြီ အေးဝင်း ဦးဆောင်တဲ့ စုံစမ်းရေး အဖွဲ့ ဖွဲ့ခဲ့ပြီး အင်းဒင်ရွာ အစုလိုက် သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ကြောင်း တွေ့ရတဲ့ တပ်မတော်သား တချို့ကို ထောင်ချ အရေးယူတာမျိုး လုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဖြစ်စဉ်တွေ အပေါ် စုံစမ်းခဲ့တဲ့ အဖွဲ့အမျိုးမျိုးရဲ့ အစီရင်ခံစာတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ပြောဆိုချက်တွေ၊ ကုလ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ စွပ်စွဲမှုတွေ အပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာ သုံးသပ်ခဲ့ပြီး အစီရင်ခံစာ အသီးသီးကို ထပ်မံ စိစစ် အတည်ပြုနိုင်ဖို့ လိုအပ်တယ်လို့ တပ်မတော်က ထုတ်ပြန် ခဲ့ပါတယ်။

Image caption အင်းဒင်ရွာသတ်ဖြတ်မှု မြန်မာ အာဏာပိုင်တွေ ဘက်ကပါ စုံစမ်းလာခဲ့

အဲဒီထုတ်ပြန်ချက်နဲ့အတူပဲ စုံစမ်းစစ်ဆေးရေး ခုံရုံး ဆိုပြီး ဗိုလ်ချုပ်မြတ်ကျော်ကို ဥက္ကဌ ထားပြီး နောက်ထပ် အဖွဲ့တစ်ရပ် တပ်မတော်က ၂ဝ၁၉ မတ်လလယ်မှာ ဖွဲ့လာပါတယ်။ အဲဒီခုံရုံးကို သက်သေခံချက်တွေ၊ အထောက်အထား ဓာတ်ပုံ၊ အသံ၊ ဗီဒီယိုဖိုင်တွေ ပေးပို့နိုင်တယ်လို့လည်း ကြေညာထားပါတယ်။

ဒီလို ခုံရုံးမျိုး ထားရှိလာတာဟာ တပ်မတော်အနေနဲ့ နိုင်ငံတကာဖိအားကို လိုက်နာ ဆောင်ရွက်တယ်ဆိုတဲ့ အဖြစ်မျိုးထက် ရခိုင်မြောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေ အပေါ် ကိုယ်တိုင် ကိုင်တွယ် စုံစမ်း စစ်ဆေးမယ်ဆိုတဲ့ ရပ်တည်မှုမျိုးကို ပြသတာ ဖြစ်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့နဲ့ လူ့အခွင့်ရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စဟန်ဟီးလီတို့နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ယတိပြတ် ငြင်းဆိုထားတဲ့ မြန်မာ အာဏာပိုင်တွေ အနေနဲ့ နီကိုးလပ်စ် ကုမ်ဂျီအန် ဦးဆောင်တဲ့ စုံစမ်းရေး ယန္တရားကိုရော ဘယ်လောက် အတိုင်းအတာထိ ပူးပေါင်း ဆောင်ရွက်မလဲ ဆိုတာကို ဆက်လက် စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်း ဖြစ်ပျက် ခဲ့တာတွေကို စုံစမ်းဖော်ထုတ်ရေးမှာ မြန်မာအစိုးရနဲ့ တပ်မတော်တို့ ဖွဲ့စည်း ထားရှိတဲ့ အဖွဲ့တွေနဲ့ မလုံလောက်ဘူးလို့ ကုလသမဂ္ဂက ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှု ချိုးဖောက်သူတွေ အဖြစ် စွပ်စွဲ ခံရသူတွေကို နိုင်ငံတကာ ခုံရုံးတွေမှာ ဦးဆောင် တရားစွဲခဲ့တဲ့ လူ့အခွင့်အရေး ရှေ့နေ မစ္စတာ ကုမ်ဂျီအန်ကို မြန်မာအရေးမှာလည်း ဦးဆောင် စုံစမ်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တာဝန် ပေးလာတာကို ကြည့်ရင် ရခိုင်ပြည်နယ် မြောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေ ဖော်ထုတ်ရေး ဘယ်လောက် အလေးအနက်ထားလဲ ဆိုတာ ပေါ်လွင်နေတယ်လို့လည်း သုံးသပ်နေကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ မိန်းကလေးတွေ လူကုန်ကူးခံနေရ