ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီး မတိုင်ခင် မြစ်ဆုံဆန့်ကျင်ဆန္ဒပြမှု အရှိန်မြှင့်လုပ်မယ်

ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်း ဆန့်ကျင်ဆန္ဒပြပွဲ ဓာတ်ပုံ မူပိုင် EPA
Image caption ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်း ဆန့်ကျင်ဆန္ဒပြပွဲ

မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးတောင်းဆိုမှုတွေကို အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့တရုတ်ခရီးစဉ် မတိုင်ခင်မှာ အရှိန်မြှင့် လုပ်ဆောင်မယ်လို့ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုအဖွဲ့ဝင် ဦးတင်မောင်ဦးက ပြောပါတယ်။

အဲဒီအဖွဲ့ကို မတ်လ ၃၁ရက်နေ့က နာရေးကူညီမှုအသင်းရန်ကုန်မှာ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာအစည်းအဝေးကနေ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု နဲ့ တာဝန်ယူမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA အပါအဝင်အဖွဲ့အစည်း ၂၅ဖွဲ့နဲ့ လူပုဂ္ဂိုလ် ၄ဦးတို့ပါဝင်ပါတယ်။

လုပ်ငန်းအဖွဲ့ရဲ့ မြစ်ဆုံစီမံကိန်းဆန့်ကျင်ဆန္ဒပြပွဲ ဟောပြောပွဲတွေကို ဧပြီလ ၄ရက်က မအူပင်မှာ စတင်ပြု လုပ်ခဲ့ပါတယ်။ အဲဒါအပြင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က မြို့တွေမှာလည်း အလားတူပွဲတွေကို ဧပြီလအတွင်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်ခရီးမတိုင်မီ အရှိန်မြင့်လုပ်မယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ ဦးတင်မောင်ဦးက ဆိုပါတယ်။

လာမယ့် ဧပြီလနောက်ဆုံးအပတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ကို လာဖို့ ဖိတ်ကြားထားတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအသိုင်းအဝိုင်း အပြင် အစိုးရနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကနေ သိရှိထားရတယ်လို့ သူကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဧပြီလကုန် ဘေဂျင်းမှာ ကျင်းပမယ့် Belt and Road Initiative ပိုးလမ်းမစီမံကိန်း BRI ဖိုရမ် တက်ရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဘီဘီစီကို အတည်ပြုထားပါတယ်။

Image caption တရုတ်အစိုးရဘက်က မြစ်ဆုံ စီမံကိန်းကို ပြန်လည် စတင်ဖို့ ဒေသခံတွေကို စည်းရုံးတာတွေ ရှိနေ

မြစ်ဆုံဆန့်ကျင်ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေကို မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ ပဲခူးတိုင်းတွေမှာ ဆက်တိုက် လုပ်ဆောင်ဖို့အတွက် ဒေသခံအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတာတွေလုပ်နေပြီး၊ ဒါကလည်း တရုတ်နိုင်ငံနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သိရှိအောင် ဆောင်ရွက်ဖို့ပြင်ဆင်နေတာလို့ သူကပြောပါတယ်။

"ဒီစီမံကိန်းကိုသဘောမတူတာက စစ်တပ်ကပဲလုပ်ခဲ့လိုမဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရင်လည်း သဘောမတူဘူး၊ ဘာကြောင့်လဲဆို နိုင်ငံအတွက် အကျိုးအမြတ်ရေရေရာရာမရှိလို့" လို့ ဦးတင်မောင်ဦးက ဆိုပါတယ်။

လုပ်ငန်းအဖွဲ့ကတော့ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာ လုပ်ငန်းအဖွဲ့က မြစ်ဆုံစီမံကိန်းသာမက ပွင့်လင်းမြင်သာမှုမရှိပဲလုပ်ဆောင်ခဲ့တဲ့ အခြားစီမံကိန်းကြီးတွေကိုလည်း ကန့်ကွက်မှုတွေလုပ်သွားဖို့ ရှိတယ်လို့ သူကပြောပါတယ်။

ရန်ကုန်နဲ့ အခြားပြည်နယ်နဲ့ တိုင်းတွေအလိုက်မြစ်ဆုံစီမံကိန်းကန့်ကွက်မှုတွေကို ကြားသိနေရလို့ အဲဒီလို လုပ်ဆောင်မှုတွေအပေါ်မှာလည်း ထောက်ခံအားပေးနေတယ်လို့ မြစ်ဆုံစီမံကိန်းကြောင့် မလိယန်ရွာကို ပြောင်းရွှေ့နေထိုင်နေရသူ ဒေါ်ဂျာအန်းက ဘီဘီစီကိုပြောပါတယ်။

စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် တရုတ်အစိုးရပိုင် CPI ကုမ္ပဏီကတော့ မလိယန်ရွာမှာ ယက္ကန်းစင် ၁၀ခုကိုလာထားပေးထားပြီး ရွှေ့ပြောင်းနေရသူတွေ ဝင်ငွေရရှိဖို့ လုပ်ဆောင်ပေးတာ၊ သင်္ဘောပင်စိုက်ခင်း ပြုလုပ်ဖို့အတွက်လည်း မြေနေရာဖော်ထုတ်ပေးနေတာတွေလာလုပ်ပေးနေတယ်လို့ သူကဆိုပါတယ်။

အဲဒီလိုလာလုပ်ပေးတဲ့အပေါ် ဒေါ်ဂျာအန်းက "တရုတ်ကတော့ မြစ်ဆုံကိုအမြဲလုပ်ချင်နေတယ်၊ အခုလဲ ဒီလိုလာလုပ်ပေးတာ အဲဒီအတွက်ပဲ၊ သူတို့အဲဒီလိုတွေလုပ်ပေးရင် သူတိုလုပ်ချင်တာရမယ်လို့ ထင်နေတာ" လို့ဆိုပါတယ်။

တန်ဖိုးဘီလီယံ ၂၀ တန်ကြေးရှိတဲ့ မြစ်ဆုံမြစ်ညှာရပ်ဝန်းရေအားလျှပ်စစ် စီမံကိန်းကို အရင်စစ်အစိုးရနဲ့ တရုတ်အစိုးရတို့က ၂၀၁၁ ခုနှစ်က နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုကာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီစာချုပ်အရ မြစ်ဆုံအပါအဝင် မေခနဲ့ မလိခမြစ်တွေပေါ်မှာ ဆည် ၇ ခုအထိ တည်ဆောက်မယ် စီမံကိန်း ဖြစ်ပါတယ်။

အဲဒီစီမံကိန်းတွေကို ဦးသိန်းစိန်က သူ့အစိုးရလက်ထက်အတွင်း ယာယီရပ်ဆိုင်းထားမယ်လို့ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်ပြီး ရပ်ဆိုင်းခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ