တရုတ် ပိုးလမ်းမစီမံကိန်း BRI ဖိုရမ် တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဧပြီလကုန်မှာ တရုတ်ပြည် သွားမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဧပြီလကုန် ဘေဂျင်းမှာ ကျင်းပမယ့် Belt and Road Initiative ပိုးလမ်းမစီမံကိန်း BRI ဖိုရမ် တက်ရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဘေဂျင်းမှာ လုပ်မယ့် ပိုးလမ်းမ စီမံကိန်း Belt and Road Initiative BRI ဖိုရမ် တက်ရောက်ဖို့ တရုတ်ဘက်က ဖိတ်ကြားထားလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက်ဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အစိုးရအဖွဲ့ ဝန်ကြီးတချို့လိုက်ပါသွားမှာဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China Myanmar Economic Corridor) စီမံကိန်းတွေကိုလည်း ဆွေးနွေးကြမှာပါ။

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဘေဂျင်းခရီးစဉ်မှာ နိုင်ငံအတွင်း တောင်-မြောက် ဆက်သွယ်နိုင်မယ် အမြန်လမ်း စီမံကိန်းကြီးတွေနဲ့ ပတ်သက်လို့ သဘောတူဖို့ ရှိတယ် ဆိုပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောပါတယ်။

"မန္တလေး - ထီးချိုင့်- မူဆယ် အမြန်လမ်းပေါ့နော် ပြီးတော့ ထီးချိုင့် - မြစ်ကြီးနား - ကန်ပိုက်တီး အမြန်လမ်း၊ မန္တလေး - ရန်ကုန် အမြန်လမ်း ဒါက ရှိပြီးသား အဆင့်မြှင့်တာ၊ နေပြည်တော် - ကျောက်ဖြူလမ်းပေါ့ အဲလိုမျိုး အမြန်လမ်းတွေကို အဆိုပြုလိုက်တယ်။ ဘယ်စီမံကိန်းက ဦးစားပေးထွက်မလဲ၊ ဘယ် ပရောဂျက်တွေ ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ အစည်းအဝေးရှိတယ်။ အဲဒီကျရင် သိရမယ်" ဦးကြည်ဇော်မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံထဲကို ဖြတ်သွားမယ့် တရုတ်ရဲ့ ပိုးလမ်းမ စီမံကိန်းထဲမှာ မူဆယ်- မန္တလေး ရထားလမ်း စီမံကိန်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ အထူးစီးပွာရေးဇုန် စီမံကိန်းတွေ ပါဝင်ပြီး အဲဒီထဲက ကျောက်ဖြူ ရေနက် စီမံကိန်းဟာ အိန္ဒိယ သမုဒ္ဒရာကို ဝင်ထွက်နိုင်မယ့် မဟာဗျူဟာမြောက် အရေးပါ ဆိပ်ကမ်းတစ်ခု ဖြစ်လာဖွယ် ရှိပါတယ်။

တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်း CMEC စင်္ကြံ စီမံကိန်းကို တရုတ်ပြည် ကူမင်းကနေ မန္တလေး - ရန်ကုန် - ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဒေသအထိ ချိတ်ဆက်ဖို့ ပါဝင်သလို မြန်မာအစိုးရဘက်ကလည်း မူအားဖြင့် သဘောတူထားပါတယ်။

လက်ရှိမှာ တရုတ်ဟာ ပြည်တွင်းမှာ စီမံကိန်းကြီးတွေ ရင်းနှီးမြုပ်နှံဖို့ လုပ်ဆောင်လာနေပြီး ကချင်ပြည်နယ်ထဲက ယာယီရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကိုလည်း ပြန်စဖို့ ပြောတာတွေ ရှိနေပါတယ်။

BRI အစည်းအဝေးတက်ဖို့ သွားတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ တရုတ်ပြည်ခရီးစဉ်မှာလည်း ဒီကိစ္စကို တရုတ်နဲ့ ဆွေးနွေးပြီး တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး ရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption တရုတ်ကုမ္ပဏီက ၇၀% မြန်မာက ၃၀% ရမယ့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်း

CMEC မှာ အမြန်လမ်း စီမံကိန်း၊ ရထားလမ်း စီမံကိန်းတွေ အပြင် အထူးစီးပွားရေးဇုန်လို စီမံကိန်းကြီး တွေလည်း ပါပါတယ်။

ပိုးလမ်းမ စီမံကိန်းကြောင့် တရုတ်ဟာ အရင်ကတည်းက မျှော်မှန်းထားတဲ့ စီမံကိန်းကြီးတွေကို ပြည်တွင်းမှာ အကောင်ထည်ဖော်ဖို့ လမ်းစ ဖြစ်လာတယ်လို့ တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

" BRT ကို အကောင်အထည်ဖော်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘီလီယံချီတဲ့ တရုတ်စီမံကိန်း ကြီးကြီးမားမားတွေ ရောက်သွားမယ်။ မြန်မာဘက်ကလည်း လက်ရှိအခြေအနေမှာ တော်တော် ခရီးပေါက် လာတယ် ပြောရမယ်။ အရေးပါတဲ့ ကဏ္ဍတစ်ရပ် အနေနဲ့ မြင်လာတာ သိသာတယ်။ Belt and Road စီမံကိန်း ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌ လုပ်ပြီး ညှိနှိုင်းဖော်ဆောင်ရေး ကော်မတီဖွဲ့ လုပ်နေတာဟာ မြန်မာနိုင်ငံက အတော်အလေးထား ဆောင်ရွက်နေတာကို တွေ့ရတယ်" လို့ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

တရုတ်ရဲ့ ခေတ်သစ် ပိုးလမ်းမ One Belt One Road စီမံကိန်းမှာ မြန်မာနိုင်ငံဟာ မဟာဗျူဟာမြောက် ဒေသ ဖြစ်တယ် ဆိုပြီး အနောက်နိုင်ငံတွေကလည်း ထောက်ပြ ပြောဆိုထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပိုးလမ်းမသစ်နဲ့ ဒေသဖွံ့ဖြိုးရေး

ဒီသတင်းနဲ့ပတ်သက်သမျှ