အနိမ့်ပျံ မြေပြင်စူးစမ်းလေ့လာရေး ကိုယ်ပိုင်ဂြိုဟ်တု မြန်မာ လွှတ်တင်မယ်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ e Government အစည်းအဝေးတစ်ခု ဓာတ်ပုံ မူပိုင် Myanmar National Portal
Image caption ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ e Government အစည်းအဝေးတစ်ခု

အနိမ့်ပျံမြေပြင် စူးစမ်းလေ့လာရေး ဂြိုဟ်တု Earth Observation Satellite ကို မြန်မာနိုင်ငံ အတွက် လာမယ့် ၂၀၂၀ ကျရင် လွှတ်တင်မယ်လို့ အစိုးရတာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

မြေပြင်က ပုံရိပ်တွေကို ဖမ်းယူမယ့် အနိမ့်ပျံ မြေပြင်စူးစမ်းလေ့လာရေး ကိုယ်ပိုင်ဂြိုဟ်တု (Earth Observation Satellite) ကို မြန်မာနိုင်ငံမှာ ပထမဆုံးလွှတ်တင်နိုင်ဖို့ အစိုးရက ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဂြိုဟ်တုကို မြေပြင်ကနေ ကီလိုမီတာအမြင့် ၄,၈၀၀ ကျော်မှာ လွှတ်တင်မှာ ဖြစ်ပြီးတော့ သစ်တော၊ ဆည်မြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်တွေ အပါအဝင် နယ်စပ်လုံခြုံရေး အခြေအနေတွေကို ဂြိုဟ်တုက ဖမ်းယူနိုင်မယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဂြိုဟ်တု ဆက်သွယ်ရေးဌာနရဲ့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။

"အဲဂြိုဟ်တုကနေ မြေပြင်လည်း ထောက်လှမ်းမယ်၊ စိုက်ခင်းတွေ ကောင်းမွန်အောင်၊ သစ်တောတွေ အခြေအနေ၊ လုံခြုံရေး နယ်စပ် အခြေအနေ အကုန်လုံးကို ပုံရိပ်တွေကြည့်ပြီး ကျွန်တော်တို့ ဆောင်ရွက်လို့ရတာပေါ့" ဦးဝင်းအောင်က ပြောပါတယ်။

စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း သုံးစွဲဖို့ လျာထားပြီး ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး တက္ကသိုလ်က နည်းပညာပိုင်း အကူအညီပေးမှာ ဖြစ်ပါတယ်။

လွှတ်တင်မယ့် ဂြိုဟ်တု ၂ လုံး ထဲက ပထမဆုံး ဂြိုဟ်တုကိုတော့ နိုင်ငံတကာ အာကာသစခန်း International Space Centre ကနေ လွှတ်တင်မှာ ဖြစ်ကာ ဂျပန် နိုင်ငံကို ပညာတော်သင်သွားပြီး ဂျပန်နဲ့ အတူ တည်ဆောက်မှာ ဖြစ်တယ်လို့ ဂြိုဟ်တု ဆက်သွယ်ရေးဌာနရဲ့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။ နောက်ဂြိုဟ်တု ၁ လုံးကိုတော့ မြန်မာနိုင်ငံမှာ ထုတ်လုပ်မှာ ဖြစ်ပြီး စမ်းသပ်မယ့် ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေကိုလည်း တခါတည်း ဝယ်မယ်လို့ ဦးဝင်းအောင်က ဆိုပါတယ်။

ဂြိုဟ်တု ထိန်းချုပ်ရေးစခန်းကို မိတ္ထီလာက မြန်မာ့လေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ်မှာ ထားရှိမှာ ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ကော်မတီမှာ ဒုသမ္မတဦးမြင့်ဆွေ ကိုယ်တိုင် ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်နေပါတယ်။

လောလောဆယ် ပြည်တွင်းမှာ ရုပ်မြင်သံကြားလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အတွက် ရည်ရွယ်ထားတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတွေပဲ လွှတ်တင်ထားနိုင်တဲ့ အဆင့်ပဲ ရှိပြီး ပုံရိပ်အချက်အလက်တွေကို ဂျပန်နိုင်ငံ အပါအဝင် ပြည်ပ နိုင်ငံတွေကနေ နှစ်စဉ် ဒေါ်လာသန်းနဲ့ချီ ပေးဝယ်နေရတာ ဖြစ်ပါတယ်။

အဲဒီအခြေအနေတွေကြောင့် ပုံရိပ်ဖမ်း ကိုယ်ပိုင် ဂြိုဟ်တုကို လွှတ်တင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်တဲ့အပြင် လုံခြုံရေးဆိုင်ရာ သတင်း အချက်အလက်တွေ ပိုရလာဖို့ အစိုးရက မျှော်လင့်ဆောင်ရွက် နေတာလည်း ဖြစ်ပါတယ်။