သားသမီးပညာရေးအတွက် ထောက်ပံ့နိုင်မယ့် ပညာရေးအသက်အာမခံအမျိုးအစား ပြည်တွင်းမှာစတင်

ပညာရေးအသက်အာမခံဟာ ကလေးတွေရဲ့ ပညာရေးအတွက် အထောက်အပံ့ဖြစ်စေမယ့်အာမခံအမျိုးအစားဖြစ် ဓာတ်ပုံ မူပိုင် SHWEINNTHARKHINMGWIN
Image caption ပညာရေးအသက်အာမခံဟာ ကလေးတွေရဲ့ ပညာရေးအတွက် အထောက်အပံ့ဖြစ်စေမယ့်အာမခံအမျိုးအစားဖြစ်

မိဘဖြစ်သူမရှိတော့ရင်တောင် သားသမီးတွေရဲ့ ပညာရေးကိုဆက်ထောက်ပံ့ပေးသွားနိုင်မယ့် ပညာရေး အာမခံအမျိုးအစားအသစ်ကို ယခု ဧပြီလအတွင်းက စပြီးထားနိုင် တော့မှာဖြစ် ပါတယ်။

ဒီအာမခံအမျိုးအစားဟာ မြန်မာနိုင်ငံမှာမရှိသေးတဲ့ အာမခံအမျိုးအစားအသစ်တစ်ခုဖြစ်ပြီး မြန်မာအာမခံ လုပ်ငန်းနဲ့ ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၀ခုစလုံးမှာ ထားနိုင်မှာဖြစ်ပါတယ်။

'' အဓိကကတော့ မိဘတွေ မတော်တဆဆုံးပါးသွားတဲ့အခါမှာ ကျန်ရစ်တဲ့သားသမီးတွေကို ပညာရေး ဆုံးခန်းတိုင်တဲ့အထိ ထားသွားနိုင်ဖို့ ရည်ရွယ်တာပါ။ အာမခံထားတဲ့ငွေမပြည့်ခင်မှာ မိဘဖြစ်သူက ဆုံးပါးသွားတာသော်လည်းကောင်း မသေပေမယ့်လည်း သေဆုံးသကဲ့သို့ မသန်မစွမ်းဖြစ်သွားတာ မျိုးဆိုရင် အာမခံထားတဲ့ နှုန်းထားကိုသူသွင်းတာ မပြည့်သေးပေမယ့်လည်း ကျန်ခဲ့တဲ့သားသမီးကို ကလေးပညာ ရေးပြီးဆုံးတဲ့အထိ ထောက်ပံ့သွားမှာပါ။'' လို့ အာမခံအမျိုးအစားအသစ်နဲ့ပတ်သက်ပြီး Global World Insurance ရဲ့ အသက်အာမခံဌာန မန်နေဂျာ ဒေါ်အေးမိုးမိုးကြည်က ဘီဘီစီကို ပြောပါတယ်။

အစိုးရဘက်က နောက်ဆုံးထုတ်ပြန်ထားတဲ့ လူဦးရေစာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၃ သန်း ဝန်းကျင် ရှိသော်လည်း အသက်အာမခံထားသူအမျိုးအစားဟာ လူဦးရေးအချိုးအစားနဲ့နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း ဝန်းကျင်မျှသာရှိတယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဘီဘီစီကိုပြောပါတယ်။

ဒါကြောင့်လည်း အသက်အာမခံကို လူတွေပိုမိုထားရှိလာနိုင်ဖို့ ပြည်တွင်းပုဂ္ဂလိကအာမခံလုပ်ငန်းတွေ အနေနဲ့ အသက်အာမခံအမျိုးအစားအသစ်တွေကို တိုးချဲ့လုပ်ကိုင်လာကြတာဖြစ်ပါတယ်။

အခုအသစ်တိုးလာတဲ့ ပညာရေးအသက်အာမခံဟာ နှစ်ရှည်အာမခံအမျိုးအစားဖြစ်ပြီး ထားမယ့်သက်တမ်း ကို ၉နှစ်၊ ၁၁ နှစ်၊ ၁၄ နှစ်ဆိုပြီး ၃ မျိုးရှိကာ အာမခံနှုန်းထားမှာလည်း ကျပ်သိန်း ငါးဆယ် ကနေ ကျပ်သိန်း တစ်ထောင်အထိ ထား နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

' ' ဒီအာမခံက နှစ်ရှည်အမျိုးအစားဖြစ်လို့ အာမခံထားသူက ကိုယ်ထားတဲ့နှစ်၊ ထားတဲ့ပမာဏပြည့် သွားရင်လည်း ဒီငွေကို ပြန်အမ်းငွေအနေနဲ့ ထုတ်ယူနိုင်လို့ ငွေစုပြီးသားဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ပေးထားတဲ့ငွေအပေါ်မှာချေးငွေလည်းထုတ်ယူနိုင်ပါသေးတယ်။'' ဒေါ်အေးမိုးမိုးကြည်ကရှင်းပြပါတယ်။

ပညာရေးအသက်အာမခံမှာ ပုံစံ ၂မျိုးရှိပြီး ထားတဲ့အမျိုးအစားပေါ်မူတည်ပြီး ပရီမီယံကြေးပေးသွင်းငွေနဲ့ ခံစားခွင့်လည်း ကွာခြားမှာဖြစ်ပါတယ်။

အာမခံထားမယ့်သူဟာ အသက် ၁၈ နှစ်ကနေ ၅၆ နှစ်အတွင်းရှိသူဖြစ်ရမှာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ လည်းဖြစ်ရမှာပါ။

ဒီအာမခံအမျိုးအစားအတွက် အာမခံထားသူဟာ ကိုယ့်ကိုကိုယ်သတ်သေတာမျိုး၊ ရောဂါတစ်စုံတစ်ရာကို ဖုံးကွယ်ပြီး အာမခံထားတာမျိုးဆိုရင်တော့ ပေးသွင်းထားတဲ့ငွေကိုသာ အမ်းငွေအနေနဲ့ရရှိမှာဖြစ်ပြီး အာမခံ လျော်ကြေးငွေကိုတော့ ရရှိနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းကို မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိက အာမခံလုပ်ငန်း ၁၀ ခုကသာ လုပ်ကိုင် နေတာဖြစ်ပြီး လာမယ့် စက်တင်ဘာလလောက်ကစကာ နိုင်ငံခြားအာမခံကုမ္ပဏီတွေပါ စတင်လုပ်ကိုင် တော့မှာဖြစ်ပါတယ်။

'' နိုင်ငံခြားအာမခံကုမ္ပဏီတွေလည်း ပြည်တွင်းဝင်လာတော့မယ်။ ဒီတော့ ပြည်တွင်းကုမ္ပဏီတွေ ရဲ့ အာမခံ ဈေးကွက် ပိုပြီး ဖွံ့ဖြိုးလာဖို့ ဆိုရင် အဓိကက တော့ အာမခံပေးလျော်တဲ့အပိုင်းမှာရော အောက်ခြေ ဝန်ထမ်းတွေတင်မကဘူး၊ စီမံခန့်ခွဲမှု လယ်ဗယ်တွေကပါ လိုက်ပြီးပြောင်းလဲပြီး ဝန်ဆောင်မှုကို ကောင်းကောင်း ယှဉ်ပြိုင်ကြဖို့လိုတယ်။'' လို့ စီးပွားရေးပညာရှင်ဒေါက်တာအောင်ကိုကိုက အကြံပြုပြောဆို ပါတယ် ။

နိုင်ငံခြား အာမခံကုမ္ပဏီတွေအနေနဲ့ စတင်လုပ်ကိုင်ခွင့်ရချိန်မှာ အာမခံအမျိုးအစား ၂ မျိုးသာလုပ်ကိုင်ခွင့် ရမှာဖြစ်ပါတယ်။

ဒီထဲကမှ အသက်အာမခံအမျိုးအစားကို ရာနှုန်းပြည့်နိုင်ငံခြားရင်နှီးမြုပ်နှံမှုနဲ့ လုပ်ကိုင်နိုင်မှာဖြစ်ပြီး အထွေထွေ အာမခံ ကို ပြည်တွင်းကုမ္ပဏီတွေနဲ့ဖက်စပ် လုပ်ကိုင်ခွင့်ကိုသာရမှာဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လူသန်း ၅ဝဝ အတွက် အခမဲ့ ကျန်းမာရေး အာမခံ

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ