သင်္ကြန်တွင်းအမှိုက် ဘယ်လိုရှင်းမလဲ

သန့်ရှင်းရေး ဓာတ်ပုံ မူပိုင် Clean Yangon Facebook
Image caption ရေမြောင်းဖော် အမှိုက်ရှင်းဖို့ Clean Yangon အဖွဲ့သားတွေနဲ့ လက်တွဲပါ၀င်စို့

မြို့တော် သန့်ရှင်းရေး အတွက် စိန်ခေါ်မှုတွေ ပြုပြီး အမှိုက်ရှင်း ၊ ရေမြောင်း သန့်ရှင်းရေး လုပ်ပေးတဲ့ Clean Yangon ပရဟိတ အဖွဲ့ကို ထူထောင်ခဲ့တာ လာမယ့် မေလ ဆိုရင် ၂နှစ်ပြည့်ပါပြီ။

အမှိုက်နဲ့ ရေမြောင်း ရှင်းဖို့ အတွက် စိန်ခေါ်မှုတွေ ပြုလုပ်ပြီး အမြို့မြို့ အနယ်နယ်မှာ လုပ်ဆောင်လာကြတဲ့ အတွက် Clean Yangon အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာလည်း လူသိများလာခဲ့ပါတယ်။

သင်္ကြန်လိုကာလမျိုးမှာ ရိုးရာ သင်္ကြန် ဖော်ဆောင်ရေး ပရဟိတ အသင်းနဲ့ ချိတ်ဆက်ပြီး ရန်ကုန်မှာ ရေကစားထွက်သူတွေ အဆင်ပြေစေဖို့ ဝိုင်းကူတာမျိုး ၊ စည်းကမ်းမဲ့ အမှိုက်စွန့်သူတွေကို အမှိုက်ကောက်ပြရင်း အသိပညာ ပေးလေ့ရှိတယ်လို့ အဖွဲ့ တည်ထောင်သူ မသဉ္ဇာအေး က ပြောပါတယ်။

သူတို့အဖွဲ့ အနေနဲ့ သင်္ကြန်မှာ အဓိက လုပ်ဆောင်တာကတော့ လမ်းလျှောက်သင်္ကြန်တွေ ခေတ်စားလာချိန်မှာ လူအုပ်စုထဲ မိခင်နဲ့ ကလေး ကွဲသွားတာမျိုး ၊ လူပျောက် ကလေးပျောက်တာတွေကို ချိတ်ဆက် အကြောင်းကြား ပေးတာ ၊ အပျော်လွန်သူတွေ ၊ တပါးသူ အနှောက်အယှက် မဖြစ်စေဖို့ အချင်းများ ၊ ရန်ဖြစ်မှုတွေကို ဖြန်ဖြေ ၊ ဖြေရှင်းပေးတာ ၊ အင်းယားကန်နဲ့ မြကျွန်းသာလို ရေကမ်းစပ် တွေမှာ ရေထဲဆင်းဆော့ ရေနစ်သူတွေကို ကယ်ဆယ်ဖို့ မိတ်ဖက် အဖွဲ့တွေနဲ့ ချိတ်ဆက် အကူအညီ ပေးတာတွေ Clean Yangon ပရဟိတ အဖွဲ့က လုပ်ဆောင်ပေးလျက် ရှိပါတယ်။

မနှစ်ကဆိုရင် ရန်ကုန်မှာ လူအများဆုံး မဏ္ဍပ်ဖြစ်တဲ့ မြို့တော်၀န် မဏ္ဍပ် တခုတည်းမှာတည်း မိခင်နဲ့ ကလေးကွဲသွားတဲ့ လူပျောက် ၊ အုပ်စုကွဲမှု ၂၀ ကျော် ဖြစ်ခဲ့ပြီး စကားပြောတတ်တဲ့ ကလေးဆိုရင် အုပ်ထိန်းသူရဲ့ ပုံပန်း သဏ္ဍာန်ကို မေးကာ ဆက်သွယ်ရေး မဏ္ဍပ် အကူအညီနဲ့ အော်ဟစ်ရှာပေးတာ ၊ အွန်လိုင်း ပေါ်ကနေ ချိတ်ဆက် ရှာဖွေ ပေးတာတွေ လုပ်ခဲ့တယ်လို့ မသဉ္ဇာအေး က ပြောပါတယ်။

ဒါ့အပြင် သောက်စား အလွန်အကျူး မူးနေသူတွေ အန္တရာယ် မဖြစ်အောင် ၊ မလိုအပ်ဘဲ ပြဿနာ မတက်ရအောင် ထိန်းပေးတဲ့ သဘောနဲ့ ကူညီပေးပြီး အရမ်းဆိုးရွား သောင်းကျန်းလာပါက တာ၀န်ရှိသူတွေဆီ အပ်ပေးရလေ့ ရှိတယ်လို့ ဆိုပါတယ်။

ရေစပ်ကို မူးမူးနဲ့ ဆင်းသွားတဲ့ သူတွေ တွေ့ရင် ကမ်းစပ်မှာ စောင့်နေတဲ့ အရေးပေါ် ကယ်ဆယ်ရေး လှေတွေနဲ့ သွားရောက် ကယ်ဆယ်တာမျိုးတွေ လုပ်ပေးရလေ့ ရှိတယ်လို့ မသဉ္ဇာအေး က ပြောပါတယ်။

အမှိုက်ကောက်တဲ့ လုပ်ငန်းကိုတော့ သတ်မှတ်ထားတဲ့ တာ၀န်ယူထားတဲ့ ပွိုင့်တွေ ၊ နေရာတွေ ၊ စတုဒိသာ မဏ္ဍပ်တွေမှာ လူအများအပြား ချခဲ့တဲ့ လမ်းပေါ် ပြန့်ကျဲနေတဲ့ အမှိုက်တွေကို Clean Yangon ပရဟိတ အဖွဲ့က သိမ်းပေးတာတွေကို သင်္ကြန်တွင်းမှာ အဓိက ထား လုပ်ဆောင်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Clean Yangon Facebook
Image caption ရေမြောင်းနဲ့ နောက်ဖေးလမ်းကြားဆိုတာ အမှိုက်ပစ်စရာ နေရာမဟုတ်ကြောင်း လူတိုင်းကို အသိပညာပေးဖို့လိုနေ

သင်္ကြန်မှာ အဓိက ပြဿနာက တခါသုံး စွန့်ပစ်စ္စည်း သုံးပြီး စတုဒိသာ ကျွေးလေ့ရှိကြတာကြောင့် အဲ့ဒီ တခါသုံး ပစ္စည်းတွေကို အကြီးအကျယ် ဖြေရှင်း ရလေ့ရှိတယ်လို့ မသဉ္ဇာအေး က ရှင်းပြပါတယ်။

အဲ့ဒီလို သင်္ကြန်တွင်း အမှိုက်ကောက်တဲ့ အခါ ဝိုင်း၀န်းကူညီ အမှိုက်အိတ်တွေ ယူကာ ဝိုင်းကောက်ပေးသူတွေ ရှိသလို၊ ဒါဟာ သူတို့နဲ့ မဆိုင်ဘူး တခြားသူတွေ လုပ်ရမှာပါ၊ ဒီအလုပ် လုပ်တာဟာ ပေါ်ပင် ဖြစ်ချင်လို့ လုပ်တာပါ ဆိုတဲ့ အပြစ်ပြောသူတွေလည်း ကြုံရတက်တယ်လို့ မသဉ္ဇာအေး က ပြောပါတယ်။

ဒါ့အပြင် အရမ်းအမှိုက်ကောက်ချင်ရင် အိမ်နားက အမှိုက်တွေ လာကောက်ပေးပါလား ၊ ဒီလိုလုပ်တာ ပေါ်ပင် လုပ်တာပါလို့ အော်ဟစ် လှောင်ပြောင်တာမျိုးလည်း ရှိသလို ဒီလို ပေါ်ပင် အလုပ်တွေ ဘယ်လောက် ကြာကြာ လုပ်နိုင်မှာလဲ ဆိုပြီး မှိုချိုးမြှစ်ချိုး အပြောမျိုးတွေလည်း ခံရတတ်တယ်လို့ သင်္ကြန်တွင်း သူ့အတွေ့ အကြုံကို မသဉ္ဇာအေး က ပြောပါတယ်။

တခါတလေမှာ သူတို့ အဖွဲ့သားတွေ လမ်းပေါ် အမှိုက်ကောက်နေစဉ် ကားပေါ်ကနေ ကွမ်းတံတွေးနဲ့ လှမ်းထွေးတာမျိုးတွေလည်း ကြုံခဲ့ရဖူးတယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Clean Yangon Facebook
Image caption မြို့တော် စည်ပင် ၀န်ထမ်းတွေနဲ့ အတူ မသဉ္ဇာအေး( ယာ)တို့ ပရဟိတ အဖွဲ့သားတွေ ဝိုင်း၀န်းကူ

ရန်ကုန်တလွှား အမှိုက်ပြဿနာ ဖြေရှင်းဖို့ ဆိုရင် အဓိက အနေနဲ့ ကိုယ်နေတဲ့ နေရာ သန့်ရှင်းဖို့ တဉီးချင်း တယောက်ချင်း တာ၀န်ယူ လုပ်ဆောင်ကြဖို့ လိုသလို ဥပဒေကြောင်း အရလည်း ထိန်းကျောင်းပေးသင့် နေပြီလို့ သူက ဆိုပါတယ်။

အခုလို ပရဟိတ သမားတွေ ဘယ်လောက်ပဲ အမှိုက်ကောက်ကောက် စည်းကမ်း မရှိတဲ့ ပြည်သူတွေ ရှိနေရင် ဘယ်လိုမှ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း၊ အစိုးရော ပြည်သူရော ပူးပေါင်း ပါ၀င်ဖို့ လိုကြောင်း၊ စည်းကမ်း မရှိတဲ့ ပြည်သူတွေကို အစိုးရက ဥပဒေ အရ ထိန်းကျောင်းပေးရင် လိုချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ကြောင်း မသဉ္ဇာအေးက ပြောပါတယ်။

ပြည်သူတွေဘက်က စည်းကမ်းပိုရှိဖို့ လိုအပ်ကြောင်း၊ ဥပမာ ရေမြောင်း၊ နောက်ဖေး လမ်းကြား ဆိုတဲ့ နေရာတွေဟာ အမှိုက်ပစ်ဖို့ နေရာ မဟုတ်ဘဲ သတ်မှတ်ထားတဲ့ နေရာတွေမှာ ပစ်ဖို့ လိုတယ်၊ အဲ့ဒီလို သတ်မှတ်ထားတဲ့ နေရာမှာ မပစ်သူတွေကို အစိုးရကလည်း ပထမ အဆင့် အနေနဲ့ ဘယ်လို အသိပညာ ပေးမလဲ ၊ မရရင် ဒုတိယ အဆင့် အနေနဲ့ ဘယ်လို အရေးယူမလဲ ဆိုတာတွေကို အစီအစဉ်တွေ ချမှတ်ပြီး လုပ်ဆောင်သင့်တယ်လို့ Clean Yangon ပရဟိတ အဖွဲ့က အကြံပေး တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် Clean Yangon Facebook
Image caption သတ်မှတ်တဲ့ နေရာမှာ စနစ်တကျ အမှိုက်ပစ်ဖို့ လူထုကို အသိပညာပေးရမှာ ဖြစ်သလို ဥပဒေနဲ့ ထိန်းကျောင်းဖို့လည်း လိုနေပြီ

သင်္ကြန်မှာ အမှိုက်ထွက်ရှိမှု များပြီး စတုဒိသာတွေမှာ ဆိုရင် တခါသုံး စွန့်ပစ် ပစ္စည်းတွေ အစား စတီးခွက် ၊ ကော်ခွက်တွေ သုံးစေချင်ကြောင်း ၊ သင်္ကြန် ကာလ ဆိုတာကလည်း ပုံမှန်ထက် လူမျိုးစုံ ပျော်ချင် ပါးချင် တဲ့ အတွက် လူငယ်တွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပျော်ပါးသင့်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လာမယ့် သင်္ကြန် ကာလအတွင်းမှာ

  • ကိုယ့်အပျော်ကြောင့် တပါးသူကို မထိခိုက်စေဖို့
  • ကိုယ်သုံးတဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ကြဖို့
  • အရက်သေစာကို ချင့်ချင့်ချိန်ချိန် သောက်စားကြဖို့

Clean Yangon ပရဟိတ အဖွဲ့က လူငယ်တွေကို တိုက်တွန်း ပန်ကြားထားပါတယ်။

Clean Yangon Campaign အဖွဲ့ဟာ မသန်စွမ်း ကျောင်းဆရာမ ဒေါ်အိအိညိမ်း၊ မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် တို့နဲ့ အတူ ပြည်သူ့ ဂုဏ်ရည်အထူးဆု ( Citizen of Burma Award) ကို ၂၀၁၉ အတွက် ရရှိထားတာ ဖြစ်ပါတယ်။

ဒီဆုတွေကို အဝေးရောက် မြန်မာတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ရွေးချယ်ခဲ့ပြီး ဧပြီလ ၆ ရက်က ဆုရသူတွေကို ကြေညာခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုနဲ့ အထူးဆုရှင် ကြေညာဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် Phoenix မြို့မှာ တပြိုင်တည်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဆုပေးအပ်ပွဲကိုတော့ ဧပြီလ ၂၈ ရက်နေ့ မန္တလေးမှာ ကျင်းပမှာဖြစ်ပါတယ်။

၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို အမေရိကန်ဒေါ်လာ ၁ သောင်း ချီးမြှင့်ပြီး အထူးဆုရှင်တွေကိုတော့ ဒေါ်လာ ၁ ထောင်စီ ချီးမြှင့်တာ ဖြစ်ပါတယ်။