မြောက်ဦးတိုက်ပွဲ- အိမ်ထောင်သည်လိုင်းကသူတွေကို ကယ်တင်ခဲ့တာလို့ အေအေပြော

ဓာတ်ပုံ မူပိုင် Arakan Army
Image caption ရခိုင်ပြည်နယ်ထဲ အခြေစိုက်မယ်ဆိုပြီး ထိုးဖောက်လာခဲ့တဲ့ အေအေတပ်ဖွဲ့

မြောက်ဦး ရဲတပ်ရင်း စီးနင်းမှုကနေ သူတို့ ခေါ်ဆောင်သွားတဲ့အမျိုးသမီးတွေ၊ ကလေးတွေကို အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ဖို့ စီစဉ်နေတယ် ဆိုပြီး ရခိုင်လက်နက်ကိုင် အေအေ အဖွဲ့က ပြောပါတယ်။

သူတို့လက်ထဲမှာ အမျိုးသမီး လေးယောက်နဲ့ ကလေး သုံးယောက် ရှိနေတယ်လို့ အေအေက အတည်ပြု ပါတယ်။

ကိုးသောင်းဘုရားအနီး အခြေချထားတဲ့ ရဲတပ်ရင်း အမှတ် ၃၁ ကို အေအေက စီးနင်း တိုက်ခိုက်ခဲ့မှုအတွင်း အိမ်ထောင်သည်လိုင်းကနေ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီး ခေါ်ဆောင် သွားတဲ့ လုပ်ရပ်အပေါ် အစိုးရစစ်တပ်ကတော့ အကြမ်းဖက်လုပ်ရပ် အဖြစ် ရှုတ်ချထားပါတယ်။

အေအေကတော့ အစိုးရတပ်ရဲ့ ရှုတ်ချမှုကို ငြင်းဆိုပြီး စစ်တိုက်လေယာဉ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုထဲကနေ ကယ်ထုတ်ခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ တပ်ဖွဲ့ဝင်တွေသာ ကယ်ထုတ်မသွားခဲ့ဘူး ဆိုရင် ဂျက်လေယာဉ်တွေရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေထဲ အဲဒီ အမျိုးသမီးတွေ၊ ကလေးတွေ သေဆုံးသွားနိုင်တယ်လို့ အေအေပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။

သူတို့ ခေါ်ဆောင်လာသူတွေ အခု ဘေးကင်း လုံခြုံရာမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဘယ်လို ပြန်လွှတ်မှာလဲ၊ ဘယ်တော့ ပြန်လွှတ်မှာလဲ

သူတို့ ခေါ်ဆောင်လာခဲ့သူတွေကို ပြန်လွှတ်ပေးနိုင်ဖို့ ဒေသခံ ရပ်မိရပ်ဖတွေနဲ့ ဆက်သွယ်နေတယ်လို့ ခိုင်သုခက ပြောပါတယ်။

အမျိုးသမီးအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း တစ်ခုခုကများ လာယူနိုင်မလား ဆိုပြီး ကြိုးစားနေကြတာလည်း ရှိတယ်လို့ ဆိုပါတယ်။

တာဝန်ခံပြီး လက်ခံ လွှဲပြောင်းယူမယ့်သူ ရှိလာရင် အမြန်ဆုံး ပြန်ပို့ပေးမယ်လို့ ခိုင်သုခက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar Police Force
Image caption ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ပုံ

မိသားစုဝင် အိမ်ထောင်သည်လိုင်းကို အေအေက ဘာဖြစ်လို့ ပစ်မှတ် ထားခဲ့ရတာလဲ ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ သူတို့အနေနဲ့ အစိုးရတပ်က နေရာချထားတဲ့ အမြောက်လက်နက်ကြီးတွေကို ဖျက်ဆီးနိုင်ဖို့ စီးနင်း ခဲ့တာမှာ အိမ်ထောင်သည်လိုင်းကို ကျော်ဖြတ်ပြီးမှ ရောက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ခိုင်သုခက တုံ့ပြန်ပါတယ်။

ရဲတပ်ဖွဲ့ မိသားစုဝင်တွေ ပြန်လည် လွတ်မြောက်လာပြီ ဆိုရင် သူတို့ အပေါ် အေအေက ဘယ်လို ပြုမူ ဆက်ဆံခဲ့လဲ ဆိုတာ မေးကြည့်နိုင်တယ် ဆိုပြီး ခိုင်သုခက ပြောပါတယ်။

အေအေတွေရဲ့ လက်ထဲ ပါသွားကြသူတွေဟာ ဒုရဲအုပ်တစ်ယောက်ရဲ့ မိခင်၊ ဇနီးသည်၊ သားတစ်ယောက်၊ သမီးတစ်ယောက်၊ နောက် ဒုရဲအုပ်တစ်ယောက်ရဲ့ ဇနီးနဲ့ သမီး၊ ရဲတပ်သားတစ်ဦးရဲ့ ဇနီးတို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာ အဖြစ် အပြာရောင် အမှတ်အသား ရထားတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါဟာ အေအေက ပြောတဲ့ အမျိုးသမီး လေးယောက်နဲ့ ကလေး သုံးယောက် ဆိုတဲ့ အရေအတွက်နဲ့ ကိုက်ညီပါတယ်။

မြောက်ဦးလက်ရှိ အခြေအနေ

ဧပြီ ၉ ရက် ညပိုင်းကစလို့ နောက်တစ်ရက်လုံး လိုလို တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တဲ့ မြောက်ဦး အပါအဝင် ရခိုင်ပြည်နယ်ထဲ ဧပြီ ၁၁ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်သံ မကြားရဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမဲ့လည်း မြောက်ဦးမြို့နယ်ထဲက ကျေးရွာတချို့မှာတော့ အစိုးရတပ်က ဝင်ရောက်ပြီး လူတွေ ဖမ်းဆီး ခေါ်ဆောင်တာမျိုး ရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အေအေတပ်ဖွဲ့ဝင် ၂၃ ယောက်ကို အရပ်ဝတ်နဲ့ ဖမ်းမိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားတဲ့ လက္ကာရွာမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမြင့် အပါအဝင် လေးယောက်ကို အစိုးရတပ်က ခေါ်သွားခဲ့ပြီး ညနေပိုင်းမှာတော့ အဲဒီ လေးယောက် ပြန်လွတ်လာတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေ့က ရွာကို စီးနင်းခံရ၊ လူတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီး ခေါ်သွားတာခံရတဲ့ အပြင် နောက်တစ်ရက်မှာလည်း ရွာလူကြီး အပါအဝင် လူ ၄ ယောက် ထပ်ဖမ်းခံခဲ့ရတဲ့ အတွက် ရွာသားတွေ ကြောက်ပြီး ပြေးကုန်ကြပြီလို့ အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် NARINJARA
Image caption ပစ်မှတ်ထားခံရတဲ့ လက္ကာရွာ

မြောက်ဦးမြို့နယ်ထဲကပဲ အောက်လေညှင်းတောင် ရွာမှာလည်း လူ ၃ ယောက် အစိုးရတပ်ရဲ့ ဖမ်းဆီး ခေါ်ဆောင်သွားတာ ခံရပါတယ်။

ကိုးသောင်း ဘုရားနားက ရဲတပ်ရင်းကို ဝင်တိုက်တဲ့ တစ်နေ့တည်းမှာပဲ လေးညှင်းတောင်မှာ နေရာချထားတဲ့ အစိုးရ လက်နက်ကြီးတပ်ကို ဝင်တိုက်ခဲ့တယ်လို့ အေအေက ပြောထားပါတယ်။

ဒါ့ကြောင့် အေအေနောက် လိုက်လံ နေတဲ့ အစိုးရစစ်ကြောင်းဟာ အနီးနား ဝန်းကျင်မှာ ရှိတဲ့ ရွာတွေထဲ ဝင်ပြီး အေအေတပ်ဖွဲ့ဝင်တွေ ခိုအောင်းနေသလား ဆိုတာ ရှာဖွေ ဖမ်းဆီး နေပုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အေအေနဲ့ မသက်ဆိုင်ဘဲ သာမန် အရပ်သား ရွာသားတွေ ဖမ်းဆီးခံနေရတာ အင်မတန် ရင်နာစရာ ကောင်းတယ်၊ လူကြီးလူငယ်မရွေး အဖမ်းခံရပြီး အားလုံး မျက်ရည်စက်လက် ဖြစ်ခဲ့ကြတယ်လို့ လက္ကာရွာက ဦးစောဝင်းမောင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် တခုလုံးကို ခြုံကြည့်ရင်လည်း မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) တို့နဲ့ ဖမ်းဆီး တရားစွဲဆိုခံရသူဟာ ရာဂဏန်းနီးပါး ရှိသွားပြီ ဖြစ်တယ်လို့လည်း လူ့အခွင့်အရေး လူပ်ရှားသူတွေက ပြောကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော