စိုးရိမ်စရာ တောဆင်ရိုင်း အရေခွံ ကုန်သွယ်ရေး

၂ဝ၁၇-၁၈ ခုနှစ်မှာ မြန်မာတောရိုင်းဆင် ၅၉ ကောင်အထိ သတ်ဖြတ်ခံခဲ့ရပါတယ် ဓာတ်ပုံ မူပိုင် WWF Myanmar
Image caption ၂ဝ၁၇-၁၈ ခုနှစ်မှာ မြန်မာတောရိုင်းဆင် ၅၉ ကောင်အထိ သတ်ဖြတ်ခံခဲ့ရပါတယ်

မြန်မာနိုင်ငံမှာ ခုနစ်ရက်ကို ဆင်တစ်ကောင် အသတ်ခံနေရပါတယ်၊ ဒါဟာ၂၀၁၈ ခုနှစ် ကအသတ်ခံရပြီးသား ဆင်တွေ ကို သစ်တောဝန်ထမ်းတွေ တွေ့ရတဲ့ အထောက်အထားတွေအရ ဖြစ်ပြီးတော့ အထောက်အထား မတွေ့ရဘဲ အသတ်ခံရတာတွေလည်း ရှိနိုင်တယ်လို့ မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်းပြီးဆင်ထိမ်းသိမ်းရေးလုပ်ငန်းတွေလုပ် ကိုင်နေတဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ မြန်မာက ကပြောပါတယ် ။

ဒီနှုန်းအတိုင်း အသတ်ခံနေရရင် မြန်မာနိုင်ငံက တောရိုင်းဆင်တွေ ဆယ်စုနှစ်အတွင်း ပျောက်သွားနိုင်တယ်လို့လည်း WWF အကြီးတန်း ဆက်သွယ်ဆက်ဆံရေးအရာရှိ ကိုရဲမင်းသွင်က ပြောပါတယ် ။

၂၀၁၁ ခုနှစ်က နောက်ဆုံးကောက်ခံ ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင် ရေ ၁၄၀၀ နဲ့ ၂၀၀၀ ကြားရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး အခုနှစ်အတွင်း အသတ်ခံရမှုတွေ များလာတာကြောင့် အဲ့ဒီ အရေအတွက်ထက် အများကြီးနည်းနိုင်တယ်လို့လည်း ဆင်ထိမ်းသိမ်းရေးလုပ်ငန်းတွေလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဆင်တွေကို ဘာကြောင့်သတ်ကြတာလဲ

ဓာတ်ပုံ မူပိုင် Thar Paung Police
Image caption အစွယ်အပြင် အသား၊ အရေ၊ အရိုးစတဲ့ အစိတ်အပိုင်းအားလုံးကို တရားမဝင် ရောင်းဝယ်ဖို့ အတွက်ပါ သတ်ဖြတ်လာကြပါတယ်။

အရင်က တောဆင်ရိုင်းတွေကို အစွယ်အတွက် ဆင်ထီးတွေကို ရွေးချယ်သတ်ဖြတ်ခဲ့ရာမှ အခုအခါ ဆင်မတွေပါအသတ်ခံလာရတဲ့ အတွက် မျိုးပွားမှုကို ပါ တိုက်ရိုက်ထိခိုက်လာတာဖြစ်တယ်လို့လည်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (World Wide Fund for Nature-WWF) ကပြောပါတယ်။

သစ်တောဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ ၂ဝ၁၅ ခုနှစ်မှာ တောဆင်ရိုင်း ၃၅ ကောင်နဲ့ ၂ဝ၁၆ မှာ တောဆင်ရိုင်း ၂၆ ကောင်၊ ၂ဝ၁၇-၁၈ ခုနှစ်မှာ ၅၉ ကောင်အထိ သတ်ဖြတ်ခံရတယ် လို့ သိရပါတယ်။ဆင်မုဆိုးတွေ အမဲလိုက်သတ်ဖြတ်မှုက အမျာဆုံးဖြစ်ပြီးတော့ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီး မှာ တောဆင်ရိုင်းတွေ အများဆုံးသတ်ဖြတ်ခံနေရတာဖြစ်ပါတယ်။

ဆင်ကောင်ရေ ဘယ်လောက်ကျန်သေးလဲ

ဓာတ်ပုံ မူပိုင် Thar Paung Police
Image caption တရုတ်နိုင်ငံဘက်က ဈေးကောင်းပေးဝယ်တဲ့အတွက် ဆင်တွေ အရေခွံ ဆုတ် အသတ်ခံရမှုဟာ တိုးလာတယ်လို့ စောင့်ကြည့်သူတွေကပြော

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံပြီးရင် အာရှဆင်ကောင်ရေ အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အရင်က မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင်ရေ ၁ဝဝဝဝ ခန့်အထိ ရှိခဲ့ ပြီးတော့ လက်ရှိ မြန်မာနိုင်ငံ တောဆင်ရိုင်းကောင်ရေဟာ ၂ဝဝဝ အောက် ရောက်ရှိနေပြီလို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

တောဆင်ရိုင်းကောင်ရေ လျော့နည်းကျဆင်းစေ တဲ့ အဓိက အကြောင်းအရင်းတွေကတော့ မုဆိုးတွေ သတ်ဖြတ်တာခံရတာနဲ့ ဆင်ကျက်စားနေထိုင်တဲ့ နေရင်းဒေသေတွေ ပျက်စီးလာတာတွေကြောင့်ဖြစ်တယ်လို့လည်း WWF ကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် မှာ ဧပြီလ ၈ ရက်နေ့က လူ သုံးဦးကို ဆင်ပစ်ရာ မှာ သုံးတဲ့ တူးမီး သေနတ်တစ်လက် အပါအဝင် ဆင်သတ်ရာမှာ သုံးတဲ့ လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဒေသခံ ဆင်မိတ်ဆွေများ အသင်းကနေ သိရပါတယ်။

ဖမ်းဆီးရမိသူ သုံးဦးနဲ့အတူ တူမီးသေနတ် တစ်လက်၊ အရိုးအသွား ၁၅ လက်မခွဲခန့်ရှိ သစ်သားရိုးတပ် ဓား တစ်ချောင်း၊ ဆင်ဦးစီးကိုင်ဓား တစ်ချောင်း၊ သံမြှားချွန်၊ တံစည်း၊ ယမ်းအနက်၊ အဝါရောင်ကန့်မှုန့်၊ အဖြူရောင်ယမ်းစိမ်း၊ ဆင်ပစ်ရာမှာ သုံးတဲ့အဆိပ်တွေကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။

အခုလိုဖမ်းမိတာတွေ ရှိပေမဲ့ သစ်တောဘက်က စောင့်ကြည့်တဲ့ဝန်ထမ်းနည်းပါးမှုဟာ ဆင်သတ်တဲ့ ဖြစ်စဉ်တွေ ကို တားဆီးဖို့မလွယ် တဲ့ အကြောင်းရင်းလို့လည်း ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတွေ ကပြောပါတယ်။

ဆင်အရေခွံအရောင်းဝယ်

၂၀၁၇ လောက်ကစပြီး ဈေးကွက်က ဆင်အရေခွံ ဝယ်လိုအားတိုးလာပြီး တရုတ်နိုင်ငံဘက် က ဈေးကောင်းပေးဝယ် တဲ့အတွက် ဆင်တွေ အရေခွံ ဆုတ် အသတ်ခံရမှုဟာ တိုးလာတယ် လို့စောင့်ကြည့်သူတွေက ပြောပါတယ်။

ဆင်အရေခွံ ကို လက်ဆောင်ပစ္စည်း အမှတ်တရ ပစ္စည်းတွေ ထုတ်လုပ် ရောင်းချ လာတာကြောင့် အရင်လို ဆင်ထီးကိုပဲ အစွယ် အတွက်သတ်တာ မဟုတ်ဘဲနဲ့ ဆင်မတွေပါ အသတ် ခံလာရတာ ဖြစ်တယ် လို့လည်း WWF ကပြောပါတယ်။

ဆင်အရေခွံ အရောင်းအဝယ် အများစုက နယ်စပ်ကနေ တရုတ်ဘက် ကို သွားတာများပြီး လာအို၊ဗီယက်နမ် ဘက်ကိုလည်းသွားတာတွေရှိတယ်လို့လည်း ဆင်အရေခွံအရောင်းဝယ် စောင့်ကြည့်သူတွေက ပြောပါတယ်။

ဒါ အပြင် ဆင်အရိုးကထုတ်တဲ့ ပစ္စည်းတွေကလည်း ဝယ်လိုအားရှိတယ် လို့လည်း သိရပါတယ်။

ဆင်အရေခွံ က ပုတီးလေးတွေ ထုတ်တာတွေ့ရပြီး ဆင်အရိုး ကတော့ ပန်းပုလို အမှတ်တရ ပစ္စည်းတွေထုတ်ကြတာလည်း တွေ့ရပါတယ်။

ဆင်နဲ့ မြန်မာ့သမိုင်း

ဆင်ဟာ မြန်မာ့သမိုင်း မှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်နေခဲ့ပြီး ရှေးအခါက စစ်တိုက်ရာမှာ ဆင်ကို အသုံးပြု ကြပါတယ်။ ဆင်ဖြူကို မြင့်မြတ်တယ်လို့ယူဆယုံကြည်ကြပါတယ်။

ဆင်ဖြူကို ဘာသာရေးနှင့်နှီးနွှယ်ပြီး မြင့်မြတ်တဲ့ သတ္တဝါတစ်မျိုးအဖြစ် အထွတ်အမြတ်ထားကြတာကိုလည်း ရှေးစာပေကျမ်းဂန်တွေမှာ တွေ့ရှိရပါတယ်။ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ သစ်ထုတ်လုပ်ငန်း တောဆင်ရိုင်း ဖမ်းဆီးခြင်းကို ၂ဝ၁၄ ခုနှစ်မှ စတင်ရပ်ဆိုင်းခဲ့ တယ်လို့သိ ရပါတယ်။

မြန်မာ နိုင်ငံအစိုးရရဲ့၂ဝ၁၈ ခုနှစ် မေလ ၂၁ ရက်နေ့က အသစ်ပြဋ္ဌာန်းခဲ့ တဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေမှာ မျိုးသုဉ်းမယ့် အန္တရာယ်မှ လုံးဝကာကွယ်ထားတဲ့တောရိုင်း ဆင်မျိုးစိတ်တွေနဲ့စပ်လျဉ်းပြီး ကျူးလွန် ပြစ်မှုတွေအတွက် ပြစ်ဒဏ်တွေကို တိုးမြှင့်ထားပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ သားရဲတိရိစ္ဆာန်တွေ ရောင်းဝယ်တာ ပပျောက်ဖို့အတွက် ပညာပေးတာအပြင် ပြစ်ဒဏ်တွေကိုလည်း အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ငွေဒဏ်တပ်နိုင်တဲ့ ဥပဒေတွေနဲ့ တားမြစ်နေတယ်လို့လည်း သစ်တောဦးစီးဌာန သဘာ၀ ဝန်းကျင်နဲ့ သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဌာနခွဲရဲ့ ညွန်ကြားရေးမှူးဦးဝင်းနိုင်သော်က ပြောပါတယ်။

သားရဲတိရိစ္ဆာန်ထွက် ပစ္စည်းတွေနဲ့လုပ်တဲ့ အသုံးဆောင်တွေဟာ ပြည်တွင်းပြည်ပမှာ ဈေးကွက်ရှိနေတဲ့အပြင် ကမ္ဘာနဲ့အဝှမ်းမှာ သားရဲတိရိစ္ဆာန်ရောင်းဝယ်တာတွေကို ဖမ်ဆီးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတာကြောင့် ပစ္စည်းတွေရှားပါးလာပြီး မက်လောက်တဲ့ဈေးကွက် ရှိနေတာကလည်း သားရဲတိရိစ္ဆာန်ပစ္စည်းတွေကို မှောင်ခိုရောင်းဝယ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ သူက ဆိုပါတယ်။

ဆင်အရေခွံအရောင်းဝယ် မဖြစ်အောင် ဘာတွေလုပ်ဖို့လိုမလဲ

ဓာတ်ပုံ မူပိုင် WWF
Image caption သစ်တောဘက်က ထိန်းသိမ်းရေးဝန်ထမ်း နည်းတာကလည်း အခက်ခဲ ဖြစ်ပါတယ်

တောဆင်ရိုင်းတွေကို သတ်ဖြတ်ကြတဲ့ အဓိကအကြောင်းရင်းက ဆင်အရေခွံကြောင့်ဖြစ်သလို တောဆင်ရိုင်း စားကျက်တွေပျောက်ပြီး လူတွေနဲ့ ပဋိပက္ခကြောင့်လည်း ဖြစ်ပါတယ်။

၂၀၁၈ နောက်ပိုင်း WWF အပါဝင် အစိုးရဘက်ကပါ ကင်းလှည့်တာ ရဲတပ်ဖွဲ့နဲ့ ပေါင်းပြီး ဆင်မုဆိုးတွေကိုဖမ်းဆီးတာတွေ လုပ်လာတာကြောင့်၂၀၁၈ နှစ်ကုန်ပိုင်းက စလို့ တောဆင်ရိုင်းအသတ်ခံ ရမှုတွေ ကျဆင်းလာပါတယ် ။

ပဲခူးရိုးမဘက်မှာ နည်းသွားပေမဲ့ ဧရာဝတီဘက် မှာ ကျန်နေပါသေးတယ်။ သစ်တောဘက်က ထိမ်းသိမ်းရေးဝန်ထမ်းနည်းတာကြောင့် သစ်တောကြိုးဝိုင်း အပြင်ဘက် မှာ အသတ်ခံရတာတွေ ရှိနေပါသေးတယ် ။

သစ်တောကြိုးဝိုင်း အပြင်ဘက် တောဆင်ရိုင်းတွေ အသတ်ခံရမှု နည်းအောင် စောင့်ကြည့်မှုတွေကိုအစိုးရနဲ့ပေါင်းပြီး တိုးလုပ်သွားဖို့ရှိတယ်လို့လည်း WWF အကြီးတန်း ဆက်သွယ်ရေးအရာရှိ ကိုရဲမင်းသွင် ကပြောပါတယ်။