မြောက်ဦးမှာ ရွာသားတချို့ကို တပ်ဘက်က ခေါ်ယူစစ်ဆေးနေတဲ့အကြောင်းအပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် EPA
Image caption တပ်မတော်နဲ့ AA အကြားတိုက်ပွဲတွေကြောင့် နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်လာရသူများ

(၁) မြောက်ဦးမှာ ရွာသားတချို့ကို တပ်ဘက်က ခေါ်ယူစစ်ဆေးနေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အောက်လေညှင်းတောင်းက ရွာသား ၃ ဦးနဲ့ လက္ကားကျေးရွာက အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမြင့်တို့ကို ဧပြီလ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်တပ်က ခေါ်ဆောင်သွားခဲ့ပြီး ညနေ ၆ နာရီလောက်ကျမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒါပေမဲ့တော့ လက္ကာကျေးရွာက ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ရွာသား ၂၇ ဦးကတော့ ခုထိပြန်မလွတ်လာသေးပါဘူး။

အခုလို မကြာခဏ ခေါ်ယူစစ်ဆေးခံနေရလို့ ကျေးရွာသားတွေဟာ ကြောက်လန့်ပြီး ရွာတွေကို စွန့်ခွာထွက်ပြေးကုန်ကြပြီလို့ လက္ကာကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ဇနီးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) တွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရသူဦးရေဟာ ရာဂဏန်းနီးပါး ရှိသွားပြီ ဖြစ်တယ်လို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုနေပါတယ်။

(၂) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်မယ့် အစီအစဉ်ကို KNU တင်ပြ

ဓာတ်ပုံ မူပိုင် NRPC
Image caption နေပြည်တော်က အစိုးရနဲ့ KNU အစည်းအဝေး

မြန်မာအစိုးရနဲ့ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးမှု ရပ်ထားခဲ့တာ ၆ လ နီးပါးလောက် ရှိနေခဲ့တဲ့ ကရင်အမျိုးသားအစည်းရုံး KNU အဖွဲ့ဟာ ဧပြီလ ၁၁ ရက်နေ့မှာတော့ နေပြည်တော်မှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာတော့ KNU အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံကနေ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ဖြစ်လာတဲ့အထိ သွားနိုင်မယ့် လုပ်ငန်းစဉ်တွေရေးဆွဲထားတဲ့ အစီအစဉ်ကို အစိုးရကို ပေးခဲ့တယ်လို့ KNUရဲ့ အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမှူးက ပြောပါတယ်။

လက်ရှိမှာ အစိုးရ၊ တပ်မတော်နဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား ဆွေးနွေးကြတဲ့ ၂၁ ရာစု ပင်လုံညီလာခံအစည်းအဝေးတွေကို ဆက်လက်မကျင်းပနိုင်ဘဲ ရပ်နားထားတာ ၁ နှစ် နီးပါးလောက် ရှိနေပါပြီ။

အစိုးရအနေနဲ့ကတော့ NCA လမ်းကြောင်းကနေ ရရှိလာတဲ့သဘောတူညီချက်တွေကို အခြေခံပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ကိုယ်ညီမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။

အခု KNU က တင်ပြတဲ့ ဖက်ဒရယ်နိုင်ငံအထိသွားနိုင်ဖို့ အဆိုပြုချက်ကို အစိုးရအကြီးအကဲတွေဆီ တင်ပြပြီး ဆွေးနွေးကြရဦးမှာပါ။

နေပြည်တော်ရောက်နေတဲ့ KNU အဖွဲ့အနေနဲ့ တပ်မတော်နဲ့ အခုတခေါက်ဆွေးနွေးဖို့ရာမှာတော့ တပ်ဘက်က ဦးဆောင်ဆွေးနွေးမယ့် ခေါင်းဆောင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် တွေ့မယ့် အစီစဉ်ရက်ကို အနည်းငယ် နောက်ဆုံးထားရတယ်လို့ သိရပါတယ်။

(၃) ဆူဒန်မှာ စစ်တပ်အာဏာသိမ်းတာကို ထပ်ဆန့်ကျင်နေ

ဓာတ်ပုံ မူပိုင် EPA
Image caption ဆူဒန်မှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်နေ

ဆူဒန်နိုင်ငံမှာ သမ္မတ အိုမာအယ်လ်ဘာရှားကို နုတ်ထွက်ပေးဖို့ ဆန္ဒပြနေသူတွေဟာ သမ္မတကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ စစ်တပ်ကနေ ထုတ်ပြန်တဲ့ ကာဖျူးအမိန့်တွေကိုလည်း ဆန့်ကျင်ပြီးတော့ မြို့တော် ခါတွန်က လမ်းမတွေပေါ်မှာ ဆက်လက်ပြီး ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြနေကြတဲ့ ထောင်နဲ့ချီလူအုပ်ထဲက အမျိုးသမီးတစ်ယောက်က 'သိပ်စိတ်ပျက်စရာကောင်းတယ်၊ ဒါမျိုးဖြစ်လာမယ်လို့လည်း ထင်ထားခဲ့ပါတယ်၊ သူတို့ ညစ်ပတ်တဲ့နည်းတွေ သုံးကြဦးမယ်' လို့ ပြောပါတယ်။

သမ္မတဆီကနေ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီက အသွင်ကူးပြောင်းရေးကာလ ၂ နှစ်ထားရှိပြီးတော့ တိုင်းပြည်ရဲ့တာဝန်တွေကို သူတို့ထမ်းဆောင်သွားမယ်လို့ အစောပိုင်းတုန်းက ကြေညာခဲ့တာပါ။

ဆူဒန်က အဓိက အတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့ကွန်ကရက်ပါတီက အထွေထွေအတွင်းရေးမှူး ခါလစ်အိုမာကတော့ 'ဆန္ဒပြသူတွေက စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပါတယ်၊ ဒါဟာ ပြည်သူတွေရဲ့ တောင်းဆိုမှု၊ ပြည်သူတွေရဲ့တော်လှန်ရေးကို စစ်တပ်က ခိုးယူသွားတာပါ လို့ ပြောပါတယ်။

သမ္မတ အိုမာ အယ်လ်-ဘရှားဟာ တိုင်းပြည်ရဲ့ အာဏာကို အနှစ် ၃ဝ ချုပ်ကိုင်ထားသူဖြစ်ပြီး သူ့ကို စစ်တပ်က ရာထူးက ဖယ်ရှားပြီးတဲ့နောက် တိုင်းပြည်ကို ၃ လတာ အရေးပေါ်အခြေအနေအဖြစ် တပ်က ကြေညာခဲ့တာပါ။

မစ္စတာ ခါလစ်အိုမာကတော့ 'အစိုးရအဖွဲ့အစည်း တစ်ခုလုံးကို မပြောင်းလဲဘဲ သမ္မတ ဘာရှား တစ်ယောက်ထဲကိုပဲ လူစားလဲပြီးတော့ ပြောင်းလဲလိုက်တာမျိုး လိုချင်တာ မဟုတ်ဘူး၊ အရပ်သားအစိုးရတစ်ခုနဲ့ ပြောင်းလဲချင်တာပါ' လို့ ပြောခဲ့ပါတယ်။

(၄) ဝီကီလိခ် ဝဘ်ဆိုဒ်တည်ထောင်သူကို ဖမ်းတဲ့အပေါ် ဗြိတိန်အစိုးရ ကာကွယ်ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption လန်ဒန်မှာ အဖမ်းခံရတဲ့ ဝီကီလိခ် ဝဘ်ဆိုဒ်တည်ထောင်သူ ဂျူလီယန်အဆန့်ချ်

ဝီကီလိခ် ဝဘ်ဆိုဒ်တည်ထောင်သူ ဂျူလီယန်အဆန့်ချ်ဟာ လန်ဒန်က အီကွေဒေါနိုင်ငံသံရုံးထဲမှာ ၇ နှစ်နီးပါးကြာ ခိုလှုံနေခဲ့တာဖြစ်ပြီး အခုတော့ အီကွေဒေါအစိုးရသစ်က သူ့ရဲ့ ခိုလှုံခွင့်ကို ရုပ်သိမ်းလိုက်တဲ့အတွက် ဗြိတိန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဧပြီလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက 'ဘယ်သူမှ ဥပဒေအထက်မှာ မရှိဘူး' လို့ ပါလီမန်လွှတ်တော်ကို ပြောကြားခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဂျရမီဟန့်ကလည်း 'မစ္စတာ အဆန့်ချ်ဟာ သူရဲကောင်းမဟုတ်ဘူး' လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကေတာ့ သူတို့ရဲ့ နိုင်ငံက လျှို့ဝှက်ချက်တွေ ခိုးယူပြီးတော့ ဝဘ်ဆိုဒ်မှာဖော်ပြခဲ့တဲ့ မစ္စတာ အဆန့်ချ်ကို တရားစွဲဖို့ လိုချင်နေပြီးတော့ သူ့ကို ဗြိတိန်ကနေ သူတို့ရဲ့နိုင်ငံကို လွှဲပြောင်းပေးဖို့ တောင်းဆိုထားပါတယ်။

မစ္စတာ အဆန့်ချ်ဟာ လွန်ခဲ့တဲ့ ၇ နှစ်တုန်းက လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်မှု စွပ်စွဲချက်နဲ့ ဆွီဒင်ကို လွှဲပြောင်းတရားစီရင်ခံရမယ့် အရေးကို ရှောင်ရှားတဲ့ အနေနဲ့ အီကွေဒေါနိုင်ငံ သံရုံးထဲမှာ နိုင်ငံရေး ခိုလှုံနေတာပါ။

လန်ဒန်ရဲတွေကတော့ သူဟာ တရားရုံးမှာ လာရောက် အစစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အခုလို ဖမ်းဆီးလိုက်တာလို့ ပြောပါတယ်။