ရက္ခိုင့် ပြက္ခဒိန်ရောင်းလို့ ဖမ်းခံထားရတဲ့ လူငယ်တွေ ပုသိမ်ထောင်မှာ ဖမ်းဆီးခံထားရ

ပြက္ခဒိန်မှာ ရက္ခိုင့်တပ်မတော်နေ့ကို အထိမ်းအမှတ်နေ့အဖြစ် ဖော်ပြထား ဓာတ်ပုံ မူပိုင် Narinjara
Image caption ပြက္ခဒိန်မှာ ရက္ခိုင့်တပ်မတော်နေ့ကို အထိမ်းအမှတ်နေ့အဖြစ် ဖော်ပြထား

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဟိုင်းကြီးကျွန်းမှာ ရက္ခိုင့်ပြက္ခဒိန် ရောင်းချတဲ့ ရခိုင်အမျိုးသား တစ်ဦး အပါအဝင် အမျိုးသား ၄ ဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)နဲ့ ရဲစခန်းမှာအမှုဖွင့် ဖမ်းဆီးထား တယ်လို့ ဧရာဝတီတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့ရုံးက ရဲမှူးကြီးထွန်းရွှေက ဘီဘီစီကိုပြောပါတယ်။

အဆိုပါ အမျိုးသား ၄ ဦးကို ဧပြီ ၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမှာ ပြက္ခဒိန်ရောင်း နေစဉ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဟိုင်းကြီးကျွန်းရဲစခန်းကတဆင့် ငပုတောရဲစခန်းမှာ ပြောင်းရွှေ့ ထိန်းသိမ်းထားခဲ့ပြီး အခုနောက်ဆုံးအနေနဲ့ ပုသိမ်ထောင်ကို ပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်။

' ' ပြက္ခဒိန်ရောင်းနေတာကို တွေ့လို့ သတင်းတပ်ဖွဲ့ကနေ တရားလိုလုပ်ပြီး ဖမ်းထားတာပါ။ အဓိကကတော့ ပြက္ခဒိန်မှာပါတဲ့ ရေးထားတဲ့စာတွေက သောင်းကျန်းသူတွေသုံးတဲ့ အသုံးအနှုန်းတွေလည်း ပါတာကြောင့်ပါ။ သင်္ကြန်တွင်း ကာလဆိုတော့ အချုပ်ကနေ ထောင်ကိုပို့ထားတာများပါတယ်။ အခုကတော့ အမှုတည်ဆောက်နေတုန်းပါ ပဲ။ တရားရုံးတင်စွဲဆိုတာတော့မရှိသေးဘူး။ လေးဦးစလုံးကို ဖမ်းထားတာပါ။ ပြန်လွှတ်ပေးတာတော့ မရှိသေးဘူး '' လို့ ရဲမှူးကြီးထွန်းရွှေကပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ

အဖမ်းခံရသူ ၄ ဦးအနက် ရက္ခိုင့် ပြက္ခဒိန်ကိုရောင်းချသူမှာ ရခိုင်အမျိုးသား ကိုသိန်းအောင်မြတ် တစ်ဦးတည်းဖြစ်ပြီး ကျန် ၃ ဦးမှာ ရောင်းချသူတွေမဟုတ်ဘဲ ကားမောင်းသူ၊ အဖော်လိုက်လာသူနဲ့ မဆိုင် သူတွေသာဖြစ်တယ်လို့ အဖမ်းခံထားရသူတွေပြန်လည်လွတ်မြောက်ရေး အတွက်လိုက်လံ ဆောင်ရွက်ပေး နေတဲ့ ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌဦးတင်ထူးအောင်က ဘီဘီစီကိုပြောပါတယ်။

'' ကျွန်တော်တို့ မနေ့က ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဝန်ကြီးတွေနဲ့တွေ့ဆုံပြီး ဒီလူတွေကို တရားရုံးတင်ပြီး တရားစွဲတာတွေမလုပ်ခင် ပြန်လွတ်ပေးနိုင်ဖို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်။ ရဲစခန်းကိုလည်းရောက် ခဲ့တယ်။ သူတို့ကို ဖမ်းတာကတော့ ရက္ခိုင့်ပြက္ခဒိန်ရောင်းရာမှာပြောဆိုတဲ့စကားတွေကြောင့်ရယ် အထိမ်း အမှတ်နေ့မှာ ဧပြီ၁၀ ရက်နေ့ကို ရက္ခိုင့်တပ်မတော် အထိမ်းအမှတ်နေ့ပါတာကြောင့်လည်း ဖြစ်နိုင်တယ် လို့တော့ သိရတယ် ''လို့ ဦးတင်ထူးအောင်ကပြောပါတယ်။

ရခိုင်အမျိုးသား တစ်ဦးဖြစ်တဲ့ ကိုသိန်းအောင်မြတ်ဟာ ရက္ခိုင့်ပြက္ခဒိန်ကိုရောင်းချလာတာ ၇နှစ်နီးပါးခန့်ရှိ နေ ပြီဖြစ်တယ် လို့လည်း ကာယကံရှင်ရဲ့ ဇနီးဖြစ်သူရဲ့ ပြောကြားချက်အရ ဦးတင်ထူးအောင်သိရပါတယ်။

' ' ရောင်းတာကကြာနေပြီ။ အရင်ကမဖမ်းဘဲ အခုမှထဖမ်းတာကတော့ ရခိုင်လူမျိုးတွေကို ဖိနှိပ်တယ်လို့ပဲ ခံစားရတယ်။ အဖမ်းခံထားရတဲ့လူငယ်တွေရဲ့ အနာဂတ်ကိုကြည့်ပြီး ပြန်လွှတ်ပေးစေချင်တယ်'' လို့ ဦးတင်ထူးအောင်က ဘီဘီစီကိုပြောပါတယ်။

လက်တလော ရခိုင်ပြည်နယ်က နေရာအနှံ့အပြားမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့အကြားတိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားနေတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော