သင်္ကြန် အကြိုနေ့မှာ ရိုးရာအဝတ်အစားဝတ်ဖို့နဲ့ LGBT အပေါ်ခွဲခြားမှုလျော့နည်းရေး အသိပေး

LGBT တွေ ဝင်နွှဲတဲ့ မန္တလေးသင်္ကြန် ဓာတ်ပုံ မူပိုင် U Aung Myo Min FB
Image caption LGBT တွေ ဝင်နွှဲတဲ့ မန္တလေးသင်္ကြန်

ဧပြီ ၁၃ ရက်နေ့ ဒီနေ့မှာ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကာလရဲ့သင်္ကြန် အကြိုနေ့ကို မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာစတင်ကျင်းပနေတာမှာ မန္တလေးမြို့က လမ်းလျှောက် သင်္ကြန် ပွဲတော်မှာတော့ ရိုးရာ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ လိင်တူချင်း စုံမက်သူ LGBT တွေလည်း ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

ဒီပွဲမှာ ဝင်ရောက်ဆင်နွှဲခဲ့တဲ့ ပြည့်ဖြိုးအောင်က " မြန်မာအဝတ်အစားနဲ့ ဇာတ်အဝတ်အစား မကွဲတာရှိတယ်။ အိမ်နီးချင်းထိုင်းကိုပဲ ကြည့်လို့ရတယ်။ သင်္ကြန်မှာဆို သူတို့ရိုးရာ အဝတ်အစားတွေဝတ်ကြတယ်။ ကိုယ့်မြန်မာတွေက ဒီရှေးအဝတ်အစားကို ဝတ်ရင်ပဲ ဇာတ်ထဲကလိုလို ထင်ကြတယ်။ အဲခါကျ တော်တော်များများက ဝတ်ရတာ ရှက်တယ်။ ဒါပေမယ့်တကယ့်အစစ်တွေက ဘော်ကြယ်တွေမပါဘူး " လို့ ဘီဘီစီကို ပြောပါတယ်။

အခုပွဲက ရိုးရာဝတ်စားဆင်ယင်မှုကို ထိန်းသိမ်းတဲ့အသိပေးမှုအပြင် လိင်တူကွဲပြားခြားနားမှုတွေ ရှိပေမယ့် လည်း အားလုံးတန်းတူပါဝင်ကာ ရိုးရာအစဉ်အလာတွေကိုထိန်းသိမ်း ကြဖို့လိုအပ်တယ်ဆိုတာကို ပြသလိုတာကြောင့် အခုလို ပြုလုပ်ကြတယ်လို့ ပါဆိုကြပါတယ်။

ဒီလို ပြုလုပ်ခဲ့တာ သုံးနှစ်ရှိပြီဖြစ်ပြီး ဒီအဝတ်အစားမြင်တာနဲ့ မြန်မာဆိုပြီး ဂုဏ်ယူတဲ့လူတွေရှိသလို တချို့ကလည်း ဘေးကနေ လိုက်လံဝန်းရံ အားပေးခဲ့ကြသူတွေ ရှိတယ်လို့ ကိုပြည့်ဖြိုးအောင်က သူ့အတွေ့အကြုံကိုရှင်းပြပါတယ်။

လမ်းလျှောက်သင်္ကြန် ၊ အညာသင်္ကြန် အပြင် တောသင်္ကြန်စတာတွေကိုပါ ဒီနှစ်မန္တလေးသင်္ကြန် မှာ ထည့်သွင်းကျင်းပခဲ့ပါတယ်။ ဒါကြောင့်လည်း သင်္ကြန် အကြိုနေ့မှာတင် မန္တလေးမြို့ရဲ့ သင်္ကြန်က ပုံစံမျိုးစုံနဲ့ စည်စည်ကားကား ရှိနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရန်ကုန်က ဆပ်ပြာမြှုပ် သင်္ကြန်

အဲဒီလမ်းလျှောက်သင်္ကြန် မှာ မန္တလေး လိင်တူခြင်းချစ်ခင်စုံမက်သူတွေကလည်း အဖွဲ့လိုက် မြန်မာ့ရိုးရာ အဝတ်အစားတွေကို ဝတ်ဆင်ပြီး လိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေလျော့ချနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဖြစ်တာဖြစ်ကြောင်း ညီမျှခြင်းမြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဘီဘီစီကို ပြောပါတယ်။

ရိုးရာအဝတ်အစားတွေကိုဝတ်ဆင်ပြီး မန္တလေးလမ်းလျှောက်သင်္ကြန်မှာပါဝင်ကာ လူထုကို LGBT တွေအပေါ်ခွဲခြားမှုလျော့နည်းရေး အသိပေးတာကို အကြိုနေ့နဲ့ သင်္ကြန်အတက်နေ့ နှစ်ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။