ရခိုင်မှာ ဆန်ရိက္ခာနဲ့ဆေးဝါးတွေသယ်ယူပို့ဆောင်မယ်ဆိုရင် အုပ်ချုပ်ရေးပိုင်းကခွင့်ပြုချက်ယူရမယ်၊ ဆင်ဆာမတင်လို့ ရန်ကုန်သံချပ်အဖွဲ့အချို့ မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့်ပိတ်ပင်ခံရအပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် ဒေါင်းတို့မျိုးဆက်
Image caption ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အနေနဲ့ အခြေခံဥပဒေ၊ မြစ်ဆုံ အစိုးရနဲ့ တပ်မတော်အကြောင်းတွေကို သံချပ်ထိုး

ဆင်ဆာမတင်လို့ ရန်ကုန်သံချပ်အဖွဲ့အချို့ မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့်ပိတ်ပင်ခံရ

ဒေါင်းတို့မျိုးဆက်၊ အိုးဝေသံ သံချပ်အပါအဝင် ရန်ကုန်အခြေစိုက် သံချပ်အဖွဲ့တချို့မှာ သံချပ်စိစစ်ရေးအဖွဲ့ကို ဆင်ဆာမတင်တဲ့အတွက် ဒီနှစ်သင်္ကြန်မှာ ဖျော်ဖြေရေးမဏ္ဍပ်နဲ့ဆုပေးမဏ္ဍပ်တွေမှာ ဝင်ရောက်ဖျော်ဖြေခွင့် ယှဉ်ပြိုင်ခွင့်မပြုဘဲ ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။

သင်္ကြန်အကြိုနေ့မှာလည်း ရန်ကုန်မြို့၄၆ လမ်းရှိ ဗမာသစ် သံချပ်ဆုပေးမဏ္ဍပ်ကဖိတ်ခေါ်တဲ့အတွက် သွား ရောက်ရာမှာလည်း အာဏာပိုင်တွေရဲ့ ပိတ်ပင်မှုကြောင့် စင်ပေါ်မှာဖျော်ဖြေခွင့်မရခဲ့ဘဲ စင်ဘေးမြေကွက်လပ်မှာသာ ဖျော်ဖြေခဲ့ရတယ်လို့လည်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကနေ သိရပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အနေနဲ့ ဒီနှစ်အတွက် သံချပ်ထိုးရာမှာ အခြေခံဥပဒေ၊ မြစ်ဆုံ အစိုးရနဲ့ တပ်မတော်အကြောင်းတွေကို အဓိက စပ်ဆိုပြီး ဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ မူပိုင် Rakhine Ethnics Congress
Image caption လတ်တလော တိုက်ပွဲတွေကြောင့် ရခိုင်မှာ ဒုက္ခသည်တွေ ထပ်တိုးလာ

ရခိုင်မှာ ဆန်ရိက္ခာနဲ့ ဆေးဝါးတွေ သယ်ယူပို့ဆောင်မယ်ဆိုရင် အုပ်ချုပ်ရေးပိုင်းကခွင့်ပြုချက်ယူရမယ်

ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ မြို့နယ်တွေက ဆန်ရိက္ခာတွေ ဆေးဝါး ပစ္စည်းတွေကို တစ်နေရာကနေ အခြားမြို့နယ် ဒါမှမဟုတ် ဒုက္ခသည်စခန်းတွေကိုပို့ဆောင်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှုး၊ ရဲတပ်ဖွဲ့မှုးတွေဆီ တင်ပြစစ်ဆေးမှုခံပြီး ခွင့်ပြုမိန့် ရမှ လုပ်ဖို့ ဧပြီ ၁၃ ရက် မနက်ပိုင်းမှာ မြို့နယ်အုပ်ချုပ် ရေးမှုးတွေက ကျေးရွာအုပ်ချုပ်ရေးမှုးတွေကို ခေါ်ယူပြောဆိုထားတယ်လို့ ခမောင်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးခင်ရွှေပုက ဘီဘီစီကိုပြောပါတယ်။

ဒီလိုသယ်ယူရာမှာလည်း ရေလမ်းကဖြစ်ဖြစ် ကုန်းလမ်းကပဲဖြစ်ဖြစ် သတင်းပို့ ခွင့်ပြုချက်ယူပြီးမှ သယ်ယူပို့ဆောင်ခွင့်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေ ထိန်းသိမ်းရာမှာ တစ်ဘက်အဖွဲ့အစည်း ရေရှည်ရပ်တည်ဖို့ အဓိက လိုအပ်ချက်တွေဖြစ်တဲ့ ဆန်ရိက္ခာ ဆေးဝါးပစ္စည်း ဆေးဘက်ဆိုင်ရာ အသုံးအဆောင်တွေ မရောက်ရှိဖို့ တားမြစ်ရတာလို့ မြို့နယ်အာဏာပိုင်တွေက ပြောပါတယ်။

သတင်းပေးပို့ချက်အရ ဧပြီ ၁၁ ရက် နဲ့ ၁၂ ရက်မှာ မြောက်ဦးမြို့နယ် လက္ကားကျေးရွာ အရှေ့ဘက်မီတာ ၂ဝဝဝ ခန့်အကွာနဲ့ လေးမြို့မြစ်ရဲ့ အရှေ့ဘက်ကမ်း တောတွင်း တစ်နေရာမှာ AA ရက္ခိုင့်တပ်ဖွဲ့က သိုဝှက်ထားတဲ့ ဆန်ရိက္ခာ ဖော်ထုတ် သိမ်းဆည်းရမိလို့ မီးရှို့ ဖျက်ဆီးတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ပါတယ်။

အဲဒီလို သတင်းတွေ ထွက်လာအပြီးမှာ အခုလို သတိပေးပြောဆိုချက်လည်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

Image caption မြို့နှစ်မြို့ရဲ့သကြန်ပွဲတော်ကိုနယ်စပ်ညီအစ်မမြို့တော် တွေအနေနဲ့ ကျင်းပ

မဲဆောက်- မြဝတီနယ်စပ်မြို့ ၂ခုစလုံးမှာ သင်္ကြန်ပွဲတော်ကို အတူဆင်နွှဲ

မဲဆောက် မြဝတီ ထိုင်း မြန်မာနယ်စပ်မြို့နှစ်မြို့ရဲ့ သင်္ကြန်ပွဲတော်ကို နယ်စပ်ညီအစ်မမြို့တော် တွေအနေနဲ့ ကျင်းပကြပါတယ်။

သင်္ကြန်ပွဲတော်မှာ နှစ်နိုင်ငံချစ်ကြည်ရေးအကအလှတွေနဲ့လည်း ထူးထူးခြားခြား ဖျော်ဖြေတင်ဆက်သွားဖို့ ရှိတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

မြန်မာနိုင်ငံနည်းတူ ထိုင်းနိုင်ငံဘက်မှာလည်း ပျော်ပွဲ ရိုးရာပွဲတော်များနဲ့ ချစ်ကြည်ရေးနပန်းပွဲ တိုက်ကြက်ပြပွဲ ပြိုင်ပွဲစတာတွေအပြင် လူမျိုးစုတွေရဲ့ အလှပြယာဉ်တွေကိုလည်း စီစဉ်ထားတယ်လို့သိရပါတယ်။

နယ်စပ်သင်္ကြန်ပွဲတော်မှာ ထိုင်း မြန်မာချစ်ကြည်ရေး လက်ဝှေ့ပွဲကိုလည်း ထည့်သွင်းကျင်းပထားပြီး ဒီနှစ်မှာတော့ မြန်မာလက်ဝှေ့ကလပ်တွေကလေ့ကျင့်ထားတဲ့ လက်ဝှေ့သမားတွေပါ ပါဝင်ဆင်နွှဲသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် TK
Image caption မြို့အဝင် ၁၅ နေရာမှာ တုတ်ဓားလက်နက်တွေကိုစစ်ဆေးပြီး သိမ်းဆည်းအရေးယူ

ရန်ကုန်၊မန္တလေးအပါအဝင် မြို့ကြီးအတော်များများမှာ သင်္ကြန်တွင်း လုံခြုံရေးတင်းကျပ်ထား

ဒီနှစ် သင်္ကြန်ကာလမှာ ရန်ကုန်၊ မန္တလေး၊အပါအဝင်မြို့ကြီးအတော်များများမှာ လုံခြုံရေးအင်အားကို တိုးမြှင့်ပြီးချထားတယ်လို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ခရိုင်ရဲတပ်ဖွဲ့တွေထံကသိရပါတယ်။

မန္တလေးသင်္ကြန် ပွဲတော်လုံခြုံရေးအတွက် အညာဒေသအခေါ် ကျောက်လှည့် ဝက်အူလှည့်က အစ တုတ်ဓားလက်နက်တွေကိုမြို့အဝင် ၁၅ နေရာမှာ စစ်ဆေးပြီး သိမ်းဆည်းအရေးယူ နေတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးအောင် က ဘီဘီစီ ကိုပြောပါတယ်။

ဧရာဝတီတိုင်းအနေနဲ့လည်း လုံခြုံရေးအင်အား ၅ထောင်ကျော်နဲ့ မဏ္ဍပ်တိုင်းမှာ လုံခြုံရေးတွေချထားပြီး ပွဲတော်ကာလအတွက် လုံခြုံရေးတွေကိုတိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကြီးထွန်းရွှေက ဘီဘီစီကိုပြောပါတယ်။

ဒါအပြင် ကရင်ပြည်နယ်မှာလည်း သင်္ကြန်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးနဲ့မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်အထွက်နေရာများတွေ၊ တံတား ဂိတ်တွေနဲ့ပိတ်ဆို့ရေးနေရာတွေမှာ ရှာဖွေစစ်ဆေးတာတွေကို ဆောင်ရွက်နေတယ်လို့လည်းကရင်ပြည်နယ်ရဲတပ်ဖွဲ့ကနေထုတ်ပြန်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ