ရခိုင်မှာ ရိက္ခာနဲ့ ဆေးတွေ အာဏာပိုင်ခွင့်ပြုမိန့်နဲ့မှ သယ်ခွင့်ပေးမယ်

ပစ်မှတ်ထားခံရတဲ့ လက္ကာရွာ ဓာတ်ပုံ မူပိုင် Narinjara
Image caption ပစ်မှတ်ထားခံရတဲ့ လက္ကာရွာ

ဆန်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေကို ရခိုင်ပြည်နယ်အတွင်းမှာ တစ်မြို့နဲ့ တစ်မြို့ သယ်ယူတာတွေနဲ့၊ စစ်ရှောင်ဒုက္ခသည် စခန်းတွေကို ပို့ဆောင်တဲ့အခါမှာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ တင်ပြစစ်ဆေးပြီး ခွင့်ပြုမိန့်ရမှ ပို့ဆောင် သယ်ယူရမယ် ဆိုပြီး ဧပြီလ ၁၃ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြောဆိုခဲ့ပါတယ်။

ဒီလို သယ်ဆောင်ရာမှာ ရေလမ်းကဖြစ်စေ ကုန်းလမ်းကဖြစ်စေ ပို့ဆောင်သယ်ယူမယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူးတွေဆီ တင်ပြစစ်ဆေးမှု ခံယူပြီး ခွင့်ပြုမိန့်ယူရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေ ထိန်းသိမ်းရာမှာ တစ်ဘက်အဖွဲ့အစည်း ရေရှည် ရပ်တည်ဖို့ အဓိက လိုအပ်ချက်တွေ ဖြစ်တဲ့ ဆန်ရိက္ခာနဲ့ ဆေးဝါးပစ္စည်း၊ ဆေးဘက်ဆိုင်ရာ အသုံးအဆောင်တွေ တစ်ဘက် အဖွဲ့အစည်းထံ မရောက်ရှိဖို့ အခုလို တားမြစ်ရတာ ဖြစ်တယ်လို့ မြို့နယ် အာဏာပိုင်တွေက ဘီဘီစီကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ

ဒုက္ခသည် စခန်းတွေဆီ ပေးလှူ ကူညီမယ့် အဖွဲ့တွေဟာ ဆန်ပဲလှူလှူ ဆားပဲလှူ လှူ မြို့နယ်အတွင်းဆိုရင် မြို့နယ်အာဏာပိုင်တွေကို တင်ပြရမှာဖြစ်ပြီး တခြားမြို့နယ် ဆိုရင်တော့ ပြည်နယ် အာဏာပိုင်တွေဆီကို တင်ပြရမှာဖြစ်ကြောင်း ခမောင်းကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ် ဝါးတောင်စစ်ရှောင်စခန်းတာဝန်ခံ ဦးခင်ရွှေပုက ဘီဘီစီကို ရှင်းပြပါတယ်။

ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ မြောက်ဦးမြို့နယ် လက္ကားကျေးရွာ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာနဲ့ လေးမြို့ မြစ်ရဲ့ အရှေ့ဘက်ကမ်း တောတွင်းတစ်နေရာမှာ AA ရက္ခိုင့်တပ်ဖွဲ့က သိုဝှက်ထားတဲ့ ဆန်ရိက္ခာတွေကို ဖော်ထုတ် သိမ်းဆည်း ရရှိမိတဲ့အတွက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော

ဒီလို သတင်းထုတ်အပြီးမှာ အခုလို သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အခုလို အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်ယူပြီး ရိက္ခာ သယ်ယူရမယ် ဆိုတဲ့ သတိပေးချက်ဟာ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေ စတင်ချိန်ကတည်းက သတိပေး တားမြစ်ထားတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်ထွက်ပြေးလာတဲ့ ဒုက္ခသည် ဦးရေဟာ နှစ်သောင်းရှစ်ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။

ဒီစစ်ရှောင်တွေကို ထောက်ပံ့ရာမှာ ရခိုင်ပြည်နယ် အတွင်းက အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ပြည်နယ်အစိုးရ ခွင့်ပြုချက် မယူဘဲ မိမိအစီအစဉ်နဲ့ ထောက်ပံ့မှု မလုပ်ဖို့ ပြည်နယ် အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ညွန်ကြားစာထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ဒီလိုလုပ်ဆောင် တားမြစ်မှုတွေဟာ စစ်မီးကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူတွေက ဝေဖန်ခဲ့ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရက္ခိတလမ်းစဉ်ဆိုတာ ဘာလဲ - အေအေ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ မေးမြန်းခန်း အပိုင်း ၁

ဒီသတင်းနဲ့ပတ်သက်သမျှ