မန္တလေးသင်္ကြန် အကြိုနဲ့အကျ ၂ ရက်အတွင်း လူ ၅ ဦးသေဆုံး

ဓာတ်ပုံ မူပိုင် Phyo Hein Kyaw
Image caption သင်္ကြန်အကျနေ့ လမ်းလျှောက်သင်္ကြန်ပွဲ

သင်္ကြန်အကြိုနဲ့အကျ နှစ်ရက်ပဲရှိပါသေးတယ်၊ အကျနေ့ ညနေပိုင်းလောက်မှာ ရတဲ့ သတင်းအရ မန္တလေးမှာ ဒီနှစ်ရက်ပဲရှိသေးတဲ့ ပွဲတော်အတွင်း လူ ၅ ယောက် အနည်းဆုံးသေဆုံးခဲ့ပါပြီ။

မန်းသင်္ကြန်မှာ ထိခိုက်ဒဏ်ရသူတွေကို ဆေးရုံမှာစောင့်ပြီး အရေးပေါ်ဌာနက ဆရာဝန်တွေဆီကို ပို့ဆောင်ပေးနေတဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ ပြည်သူ့ကူညီရေး ပရဟိတအဖွဲ့က ကိုဝမ်းက ဒီ နှစ်ရက်အတွင်း ခန့်မှန်းခြေ လူပေါင်း ၁၀၀ လောက်ဒဏ်ရာရကြောင်းနဲ့ အကြိုနေ့က လူ ၃ ယောက်၊ အကျနေ့မှာ လူ ၂ ယောက် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

သင်္ကြန်တွင်းသောက်စားမူးယစ်ကြတာ၊ ယာဉ်မတော်တဆမှုတွေ အထူးသဖြင့် ဆိုင်ကယ် မတော်တဆမှုတွေက အဓိက ထိခိုက်သေဆုံးရတဲ့ အကြောင်းရင်းတွေပဲလို့ သူ က ဆိုပါတယ်။

မနှစ် ၂၀၁၈ ခုနှစ်မှာ သင်္ကြန်ကာလအတွင်း လူ ၆၀၀ ကျော် မန္တလေးမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

၂၀၁၇ မန္တလေးသင်္ကြန်မှာ ထိခိုက်ဒဏ်ရာရမှုကြောင့် လူ ၈၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြတာမို့ နှိုင်းယှဉ်ချက်အရ ၂၀၁၈ မှာ ထိခိုက်နှုန်းလျော့ကျခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် YE LWIN FB
Image caption ဆိုင်ကယ်နဲ့ လည်တာများတဲ့ မန်းသင်္ကြန်

မြို့အနှံ့တီးဝိုင်းတွေ၊ မဏ္ဍပ်တွေနဲ့ ၂၀၁၇ သင်္ကြန်ကိုခင်းကျင်းခဲ့တာကြောင့် ယာဉ်နဲ့အသွားအလာတွေများပြီး အထိအခိုက်များတယ်၊ ခိုက်ရန်ဖြစ်ပွားတာတွေလည်းများခဲ့တယ်၊ ၂၀၁၈ မှာ သင်္ကြန်ပွဲဆင်နွဲသူတွေ ကားတွေ၊ ဆိုင်ကယ်တွေ အသုံးလျှော့အောင် လမ်းလျှောက်သင်္ကြန်ပွဲ မန္တလေးမှာစီစဉ်တာက အထိအခိုက်လျော့စေခဲ့တာလို့ သူမြင်တဲ့အကြောင်း ကိုဝမ်း က ပြောပါတယ်။

ဒီနှစ် မန်းသင်္ကြန်မှာ တီးဝိုင်းတွေ၊ မဏ္ဍပ်ကြီးတွေလည်းမရှိ၊ လမ်းလျှောက်သင်္ကြန်ချည်းသာ ရှိတာကြောင့် အထိအခိုက် အရင်နှစ်တွေထက် နည်းလိမ့်မယ်လို့ သူ က မျှော်လင့်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ