သင်္ကြန် ပွဲတော်မှာ ဆင်ဆာမတင်တဲ့ သံချပ်အဖွဲ့တွေ မဏ္ဍပ်ပေါ် တက်ခွင့်မပေး

အိုးဝေသံချပ် ဖျော်ဖြေနေစဉ် ဓာတ်ပုံ မူပိုင် oway voice
Image caption အိုးဝေသံချပ် ဖျော်ဖြေနေစဉ်

သင်္ကြန် ပွဲတော်မှာ နှစ်စဉ် ဆက်တိုက် ဆင်ဆာ မတင်ဘဲ ဖျော်ဖြေခဲ့ရာမှာ အာဏာပိုင်တွေရဲ့ တားမြစ်မှုက့ အရင်နှစ်တွေကထက် ပိုပြင်းထန် ပိုဆိုးရွားလာတယ်လို့ သံချပ်အဖွဲ့တချို့က ပြောပါတယ်။

အရင်က ဆင်ဆာမတင်ဘဲ ဖျော်ဖြေရာမှာ သံချပ်အဖွဲ့နောက်က လိုက်ပြီး ဓာတ်ပုံ ရိုက်ယူတာ ၊ မှတ်တမ်းတင်တာမျိုးကြုံခဲ့ရပြီး မနှစ်ကသင်္ကြန်ကစလို့ မဏ္ဍပ်ပေါ် ဖျော်ဖြေခွင့် ပိတ်ပင်ခံရတာမျိုး ထိရှိလာတယ်လို့ အိုးဝေအသံ သံချပ်အဖွဲ့က ဆိုပါတယ်။

သင်္ကြန်အကြို ဧပြီ ၁၂ ရက်က ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဖိတ်ကြားခံရလို့ ဖျော်ဖြေဖို့ သွားတဲ့အခါ မဏ္ဍပ်စင်ပေါ် တက်ခါနီးအချိန်မှာ အာဏာပိုင်တွေက လာပြီး တားတာကြောင့် မဖျော်ဖြေဘဲ ပြန်လာရတယ်လို့ အိုးဝေသံချပ် အဖွဲ့ခေါင်းဆောင် ကိုမင်းသွေးသစ်က ဘီဘီစီကို ရှင်းပြပါတယ်။

ဓာတ်ပုံ မူပိုင် oway voice
Image caption အိုးဝေသံချပ် ဖျော်ဖြေနေစဉ်

သင်္ကြန် သံချပ်စာသားတွေထဲမှာ ဒို့တာဝန်အရေးသုံးပါး ထိခိုက်ပြောဆိုတာ မပါဖို့၊ လူတစ်ဦးတစ်ယောက်ကို စွပ်စွဲ ပုတ်ခတ်တာတွေ၊ ဘာသာရေးအရ ထိခိုက်နစ်နာစေတဲ့ စကားလုံးတွေ၊ တိုင်းရင်းသားအချင်းချင်း ထိခိုက်စေနိုင်တာတွေနဲ့ ရုန့်ရင်းကြမ်းတမ်း ညစ်ညမ်းစေတဲ့ စကားလုံးတွေ မပါဖို့ အခြေခံပြီး စိစစ်မှုတွေ လုပ်တာလို့ သင်္ကြန် သံချပ် စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ရခိုင် တိုင်ရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဘီဘီစီကို ပြောပါတယ်။

၂၀၁၇ ခုနှစ် သင်္ကြန် ပွဲတော်က စတင်ပြီးသင်္ကြန် သံချပ် အဖွဲ့တွေကို သံချပ်စာသားတွေ စိစစ်ဖို့ ရန်ကုန်တိုင်း အစိုးရက ကော်မတီဖွဲ့စည်းခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တမာရိပ် အမျိုးသမီး သံချပ် အဖွဲ့

စိစစ်မှု မတင်တဲ့ သံချပ်အဖွဲ့တွေကို အစိုးရအဖွဲ့တွေက ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီအရေးယူသလို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း အရေးယူမှုတွေပြုသွားမယ်လို့ ဝန်ကြီး ဦးဇော်အေးမောင်က ရှင်းပြပါတယ်။

သံချပ်စာသားတွေဟာ လွတ်လပ်ပြီး လူထုက ပြောချင်တဲ့စကားတွေကို အငှားပြောပေးတာ ဖြစ်သလို သံချပ်ရဲ့ အစဉ်အလာ ဓလေ့အရ လွတ်လပ်စွာ ဖျော်ဖြေပြောဆိုမှုကို ကာကွယ်တဲ့ အနေနဲ့ ဆင်ဆာ ဖြတ်တောက်တာကို မခံယူဘဲ နှစ်စဉ်တိုင်း ဖျော်ဖြေတင်ဆက်သွားမယ်လို့ သံချပ်အဖွဲ့တွေက ဆိုပါတယ်။

အခုလို သင်္ကြန်မဏ္ဍပ် ပိုင်ရှင်တွေကိုပါ တင်းကြပ်တဲ့ ဖိအားပေးမှုတွေ ရှိလာချိန်မှာလည်း လမ်းတွေ၊ ရပ်ကွက်တွေ ဖိတ်ကြားခေါ်ယူတဲ့ နိုင်ငံရေး အင်အားစုအဖွဲ့ ရုံးတွေမှာ ဆက်ဖျော်ဖြေသွားမယ်လို့ ကိုမင်းသွေးသစ်က ပြောခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ