ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကျော်စိုးဦးတို့ လွတ်မြောက်ဖို့ ပူလစ်ဇာဆုက အကျိုးရှိမလား

ပူလစ်ဇာ ဆုရ သတင်းထောက် ၂ ဦးဟာ သူတို့ အမှု အယူခံ ဆုံးဖြတ်ချက်ကို စောင့်နေရဆဲ ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Images
Image caption ပူလစ်ဇာ ဆုရ သတင်းထောက် ၂ ဦးဟာ သူတို့ အမှု အယူခံ ဆုံးဖြတ်ချက်ကို စောင့်နေရဆဲ

အင်းဒင်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရေးသားခဲ့လို့ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ ထောင် ၇နှစ်ချခံထားရတဲ့ ရိုက်တာသတင်းဋ္ဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦး ဒီနှစ်အတွက် ပူလစ်ဇာဆုချီးမြှင့်ခြင်းခံရပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကတော့ ရခိုင်ပြည်နယ် အင်းဒင်ကလူ ၁၀ဦးအသတ်ခံရတဲ့သတင်းကို စုံစမ်းဖော်ထုတ် ရေးသားမှုကနေ ၂၀၁၉ခုနှစ်အတွက် နိုင်ငံတကာသတင်းရေးသားခြင်း (International Reporting) ခေါင်းစဉ်အောက်က ပူလစ်ဇာဆုကို ရရှိခဲ့တာလို့ ဆုပေးအပ်တဲ့ အဖွဲ့ရဲ့အင်တာနက်စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

အခုရရှိခဲ့တဲ့ ပူလစ်ဇာဆု နိုင်ငံတကာသတင်းရေးသားခြင်း ခေါင်းစဉ်အောက်မှာ ကိုဝလုံးတို့နဲ့အတူ အခြား ရိုက်တာက သတင်းထောက်တွေရေးသားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာအရေး သတင်းဆောင်းပါး ၁၀ပုဒ် ပါရှိပြီး အဲဒီထဲကနေ အခုလိုဆုကိုရရှိခဲ့တာကို အဲဒီစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လွတ်မြောက်ဖို့အတွက်ကို့ အခုလို ဆုရရှိတဲ့အချိန်သာမဟုတ်ပဲ အချိန်တိုင်း မျှော်လင့်နေရတယ်လို့ သူတို့ရဲ့ မိသားစုဝင်နဲ့ ရှေ့နေတို့က ဘီဘီစီကိုပြောပါတယ်။

"ဒီဆုကို ထိုက်ထိုက်တန်တန် ရတယ်လို့ယူဆတယ်။ နိုင်ငံ တကာကအသိအမှတ်ပြုတဲ့သဘော နိုင်ငံ တကာက အသိအမှတ်ပြုတာကို ကျွန်တော်တို့နိုင်ငံကလည်း အသိမှတ်ပြုမယ့်သူတွေ များသည်ထက်များ ပါစေလို့ ဆုတောင်းရမှာပဲ" လို့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုအကျိုးဆောင် ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကိုပြောပါတယ်။

ပူလစ်ဇာဆုရရှိခဲ့တာကြောင့် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေပယ်ဖျက်ပေးဖို့ ကူညီရာရောက်ဖို့အတွက်က စဉ်းစား ဆင်ခြင်တုံ တရားအရဆိုရင်တော့ အကျိုးရှိနိုင်ပေမယ့် လက်ရှိမြန်မာနိုင်ငံအခြေအနေကလည်း အခြားစဉ်းစား ဆင်ခြင်နေတဲ့အကျိုးတရားတွေကလည်း ရှိနေတယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် THET AUNG/AFP/Getty Images
Image caption ဖမ်းခံထားရသူတွေ အိမ်ပြန်လာချိန်ကို မျှော်နေရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ မိသားစု

"ညီမတို့ကတော့ သူတို့အိမ်ပြန်လာမယ့်အချိန်ကိုအမြဲမျှော်လင့်နေတာပါပဲ၊ ဘယ်အချိန်ပဲဖြစ်ဖြစ်ပါ" ကိုဝလုံးအမျိုးသမီး မပန်းအိမွန်က ဘီဘီစီကိုပြောပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အခုလိုဆုရတာက သူတို့ကိုချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအပေါ် အကျိုးရှိတဲ့ ဖြစ်ထွန်းမှုတခုခုပေါ်ပေါက်လာဖို့မျှော်လင့်တာရှိသလို အဲဒီလိုအချိန်သာမကပဲ အချိန်တိုင်းမှာ အိမ်ပြန်လာ ဖို့ကို မျှော်လင့်နေတာလို့ သူတို့မိသားစုဝင်တွေက ဆိုကြပါတယ်။

သတင်းထောက်တွေလွတ်မြောက်ဖို့အတွက် အထောက်အကူရရှိလိုတဲ့ မျှော်လင့်ချက်နဲ့ မိသားစုဝင်တွေက အရင်သမ္မတ ဦးထင်ကျော် ထံကို တစ်ခါ၊ လက်ရှိ သမ္မတ ဦးဝင်းမြင့်ထံကို တစ်ခါ သီးသန့်စာပို့ပြီး မေတ္တာရပ်ခံ အကြောင်းကြားခဲ့တာတွေရှိပါတယ်။ ဒါပေမယ့်လည်း သမ္မတဟောင်းကော သမ္မတသစ်ကော နှစ်ယောက်လုံးစီက အကြောင်းအရာ တစ်စုံတစ်ရာ တုံ့ပြန်ခဲ့တာမရှိဘူးလို့ မပန်းအိမွန်က ဘီဘီစီကိုပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာ သတင်းထောက်တွေကို ထောင် ၇ နှစ် ပြစ်ဒဏ်ချမှတ်

ရိုက်တာ သတင်းဌာန ရဲ့ မြန်မာပြည် အခြေစိုက် သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်း မင်္ဂလာဒုံမြို့နယ်မှာ ရိုဟင်ဂျာကိစ္စနဲ့ပက်သက်တဲ့သတင်းကို ရဲတပ်ဖွဲ့ဝင်အချို့နဲ့ သွားရောက်သတင်းမေးမြန်းခဲ့ချိန်မှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံရပြီး၊ အဲဒီကတဆင့် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ အမှုဖွင့်အရေးယူကာ မြောက်ပိုင်းခရိုင်တရားရုံးက ၉လ ကြာစစ်ဆေးပြီးနောက် ထောက်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။

အဲဒီအမိန့်အပေါ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က ပြည်ထောင်စုတရားလွှတ်တော်မှာ အမှုပြင်ဆင်ချက်အယူခံ ကို အခုနှစ် မတ်လအတွင်းမှာလျှောက်ထားခဲ့ပါတယ်။ အခုပြင်ဆင်ချက်အယူခံကို ပြည်ထောင်စုတရား လွှတ်တော်က လက်ခံခဲ့ပြီး လာမယ့်နှစ်လအတွင်းဖြစ်တဲ့ မေလထဲမှာ အမိန့်ချမှတ်နိုင်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အပတ်စဉ်သောကြာနေ့တိုင်းထုတ်ပြန်တဲ့ အမှုစာရင်းမှာ ပါရှိလာပါက အဲဒီပါရှိလာတဲ့အချိန်ကစပြီး တစ်ပတ်အတွင်း အမှုရဲ့ အမိန့်ကိုချမှတ်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

ပြင်ဆင်ချက်အယူခံသဘောအရ ပြည်ထောင်စုတရားလွှတ်တော်အနေနဲ့ ချမှတ်ခဲ့ပြီးတဲ့ပြစ်ဒဏ်အပေါ် မူလအတိုင်းထားရှိနိုင်ခြင်း၊ မူလအမိန့်ကိုပယ်ဖျက်နိုင်ခြင်း အပြင် ပြစ်မှုထင်ရှားရှိလင့်ကစား မူလချမှတ် ထားတဲ့ ပြစ်ဒဏ်ကိုလျှော့ချတာ ဒါမှမဟုတ် ပယ်ဖျက်တာကို ဥပဒေအရ ဆုံးဖြတ်နိုင်ခွင့်ရှိပါတယ်။

တရားလိုဖက်ကတော့ ကိုဝလုံးရဲ့ မှတ်စုစာအုပ်ထဲမှာ ရခိုင်တပ်တော်ရဲ့ဖုန်းနံပါတ်တွေတွေ့ရှိတာရယ်၊ ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပက်သက်တဲ့ စာရွက်စာတမ်းအများစုတွေ့ရှိတာ အဲဒီစာရွက် တွေက နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) အရ ပေးပို့တာ၊ စုဆောင်းတာ စတဲ့ အကြောင်းအရာနဲ့ သက်ဆိုင်တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အမှုပြင်ဆင်ချက် တင်သွင်းထားပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ဟာ ၂၀၁၈ ခုနှစ်အတွက် တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်တဲ့ Person of the Year 2018 (၂၀၁၈ ရဲ့အထင်ရှားဆုံးပုဂ္ဂိုလ်) အမည်စာရင်းမှာ ပါဝင်ရွေးချယ် ခံခဲ့ရသလို ၂၀၁၉ ဧပြီလ ၁၀ ရက်နေ့တုန်းကလည်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ - ယူနက်စကို (UNESCO) က ပေးအပ်တဲ့ UNESCO/Guillermo Cano Press Freedom Prize 2019 ဆု ကို ရရှိခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာအမှု - ထောင်ကျနေတဲ့ သတင်းထောက် နဲ့ မျှော်လင့်ရုံပဲတတ်နိုင်တဲ့ သားအမိ

ဒီသတင်းနဲ့ပတ်သက်သမျှ