မေတ္တာ - အမေရိကန်မှာ မွေးဖွားကြီးပြင်းသူ မြန်မာ လူငယ်တွေ ပါဝင်တဲ့ ဟောလိဝုဒ် မြန်မာ ရုပ်ရှင်

ဓာတ်ပုံ ရင်းမြစ်, မေသွယ်မောင်
သရုပ်ဆောင်မေသွယ်မောင်
မိဘမဲ့ ကလေးများ ရန်ပုံငွေအတွက် ရည်ရွယ်ပြီး မေတ္တာ ဆိုတဲ့ ရုပ်ရှင်ကားကို ဟောလိဝုဒ် ဒါရိုက်တာ Graham Streeter က ဟောလိဝုဒ်က သရုပ်ဆောင်တွေ၊ မြန်မာ မင်းသား၊ မင်းသမီးတွေအပြင် အမေရိကန်မှာ မွေးဖွားကြီးပြင်းခဲ့ကြတဲ့ မြန်မာ သရုပ်ဆောင် အသစ်တွေ အများအပြားနဲ့ စတင် ရိုက်ကူး နေပါတယ်။
ဟောလိဝုဒ်က Imperative Pictures နဲ့ မြန်မာပိုင် Mandalay ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်းပြီး စတင် ရိုက်ကူးနေတာဖြစ်ပါတယ်။
ဒီဟောလိဝုဒ် မြန်မာရုပ်ရှင်မှာ ပါဝင်ခွင့်ရတဲ့ သရုပ်ဆောင်သစ်တွေထဲမှာ မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်မှာ ကြီးပြင်းတဲ့ Fitness Model and Trainer မေသွယ်မောင်လည်း ပါဝင်ပါတယ်။
သူ Fitness Model စလုပ်ကတည်းက ပရိသတ်တချို့က မြန်မာ ပြည်ပြန်လာပြီး ရုပ်ရှင်ရိုက်ပါလားလို့ တိုက်တွန်းခဲ့ကြပေမဲ့ ဝါသနာ မပါလို့ လုပ်ဖို့ မစဉ်းစားခဲ့ဘူးလို့ သရုပ်ဆောင်သစ် မေသွယ်မောင်က ပြောပါတယ်။
ရုပ်ရှင် ရိုက်ကူးဖို့ ဆန်ဖရန်စစ္စကိုမှာ နေထိုင်တဲ့ လူငယ် သရုပ်ဆောင်တွေကို အစမ်း သရုပ်ဆောင်စေပြီး လူရွေးပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။
ဆန်ဖရန် စစ္စကိုမှာ နေထိုင်တဲ့ ဆွေမျိုးတွေက သရုပ်ဆောင် အဖြစ် လာလျှောက်ဖို့ တိုက်တွန်းပေမဲ့ မလျှောက်ဖြစ်ခဲ့ဘဲ နောက်ပိုင်းမှ စိတ်ပြောင်းသွားလို့ ဒါရိုက်တာကို ဆက်သွယ်ခဲ့ပြီးတဲ့နောက် အစမ်း သရုပ်ဆောင် ခိုင်းရာက သူတို့ သဘောကျလို့ ပါဝင်ဖြစ်ခဲ့တာလို့ မေသွယ်မောင်က ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, မေသွယ်မောင်
နာမည်ကျော် မင်းသမီး ထွန်းအိန္ဒြာဗိုလ်နဲ့ မင်းသား လူမင်းတို့ အမေရိကန်မှာ ရက် ၃၀ ကြာ နေပြီး ရုပ်ရှင်ရိုက်ခဲ့
ရုပ်ရှင်မှာပါတဲ့ မင်းသား မင်းသမီးတွေ
ဟောလိဝုဒ် ရုပ်ရှင်ကား အတော်များများမှာ ပါဝင်ရိုက်ကူးနေတဲ့ မင်းသမီး Britney Powell နဲ့ အမေရိကန် သရုပ်ဆောင်တွေ မေတ္တာ ရုပ်ရှင်မှာ ပါဝင်ရိုက်ကူး ထားကြ ပါတယ်။
အဓိက ဇာတ်ဆောင် မင်းသားက မြန်မာနိုင်ငံမှာ မွေးဖွားပြီး လော့စ်အိန်ဂျလိစ်မှာ နေထိုင်တဲ့ ဂင်မွန်း (Gin Mung) ဆိုတဲ့ လူငယ် ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန် မြန်မာ ကပြား Fiona O'Neill အပါအဝင် အမျိုးသမီး ဇာတ်ပို့ဇာတ်ရံတွေ အများကြီး ဒီဇာတ်ကားမှာ ပါဝင်ပါတယ်။
မြန်မာနိုင်ငံက နာမည်ကျော် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ အကယ်ဒမီ လူမင်းနဲ့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ် တို့လည်း ဒီရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်ကြပါတယ်။
ဓာတ်ပုံ ရင်းမြစ်, မေသွယ်မောင်
မြန်မာသရုပ်ဆောင်များ
Fitness မော်ဒယ်အဖြစ် ဟန်ရေးပြပြီး ဓာတ်ပုံရိုက်တာနဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်တာက တူတဲ့ အချက်လေးတွေ ရှိတယ်လို့ မေသွယ်မောင်က ပြောပါတယ်။
မော်ဒယ်အဖြစ် ဓာတ်ပုံ ရိုက်နေတဲ့ အချိန်မှာ ကိုယ့်ခံစားချက်ကို မျက်နှာမှာ ဖော်ပြနိုင်ဖို့ အချိန်က စက္ကန့်ဝက်လောက်ပဲ ရှိပြီး ရုပ်ရှင်မှာ သရုပ်ဆောင်တဲ့ အခါကိုယ့်ရင်ထဲမှာ ခံစားရတဲ့ အတိုင်း ခံစားချက် အတက်အကျ ကို ပေါ်လွင်အောင် ပြသဖို့ အချိန်ရတယ်လို့ သူက ယူဆပါတယ်။
ဓာတ်ပုံ ရင်းမြစ်, မေသွယ်မောင်
ရိုက်ကူးရေး မစခင် ဆန်ဖရန် စစ္စကိုက မြန်မာဘုန်းကြီးကျောင်းမှာ ရုပ်ရှင်အဖွဲ့သားတွေ ဆုတောင်းကြ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ဓာတ်ပုံ ရိုက်တဲ့ အခါများသောအားဖြင့် ကိုယ် တစ်ယောက်တည်း ဖြစ်လို့ ကိုယ့်အပေါ်မှာပဲ မူတည်ပေမဲ့ ရုပ်ရှင်ရိုက်ရာမှာ တော့ စိန်ခေါ်မှုတွေရှိတယ်လို့ မမေသွယ်မောင်က ပြောပါတယ်။
ရုပ်ရှင်မှာ မင်းသား မင်းသမီးက အစ ကင်မရာသမား မီးထိုးသူတွေ အပါအဝင် အဖွဲ့သားတွေ အများကြီးပါဝင်ပြီး အဖွဲ့နဲ့ အလုပ် လုပ်ကြရတယ်၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုတွေနဲ့ ရိုင်းပင်း ကူညီကြရတယ်၊ တစ်ယောက် က အဆင်မပြေရင် အားလုံး ပြန်ရိုက်ကူးရတာ ဖေးမ ကြရတာတွေရှိတဲ့ အတွက် အများအားဖြင့် တစ်ယောက်တည်း လုပ်ရတဲ့ သူ လုပ်နေကျ မော်ဒယ် သရုပ်ဆောင်တာနဲ့ ကွာခြားတယ်လို့ မေသွယ်မောင်က ပြောပါတယ်။
မေတ္တာ ရုပ်ရှင်ကို မတ်လလယ်လောက်က အမေရိကန်မှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီမှာ ရိုက်မယ့် အပိုင်းကို ရိုက်ကူးပြီးစီးခဲ့ပါပြီ။
မြန်မာ နိုင်ငံကနေ လာရောက်တဲ့ မင်းသား လူမင်းနဲ့ ထွန်းအိန္ဒြာဗိုလ် တို့က ရက် ၃၀ လောက် အမေရိကန်မှာ နေထိုင် ရိုက်ကူးခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုမှာ စတင် ရိုက်ကူးတဲ့ အပိုင်းတွေကို လောလောဆယ်မှာ တည်းဖြတ်နေပြီလို့ မမေသွယ်မောင်က ပြောပါတယ်။
ကျန်တဲ့ အပိုင်းတွေကို အဓိက ဇာတ်ဆောင်မင်းသား Gin Mung၊ ဒါရိုက်တာနဲ့ ရုပ်ရှင် အဖွဲ့သား တချို့က မြန်မာနိုင်ငံမှာ သွားရောက် ရိုက်ကူးဖို့ စီစဉ် နေပါတယ်။
မိဘမဲ့ ကလေးများ အတွက် ရန်ပုံငွေ အဖြစ်ရည်ရွယ် ရိုက်ကူးတဲ့ အဲဒီ မေတ္တာ ဇာတ်ကားကို လာမယ့် ၂၀၂၀ ခုနှစ်မှာ ရုံတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သရုပ်ဆောင် မေသွယ်မောင်က ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, မေသွယ်မောင်
မေတ္တာ ဇာတ်ကားမှာ ပါဝင်တဲ့ မေသွယ်မောင်
ဟောလိဝုဒ် မြန်မာ ပထမဆုံး ပူးတွဲရိုက်တဲ့ ရုပ်ရှင်
မေတ္တာ ဇာတ်ကားဟာ ဟောလိဝုဒ်နဲ့ မြန်မာ ပထမဆုံး တရားဝင် ပူးတွဲ ထုတ်လုပ်တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။
၁၉၅၄ ခုနှစ်က ဟောလီးဝုဒ်က နာမည်ကျော် မင်းသားကြီး Gregory Peck နဲ့ မင်းသမီး ဝင်းမင်းသန်းတို့ ပါဝင်တဲ့ Purple Plain ရုပ်ရှင်မှာ မြန်မာမင်းသမီးပါဝင်ပြီး မြန်မာ နိုင်ငံကို အခြေခံတဲ့ ရုပ်ရှင် ဇာတ်လမ်း ဖြစ်ပေမဲ့ ဟောလိဝုဒ်က ရိုက်ကူးတဲ့ ဇာတ်လမ်း ဖြစ်ပြီး မြန်မာနိုင်ငံတွင်းမှာ ရိုက်ခဲ့တာ မဟုတ်ပါဘူး။
အက်ရှင်မင်းသား စတာလုံး ရိုက်တဲ့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ သံဃာ့ လှုပ်ရှားမှု ကာလကို အခြေခံ ရိုက်ကူးတဲ့ ရမ်ဘို Rambo ဇာတ်ကားဟာလည်း မြန်မာ နိုင်ငံတွင်းမှာ ရိုက်ခွင့် ရခဲ့တာမဟုတ်ပါဘူး။
အခု ရိုက်ကူးနေတဲ့ မေတ္တာ ဇာတ်ကားကတော့ မြန်မာအစိုးရရဲ့ တရားဝင် ခွင့်ပြုချက်ရယူပြီး မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေနဲ့ ရိုက်တဲ့ ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကား ဖြစ်ပါတယ်။