မန်းသင်္ကြန်နွှဲလို့ ရန်ကုန်ဝန်ကြီးချုပ် စိတ်ဆိုးမှာ စိုးရိမ်တယ်ဆိုတဲ့ ရုရှားသံအမတ်ကြီး

လမ်းလျှောက်သင်္ကြန် ဓာတ်ပုံ မူပိုင် Kyaw Yin Myint
Image caption သံတမန်တွေလည်း မန္တလေးက လမ်းလျှောက်သင်္ကြန် ကို ဆင်နွှဲပျော်ရွှင်ခဲ့ကြပါတယ်။

ဒုတိယ သမ္မတ ဟင်နရီဗန်ထီးယူနဲ့ မိသားစု အပါအဝင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၀န်ကြီးဌာန ၀န်ကြီး ဦးကျော်တင် ခေါင်းဆောင်တဲ့ နိုင်ငံတကာ သံတမန် အဖွဲ့တွေ ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေဟာ မန္တလေး သင်္ကြန် ကို လာရောက် ဆင်နွှဲခဲ့ကြပါတယ်။

သင်္ကြန် အကျနေ့ ဧပြီလ ၁၄ ရက် နေ့လယ်မှာ ရောက်လာကြပြီး သင်္ကြန် အတက်နေ့အထိ မန်းသင်္ကြန် ကို ဆင်နွှဲခဲ့ ကြတာ ဖြစ်ပါတယ်။

အကြိုနေ့ညမှာ မန္တလေး မြို့တော်ခန်းမမှာ တိုင်း၀န်ကြီးချုပ်က သံတမန် အဖွဲ့တွေကို ညစာနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီးနောက် မြို့တော်၀န် မဏ္ဍပ်မှာ ညပိုင်း အဆို အက ဖျော်ဖြေ မှုတွေကို သွားရောက် ကြည့်ရှု ခဲ့ကြပါတယ်။

အကြတ်နေ့ မနက်မှာတော့ နိုင်ငံတကာ သံတမန်တွေဟာ မန္တလေးက ဟီလ်တန် ဟော်တယ်မှ စုပြီး လမ်းလျှောက်သင်္ကြန်ကို အတူတူ ဆင်နွှဲ ရေကစားခဲ့ကြပါတယ်။

အဲဒီ သင်္ကြန်ပွဲတော်မှာ ဗီယက်နမ် သံအမတ်ကြီးက သင်္ကြန်မိုး သီချင်းနဲ့ ဖျော်ဖြေခဲ့ပြီး ရုရှား သံအမတ်ကြီးက မြန်မာလို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။

မန်းက လမ်းလျှောက်သင်္ကြန်ကို သိပ်ပြီး သဘောကျပေမဲ့ သူ့အနေနဲ့ ရန်ကုန်မှာ နေသူ ဖြစ်တာကြောင့် အခုလို မန်း လမ်းလျှောက်သင်္ကြန်မှာ လာရောက် ရေကစားနေတဲ့ အပေါ် ရန်ကုန်တိုင်း ၀န်ကြီးချုပ် စိတ်ဆိုးမှာကို စိုးရိမ်မိတယ်လို့ ရုရှား သံအမတ်ကြီးက ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် မန္တလေး သင်္ကြန်ကို သဘောကျမိပြီး လမ်းလျှောက်သင်္ကြန်ရဲ့ ကောင်းသတင်းကို ကြားရတဲ့ အတွက် အခုလို ကိုယ်တိုင် ကိုယ်ကျ လာရောက် ဆင်နွှဲရတာပါလို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Kyaw Yin Myint
Image caption မန္တလေးက လမ်းလျှောက်သင်္ကြန် ကို လူတန်းစား မရွေး ပါဝင် ဆင်နွှဲ နိုင်ကြ

မန်းသင်္ကြန်မှာ လာရောက် ရေကစားတဲ့ နိုင်ငံတကာ သံတမန် အဖွဲ့မှာ လူ၄၇ ယောက်လောက် ပါ၀င်ပြီး ဘရူနိုင်း ၊ သြစတြေးလျ ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် ၊ အီဂျစ် ၊ ပြင်သစ် ၊ အိန္ဒိယ ၊ လာအို ၊ မလေးရှား ၊ နီပေါ ၊ ပါကစ္စတန် ၊ ဗီယက်နမ် နိုင်ငံ ကိုယ်စားပြု သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့ အသီးသီးက ပုဂ္ဂိုလ်တွေ လာရောက် ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က စတင်ခဲ့တဲ့ မန္တလေးက လမ်းလျှောက်သင်္ကြန်ဟာ လူတန်းစား မရွေး ၊ လူမျိုးမရွေး ပါဝင် ရေကစား နိုင်ဖို့ ရည်ရွယ် ဖော်ဆောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် မန္တလေးက အစပြုတဲ့ လမ်းလျှောက်သင်္ကြန် ဟာ တနိုင်ငံလုံးက ဒေသ အသီးသီး ဆီကို ပြန့်နှံ့သွားခဲ့ပြီ ဖြစ်ပါတယ်။

မန္တလေး က လမ်းလျှောက်သင်္ကြန်မှာ မူးယစ် ရမ်းကားသူတွေ မ၀င်နိုင်အောင် တားဆီး ဟန့်တား စစ်ဆေးမှုတွေလည်း လုပ်ဆောင်ခဲ့တဲ့ အတွက် အခုဆိုရင် အသက်အရွယ် ကြီးရင့်သူတွေတောင် ရေကစား မဏ္ဍပ်ရှေ့မှောက် လာရောက် ဆင်နွှဲနိုင်ကြပြီ ဖြစ်သလို မသန်စွမ်းသူတွေလည်း သူတို့ရဲ့ တွန်းလှည်းတွေနဲ့ အတူ ပါဝင် ရေကစားလာတာ တွေ့ရတယ်လို့ ပွဲစီစဉ်သူတွေထဲက တယောက် ဖြစ်တဲ့ မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ၀င် စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။

လမ်းလျှောက်သင်္ကြန် ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက် တခုကတော့ နိုင်ငံတကာ ခရီးသွားလာမှု မြှင့်တင်ဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

နိုင်ငံတကာ သံတမန် အဖွဲ့ကို ဘရူနိုင်း သံအမတ်ကြီးက ဦးဆောင်ခဲ့တာ ဖြစ်ပြီး လုံခြုံရေး ဆိုင်ရာ ကိစ္စ အ၀၀ ကိုတော့ နယ်လုံ ၀န်ကြီးက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးနေတယ်လို့ စာရေးဆရာ ကျော်ရင်မြင့်က ပြောခဲ့ပါတယ်။