အကျဉ်းသား ၉ ထောင်ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲ ရိုက်တာသတင်းထောက်တွေမပါ

အင်းစိန်အကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ
ဓာတ်ပုံ ပုံစာ,

အင်းစိန်အကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အကျဉ်းသူ၊ အကျဉ်းသား ၉,၅၀၀ ကျော်ထဲမှာ မူးယစ်သုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှု ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အများဆုံးပါဝင်ပြီး တခြားပုဒ်မတွေက အနည်းစု ဖြစ်ပါတယ်။

လွတ်မြောက်လာတဲ့အထဲ နိုင်ငံရေးသားအကျဉ်းသားတချို့ပါဝင်ပြီး လူသတ်မှု၊ မုဒိမ်းမှု စတဲ့ ပြစ်မှုကြီးတွေနဲ့ ထောင်ကျနေသူတွေတော့ လက်ရှိစိစစ်ထားတဲ့အချက်အလက်တွေထဲ မပါဘူးလို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်မြောက်ပိုင်းက အင်းဒင်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရေးသားဖို့ ကြိုးစားခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ထောင် ၇ နှစ် ချခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာလည်း သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့စာရင်းထဲ မပါသေးဘူးဆိုပြီးတော့ အကျဉ်းဦးစီးပြောခွင့်ရသူ ဦးမင်းထွန်းစိုးက ဘီဘီစီကို အတည်ပြုပြောပါတယ်။

နိုင်ငံရေးပြစ်မှုတွေနဲ့ ထောင်ကျနေသူတွေထဲမှာ ထောင်ထဲမှာ ၁၉ နှစ်နေခဲ့ရတဲ့ မုံးကိုးအဖွဲ့က ဒုဥက္ကဌ ဦးဇော်လနဲ့ အတွင်းရေးမှူး ဦးမရမ်ဂမ်တို့ဟာလည်း ဧပြီ ၁၇ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ မြင်းခြံထောင်နဲ့ မန္တလေးအိုးဘိုထောင်တွေက လွတ်မြောက်လာခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က 'မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ မိုးညှင်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ ABSDF တပ်ဖွဲ့ဝင် ၂ ဦးရှိပါတယ်၊ သူတို့တွေ ပြန်လွတ်လာမလားဆိုတာ စောင့်ကြည့်နေတုန်းပါ' လို့ ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေအတွင်း ပိတ်မိနေသူတွေ လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုလို့ အသရေဖျက်မှုပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ ကိုဇော်ဂျက်နဲ့ ကိုလွှမ်းဇောင်းတို့ ၂ ဦးဟာ ဒီကနေ့ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ ပါမလားဆိုပြီးတော့ မြစ်ကြီးနားအကျဉ်းထောင်ရှေ့မှာ ကချင်လူငယ်အဖွဲ့တွေက စောင့်ဆိုင်းနေကြပါတယ်။

အခု လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူ ဘယ်နှစ်ဦးပါသလဲ ဆိုတဲ့အမေးကိုတော့ အကျဉ်းဦးစီးဌာနက တိတိပပ မဖြေကြားခဲ့ပါဘူး။

AAPP ရဲ့ စာရင်းအချက်အလက်တွေအရ ငြိမ်းစုစီပုဒ်မအပါအဝင် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှု စတဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၄၆ ဦးရှိပြီး အမှုရင်ဆိုင်နေရသူကတော့ ၃၁၈ ဦး ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ပုံစာ,

အင်းစိန်အကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ

သမ္မတလွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာတော့ နိုင်ငံသား အကျဉ်းသားတွေကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဖြစ်ပြီး နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးကတော့ နိုင်ငံအချင်းချင်း မိတ်မပျက်ဆက်ဆံရေးကို ရှေးရှုပြီး လူသားချင်းစာနာတဲ့ အနေနဲ့ လွှတ်ပေးလိုက်တာဖြစ်ပြီး ပြည်နယ်ဒဏ်ပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီထဲက လွတ်လာတဲ့ နိုင်ငံခြားသားအကျဉ်းသားတွေကတော့ လူဝင်မှုဆိုင်ရာ လဝက ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ ဖြစ်ပါတယ်။လတ်တလောမှာတာ့ မိသားစုဝင်တွေဟာ အကျဉ်းထောင်တွေရှေ့မှာ စုဝေးစောင့်ဆိုင်းနေကြပြီး ရန်ကုန်က အင်းစိန်အကျဉ်းထောင်ရှေ့မှာတော့ ဒီကနေ့ နေ့လယ် ၂ နာရီအထိ လွှတ်ပေးတာမရှိသေးပါဘူး။

အကျဉ်းဦးစီးပြောခွင့်ရသူ ဦးမင်းထွန်းစိုးကတော့ 'ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေရဲ့အချက်အလက်တွေကို အမှားအယွင်းမရှိအောင် စိစစ်နေရပြီး ခရီးစရိတ်၊ စားစရိတ်တွေပါ ထည့်ပေးလိုက်တာဖြစ်လို့ အချိန်ယူရတာပါ' လို့ ပြောပါတယ်။

ဗီဒီယို ပုံစာ,

ရိုက်တာအမှု - ထောင်ကျနေတဲ့ သတင်းထောက် နဲ့ မျှော်လင့်ရုံပဲတတ်နိုင်တဲ့ သားအမိ