သမ္မတ ဦးဝင်းမြင့် ပြောတဲ့ ဘာသာ၊ လူမျိုးနဲ့ နိုင်ငံရေး ပဋိပက္ခထောက်ချောက်ထဲ မဝင်မိဖို့ သတိပေးချက်က ဘာကို ရည်ညွှန်းသလဲ

ဓာတ်ပုံ ရင်းမြစ်, Myanmar President Office
အာရုံပြောင်းလမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်များကိုလည်း သတိပြုကြစေလို
မြန်မာပြည်သူတွေအနေနဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေး ပဋိပက္ခထောင်ချောက်ထဲကို မဝင်မိဖို့ သတိပြုကြပါလို့ သမ္မတဦးဝင်းမြင့်က သူရဲ့ ဧပြီလ ၁၇ ရက် ဒီကနေ့ မှာ ပြောကြားတဲ့ မြန်မာ့ နှစ်သစ်ကူး မိန့်ခွန်းမှာ သတိပေးလိုက်ပါတယ်။
အဲ့ဒါအပြင် အာရုံပြောင်းလမ်းကြောင်းလွှဲတဲ့ အဖြစ်အပျက်များကိုလည်း သတိပြုကြဖို့နဲ့ လှုံ့ဆော်ဖန်တီးမှု တွေကိုလည်း စိတ်ခံစားမှုနဲ့ မတုံ့ပြန်မိဖို့ သတိရှိကြစေလိုတယ်လို့ ထပ်ပေါင်း ပြောကြားခဲ့ပါသေးတယ်။
အစိုးရက အခု ရရှိပြီးတဲ့ အောင်မြင်မှုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နေတာတွေကို ဆက်လုပ် သွားမယ့်အပြင် အချို့ကဏ္ဍတွေမှာ ပြည်သူတွေ ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့ မျှော်လင့်သလောက် မဖြစ်သေးတာတွေ၊ အစိုးရလုပ်ရပ်တွေ အားမလိုအားမရဖြစ်နေတဲ့အရာတွေကို ပြန်သုံးသပ်ပြီးလုပ်ဆောင် မယ်လို့လည်း ပြောခဲ့ပါတယ်။
အဲဒီလိုလုပ်ဆောင်ရာမှာတော့ တည်ငြိမ်မှုကိုလည်းမထိခိုက်စေ၊ အပြောင်းအလဲတွေကိုလည်းဖြစ်ပေါ်စေဆို တဲ့နည်းလမ်းကိုပဲကျင့်သုံးပြီးပဲ ဆက်လုပ်သွားမှာလို့ သမ္မတဦးဝင်းမြင့်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလာက်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သူ့ ပါတီဝင်အမတ်တွေအများစုစိုးမိုး ထားနိုင် တဲ့လွှတ်တော်ထဲကနေ အခြေခံဥပဒေကိုပြင်ဆင်ဖို့ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အခြေခံ ဥပဒေအရ အခွင့်အာဏာ အများဆုံးရရှိနေတဲ့ တပ်မတော်ရဲ့ ကန့်ကွက်မှုတွေကို စတင်ရင်ဆိုင်ခဲ့ရ ပါတယ်။
အဲဒီအချက်တွေကြောင့် NLD ရဲ့လွှတ်တော်တွင်းက သွားမယ့်ဖွဲ့စည်းပုံပြင်ဆင်ရေးက တပ်နဲ့ထိပ်တိုက် ရင်ဆိုင်တွေ့တဲ့ အခြေအနေလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, EPA
တပ်နဲ့ထိပ်တိုက်တွေ့တဲ့ဟာမျိုးကသိပ်မရှိဘူးလေ အဓိကကဖွဲ့စည်းပုံ ပြင်ဆင် ရေးလုပ်နေချိန်မှာ ဒါကိုအာရုံလွှဲသွားမှာကိုရည်ရွယ်တယ်
သမ္မတဦးဝင်းမြင့်ရဲ့ မိန်းခွန်းအရလည်း အာရုံပြောင်းလမ်းကြောင်းလွှဲတဲ့အဖြစ်အပျက်တွေကို သတိပြု ကြစေလိုတယ်လို့ ဆိုတာက NLD အစိုးရလုပ်နေတဲ့ လွှတ်တော်တွင်းဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းတွေကို ပြည်သူ့တွေ အာရုံလွှဲလမ်းကြောင်းလွှဲနိုင်တဲ့ အဖြစ်အပျက်တွေဖြစ်လာနိုင်လို့ သတိပြုစေချင်တာလို့ ရန်ကုန် နိုင်ငံရေးသိပ္ပံပညာကျောင်းရဲ့ ဥက္ကဋ္ဌ ဦးမြတ်သူက ယူဆပါတယ်။
"ရှင်းတော့ရှင်းတယ်၊ တခြား တပ်နဲ့ထိပ်တိုက်တွေ့တဲ့ဟာမျိုးကသိပ်မရှိဘူးလေ အဓိကကဖွဲ့စည်းပုံ ပြင်ဆင် ရေးလုပ်နေချိန်မှာ ဒါကိုအာရုံလွှဲသွားမှာကိုရည်ရွယ်တယ်လို့ ကျွန်တော်ကတော့ရှင်းရှင်းလင်းလင်း ပဲမြင်တယ်။ ဒါကိုအာရုံလွှဲနိုင်တယ်၊ အဲဒါကိုမပါကြဖို့ပြောတယ်လို့ပဲ မြင်တယ်" လို့ သူကဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးပဋိပက္ခထောင်ချောက်ထဲကို မဝင်မိဖို့တိုက်တွန်းချက်ကလည်း အရင် သမ္မတမိန့်ခွန်းတွေထဲမှာ ထည့်သွင်းပြီး ပြောကြားလေ့မရှိခဲ့လို့ အခုလိုစတင်ပြောကြားမှုက အဆိုပါကိစ္စတွေကို အစိုးရက ရှေ့တလမ်းတိုးလုပ်ဆောင်နိုင်ဖို့ ပြင်ဆင်တာမျိုးရှိလာနိုင်တယ် လို့ ဦးမြတ်သူက ပြောပါတယ်။
NLD အစိုးရအနေနဲ့ လူမျိုး၊ ဘာသာနဲ့ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းဖို့ရာမှာလည်း အခုလိုကိစ္စတွေကို အမှန်တကယ် ဖြေရှင်းနိုင်မယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေက အစိုးရရဲ့ ထိန်းချုပ်နိုင်မှုအောက်မှာ မရှိတဲ့အတွက် ဖြေရှင်းနိုင်ဖို့ကတော့ အခက်အခဲဆက်ရှိနေမယ်လို့ သူကသုံးသပ်ပါတယ်။
သမ္မတဦးဝင်းမြင့်ကတော့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အဂတိလိုက်စားမှုကိုတိုက်ဖျက်နိုင်ခဲ့တာ၊ အစိုးရက လျှပ်စစ်မီးတိုးမြှင့်ဖြန့်ဖြူးပေးနိုင်တာ၊ ရခိုင်ပြည်နယ်ကကိစ္စတွေမှာ အခက်အခဲအကျပ်အတည်းတွေနဲ့ လုပ်ဆောင်နေရတာတွေရှိပေမယ့် လူထုစုပေါင်းပါဝင်မှုတွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းသွားပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကိုအောင်မြင်အောင်အကောင်အထည်ဖော်မယ်ဆိုတဲ့ စတဲ့အကြောင်းအရာတွေ ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။