NCA ထိုးဖို့ 'ဝ' အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပို့

ဒေါ်အောင်ဆန်းစုကြည်က 'ဝ' အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့တွေ NCA လက်မှတ်ထိုးဖို့ တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win/BBC Burmese

ဓာတ်ပုံ ပုံစာ,

ဒေါ်အောင်ဆန်းစုကြည်က 'ဝ' အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့တွေ NCA လက်မှတ်ထိုးဖို့ တိုက်တွန်း

အခုရရှိထားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ကနေ ရှေ့ကိုတက်လှမ်းပြီး ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တဲ့အထိလုပ်ဖို့ အမျိုးသားပြန်လည်သင့် မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က 'ဝ' ပြည်ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်း အနားကို သဝဏ်လွှာပို့ တိုက်တွန်းခဲ့ပါတယ်။

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုရရှိဖို့၊ ဒီမိုကရေစီ၊ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေးနဲ့ ညီညွတ်ရေး တို့ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးမှသာ နိုင်ငံရေး စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win/BBC Burmese

ဓာတ်ပုံ ပုံစာ,

NCA လက်မှတ်ထိုးဖို့ တိုက်တွန်းတဲ့ သဝဏ်လွှာ ဧပြီလ ၁၇ရက်မှာ ပေးပို့

အဲဒီအတွက် 'ဝ' လက်နက်ကိုင်တပ်ဖွဲ့အပါအဝင် အခြားလက်နက်ကိုင်တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများမှာ ပါဝင်လာနိုင်အောင် အစိုးရအနေနဲ့ တိုက်တွန်းခြင်းဖြစ်တယ်လို့ ဧပြီလ ၁၇ရက်နေ့မှာ ကျင်းပတဲ့ 'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ပြည့် အခမ်းအနားကို ဒေါ်အောင်ဆန်း စုကြည် ပေးပို့တဲ့စာထဲမှာ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပို့တဲ့ နေ့မှာပဲ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် TNLA တို့က ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ တိုင်းရင်းသားတန်းတူ ညီရေးတို့ကို 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဗီဒီယို ပုံစာ,

NCA အပေါ် KNLA သဘောထား

'ဝ' ငြိမ်းချမ်းရေးနှစ် ၃၀ပြည့် အခမ်းအနားကိုတော့ စစ်လက်နက်ပစ္စည်းတွေ၊ စစ်သည်၊ စစ်သမီး အင်အား အပြည့်အစုံနဲ့ စစ်ရေးပြအခမ်းအနားပါထည့်သွင်းပြီး ဧပြီလ ၁၇ရက်နေ့က သူတို့ရဲ့ဌာနချုပ် ပန်ဆန်းမှာ ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့အကြောင်းကြားသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ရဲ့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ၊ NRPC ဒုဥက္ကဋ္ဌ ဦးသိန်းဇော်အပြင် ဦးဇော်ဌေးတို့ပါတဲ့ အဖွဲ့က အခမ်းအနားကိုတက်ရောက်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win/BBC Burmese

ဓာတ်ပုံ ပုံစာ,

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုရရှိဖို့၊ ဒီမိုကရေစီ၊ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေးနဲ့ ညီညွတ်ရေး တို့ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးမှသာ နိုင်ငံရေး စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်မှာဖြစ်တယ်

အဲဒီအခမ်းအနားကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ် မစ္စတာ ဆွန်းကော်ရှန် လည်းတက်ရောက်တာတွေ့ရပါတယ်။

လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၀ကျော်မှာ KNU ကရင်အမျိုးသားအစည်းအရုံး အပါအဝင် ၁၀ ဖွဲ့ကသာလက်မှတ်ထိုးထားပြီး၊ လက်နက်ကိုင်တပ်တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ 'ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီအပါအဝင်အခြားလက်နက်ကိုင်အဖွဲ့တွေကတော့ လက်မှတ်မထိုးရသေးပါဘူး။