မြန်မာအလံ စိုက်ထူနိုင်ခဲ့တဲ့ ဖန်ဂရန်ရာဇီ တောင်ထိပ်ရောက် မြန်မာလူငယ်အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Credit. Ko Naing Naing min htet/Ko Pyae phyo aun
တောင်တက်သမားတွေ အတွက် ခြေလှမ်းတိုင်းဟာ အရေးကြီးလှပါတယ်။
The Summiter လို့ အမည်ပေးထားတဲ့ လူငယ်တောင်တက် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ထင်ပေါ် ကျော်ကြားတဲ့ ရေခဲတောင်တွေထဲက တခု ဖြစ်တဲ့ ဖန်ဂရန်ရာဇီ တောင်ထိပ်မှာ မြန်မာနိုင်ငံ အလံ စိုက်ထူ နိုင်ခဲ့ပါတယ်။
အသက် ၂၀ ဝန်းကျင် လူငယ်အများ လိုက်ပါခဲ့တဲ့ ဒီတောင်တက် ခရီးစဉ်မှာ အဖွဲ့၀င် ၂၁ ဦး ပါဝင်ပါတယ်။
အဲဒီအထဲက တယောက်က တောင်ထိပ်ရောက်ဖို့ ၂ရက်အလိုမှာ ကျန်းမာရေး အခက်အခဲကြောင့် စခန်းတခုမှာ ထားခဲ့ရပြီး ကျန်တဲ့ အဖွဲ့၀င် အယောက် ၂၀ နဲ့ ခရီးဆက် ခဲ့ကြတာ ဖြစ်ပါတယ်။
တောင်ထိပ် အထိရောက်ခဲ့တဲ့ အဖွဲ့၀င်တွေထဲမှာ အမျိုးသား ၁၄ယောက်နဲ့ အမျိုးသမီး ၇ ယောက် ပါဝင်ပါတယ်။
The Summiter တောင်တက် အဖွဲ့သားတွေဟာ ရန်ကုန်ကနေ ဧပြီလ ၃ ရက်နေ့က ထွက်ခွာခဲ့ကြတာ ဖြစ်ပါတယ်။
ပူတာအိုကို ဧပြီလ ၆ရက်မှာ ရောက်ရှိခဲ့ပြီး နောက်တစ်နေ့မှာ တောင်ခြေက ဇီယာဒမ်း ရွာကို ရောက်ခဲ့ကြပါတယ်။
ခရီးစဉ် မတိုင်ခင် တနှစ်ကြာ လေ့ကျင့်ထားခဲ့ကြတဲ့ တောင်တက် အဖွဲ့သားတွေဟာ ပူတာအိုမြို့က ထွက်ခွာအပြီး ခုနစ်ရက် အကြာမှာ ဖန်ဂရန် ရာဇီ တောင်ထိပ်ကို ခြေချနိုင်ခဲ့ကြပါတယ်။
မလျှော့တဲ့ ဇွဲ လုံ့လ ဝီရိယနဲ့ စည်းလုံးညီညွတ်စွာ အားကြိုးမာန်တက် ခရီးဆက်ခဲ့တဲ့ တောင်တက် အဖွဲ့သားတွေဟာ ဧပြီလ ၁၂ ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ် ပတ်၀န်းကျင်မှာ တောင်ထိပ်မှာ မြန်မာနိုင်ငံ အလံကို အောင်ပွဲခံ လွှင့်ထူ ခဲ့ကြပြီး မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူး ခဲ့ကြတယ်လို့ The Summiter တောင်တက်အဖွဲ့ ခေါင်းဆောင် ကိုဇော်ခိုင်က ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Ko Naing Naing min htet/Ko Pyae phyo aung
The Summiter တောင်တက်အဖွဲ့သားတွေ ဖန်ဂရန်ရာဇီ တောင်ထိပ်ကို ခြေချနိုင်ခဲ့ကြ
ဒါပေမယ့်လည်း အောင်ပွဲခံ တောင်တက် အဖွဲ့ဟာ တောင်ထိပ်ပေါ်ကနေ ဆင်းလာပြီး ဆယ်မိနစ် အကြာမှာပဲ မမျှော်လင့်တဲ့ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပါတယ်။
အဖွဲ့၀င်တွေထဲက အမျိုးသမီးတစ်ဦးဖြစ်တဲ့ အသက် ၂၈နှစ် အရွယ် မစိမ့်ထက် ဟာ အဆင်းလမ်းမှာ သူ့ခြေထောက်လိုက်တဲ့ နေရာက ရေခဲပြင် အနေအထားကြောင့် ခြေချော်ပြီး ဘေး ချောက်ကမ်းပါးထဲ ကျသွားခဲ့ ပါတယ်။
မစိမ့်ထက် ကျသွားခဲ့တဲ့ ချောက်ကမ်းပါးဟာ ပေလေးထောင်ကျော်လောက် နက်ကြောင်းနဲ့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ကို ကမ်းပါးစွန်းမှာ တွေ့နေရပေမယ့် သူတို့မှာ ပါသွားတဲ့ ကိရိယာ တန်ဆာပလာတွေ က နက်ရှိုင်းလှတဲ့ ထောင်နဲ့ချီတဲ့ ချောက်အနက်ထဲ ဆင်းဖို့ မပြည့်စုံလှတာကြောင့် ချောက်ထဲ ဆင်းပြီး အလောင်းယူလာဖို့ လက်လျှော့ခဲ့ရကြောင်း အဖွဲ့ခေါင်းဆောင် ကိုဇော်ခိုင်က ပြောပါတယ်။
ရာသီဥတု အနေအထား အရလည်း ဒီချောက်ကမ်းပါးထဲ ဆင်းဖို့ လေတိုက်နှုန်းက တအားပြင်းနေပြီး မြူတွေပြည့်နေတယ်လို့ သူက ဆိုပါတယ်။
သူမ ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကို ပေလေးထောင်ကျော် နက်တဲ့ ချောက်ကမ်းပါးရဲ့ အလယ် ပေနှစ်ထောင်လောက်မှာ တွေ့ရပြီး ဒါကို အဝေးကနေ မှတ်တမ်းဓါတ်ပုံတွေသာ ရိုက်ကူးရယူ ထားနိုင်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။
အခု အသက် ဆုံးပါးသွားတဲ့ မစိမ့်ထက်ဟာ တောင်တက် စက်ဘီးစီး Outdoor Adventure Athlete မျိုးဆက်သစ် အားကစားမယ် တဦးလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Credit. Ko Naing Naing min htet/Ko Pyae phyo aun
လူငယ်လူလတ် အယောက်၂၀ ပါ၀င်တဲ့ အဖွဲ့က ပေတသောင်းလေးထောင် အမြင့်ရှိ ရေခဲတောင်ထိပ်ကို ခြေချနိုင်ခဲ့ကြပြီ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
အဖွဲ့သား အားလုံး စုံညီစွာနဲ့ ဖန်ဂရန် ရာဇီ တောင်ထိပ်မှာ မြန်မာ အလံကို စိုက်ထူနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူ ကျေနပ်နေချိန်မှာ အခုလို အဖွဲ့သား တယောက် ဆုံးရှုံးလိုက် ရတဲ့ အတွက် သူတို့ အားလုံး အတိုင်းမသိ ၀မ်းနည်း ခဲ့ရတယ်လို့ အဖွဲ့ခေါင်းဆောင် ကိုဇော်ခိုင်က ပြောပါတယ်။
အမြင့်ပေ တစ်သောင်း လေးထောင် နှစ်ဆယ့် နှစ်ပေ မြင့်တဲ့ ဖန်ဂရန်ရာဇီ တောင်ပေါ် ခရီးစဉ်ဟာ ခရီးကြမ်းပြီး ချောင်းတွေ အမြောက်အမြား ဖြတ်ရတဲ့ အပြင် တောင်ထိပ်လမ်းကလည်း ချဉ်းကပ်ရ ခက်ခဲပြီး အန္တရာယ်လည်း များလှတဲ့ ရေခဲတောင် ဖြစ်တယ်လို့ ဆိုပါတယ်။
ပူတာအိုမှာ တခြား ရေခဲတောင်တွေ ဖြစ်တဲ့ ဖုန်ကန် ရာဇီ နဲ့ ဖုန်ယင် ရာဇီ တောင်ထိပ်တွေကို ခရီးသွားတွေရော တောင်တက်သမားတွေပါ အလွယ်တကူ တက်လေ့ ရှိပါတယ်။
လူသားတွေ ရောက်ပြီး ခြေချနိုင်ဖို့ ခက်ခဲလှတဲ့ ဖန်ဂရန်ရာဇီ တောင်ထိပ်ကိုတော့ The Summiter တောင်တက်အဖွဲ့သားတွေ စုံညီ စည်းလုံးစွာ အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်လို့ ကိုဇော်ခိုင်က ဆိုပါတယ်။
သေဆုံးသူ မိသားစု၀င်နဲ့ ဆွေမျိုးတွေကတော့ အခုလို သက်ရှိလူသားတွေ ခြေချနိုင်ဖို့ ခဲယဉ်းလှတဲ့ ဖန်ဂရန်ရာဇီ တောင်ထိပ်ကို ခြေချနိုင်ခဲ့တဲ့ သမီးဖြစ်သူ အတွက် ဂုဏ်ယူမိတယ်လို့ ဆိုကြောင်း အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။