အာဖရိကနိုင်ငံတွေက ပယ်ဆန် သတ်မှတ်ပြီး မဝယ်ယူတဲ့အတွက် ပြန်စိစစ်ဖို့ လုပ်နေချိန်မှာ ဖျက်ဆီးခဲ့တာလို့ စီးပွားကူးသန်းပြော

ပို့ဆောင်ချိန် နှစ်ဝက်ကျော်ကြာသွားပြီး အရည်အသွေးမမီလို့ အိုင်ဗရီကို့စ်က ဖျက်ဆီးခဲ့တာလို့ ဆန်စပါးအသင်းချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ပို့ဆောင်ချိန် နှစ်ဝက်ကျော်ကြာသွားပြီး အရည်အသွေးမမီလို့ အိုင်ဗရီကို့စ်က ဖျက်ဆီးခဲ့တာလို့ ဆန်စပါးအသင်းချုပ်ပြော

အိုင်ဗရီကို့စ်နိုင်ငံက ဖျက်ဆီးလိုက်တဲ့ မြန်မာနိုင်ငံက ဆန်တန်ချိန် ၁ သောင်း ၈ ထောင်ကျော်ကို အာဖရိကနိုင်ငံတွေက ပယ်ဆန်အဖြစ် သတ်မှတ်ပြီး မဝယ်ယူတာကြောင့် ပြန်စိစစ်ဖို့ စီစဉ်နေတုန်းမှာ အိုင်ဗ်ရီကို့စ်နိုင်ငံက ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တကယ်တော့ ဒီဆန်တွေဟာ အာဖရိက ဂီနီနိုင်ငံက ဆန်တန်ချိန် ၂ သောင်း ၂ ထောင်မှာလို့ ပို့ဆောင်ရမယ့် ကုန်တွေထဲမှာ ပါ၀င်ပါတယ်။ ဒါပေမဲ့ အဲ့ဒီက တန်ချိန် ၄ ထောင်ကိုပဲ ဝယ်ခဲ့ပြီး ကျန်တဲ့ တန်ချိန် ၁ သောင်း ၈ ထောင်ကို ပယ်တဲ့ဆန်တွေ အဖြစ်သတ်မှတ်ပြီး မဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် တိုဂို နိုင်ငံကို ဆက်သွားတဲ့အခါမှာလည်း ပယ်ဆန်အဖြစ် မဝယ်ယူခဲ့ပါဘူးလို့ စီးပွားကူသန်းဝန်ကြီးဌာနက ပြောပါတယ်။

'ကျွန်တော်တို့က ဒီဆန်တွေကို ပြန်သယ်ခဲ့ပါ၊ ဌာနဆိုင်ရာတွေ စစ်ဆေးရေးအဖွဲ့တွေရဲ့ ရှေ့မှောက်မှာ ဒီဆန်တွေက အရည်အသွေး မီမမီ စစ်ဖို့ အကြောင်းကြား စီစဉ်နေတုန်းမှာ ကုမ္ပဏီက အိုင်ဗရီကို့စ်မှာ ရောင်းလိုက်ပြီး အခုလို ကိစ္စ ဖြစ်လာရတာပါ'လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

ဒီဆန်တွေကို မြန်မာနိုင်ငံကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက သင်္ဘောနဲ့ တင်ဆောင်ပြီး လှည့်လည်ရောင်းချခဲ့ပေမယ့် ဆန်တွေ တင်ဆောင်လာတဲ့ သင်္ဘောကို အာဖရိက အနောက်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ဂါနာ၊ ဂီနီ၊ တိုဂို နိုင်ငံ ဆိပ်ကမ်းတွေက ဆိုက်ကပ်ခွင့် မပြုခဲ့ပါဘူး။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ သင်္ဘော၀မ်းထဲမှာ ၇ လ ကြာမြင့်စွာ သိုလှောင်ထားခဲ့တဲ့အတွက် သိုလှောင်မှု ပုံစံမမှန်လို့ သက်တမ်းလွန်ကာ အရည်အသွေးမပြည့်မီတဲ့ ဆန်တွေ ဖြစ်ရတာလို့ ပြောပါတယ်။

'နိုင်ငံ ၄ နိုင်ငံလောက်မှာ ပတ်ရောင်းရတယ်၊ ကျွန်တော်တို့ ရောင်းတဲ့စနစ်က သင်္ဘောဝမ်းထဲ ပုံပြီးတော့ ဆန်တွေကို အလုံပိတ် သယ်ဆောင်တာ၊ ပိတ်ထားပြီး အကြာကြီးထားတော့ အရည်အသွေးနဲ့ ပတ်သက်တဲ့ ပြဿနာပေါ်လာတာ' လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဆန်တန်ချိန် ၁ သောင်း ၈ ထောင်ကို ဖျက်ဆီးခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ဆန်တန်ချိန် ၁ သောင်း ၈ ထောင်ကို ဖျက်ဆီးခဲ့

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီလကနေ ၂၀၁၉ ခုနှစ် ဧပြီလအထိ ပြည်ပ ဆန်တင်ပို့မှု တန်ချိန် ၂.၂ သန်းအထိ ရှိခဲ့ပါတယ်။

နယ်စပ်လမ်းကြောင်းနဲ့ ပင်လယ်ရေကြောင်းလမ်းတွေကနေ အများဆုံးတင်ပို့တာဖြစ်ပြီး အဲ့ဒီထဲက အာဖရိကနိုင်ငံကို ပင်လယ်ရေကြောင်းလမ်းကနေ ဆန်တန်ချိန် ၈ သိန်းလောက်အထိ နှစ်စဉ် တင်ပို့နေတာလည်း ဖြစ်ပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနကတော့ ဒီဖြစ်ရပ်အပေါ် ပြည်ပတင်ပို့တဲ့ ကုမ္ပဏီအပါအဝင် သက်ဆိုင်ရာ ဆန်စပါးအသင်းအဖွဲ့တွေ၊ အရည်အသွေးစစ်ဆေးတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စိစစ်မှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

'မြန်မာနိုင်ငံက ဆန်က ဥရောပနိုင်ငံတွေအထိ တင်ပို့နေတယ်၊ ဒီလို အခြေအနေမှာ အာဖရိက နိုင်ငံက ပယ်ဆန်အဖြစ် ဘာလို့ သတ်မှတ်ရတာလဲ၊ တကယ်ပဲ အရည်အသွေးပိုင်းမှာ ပြဿနာရှိနေလားဆိုတာ စိစစ်ပါ့မယ်' လို့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

'အဓိက ဝယ်လက် တစ်ခုဖြစ်တဲ့ အာဖရိက နိုင်ငံတွေမှာ ခုလိုဖြစ်သွားတယ်ဆိုတော့ တိုင်းပြည်ရဲ့ မျက်နှာထိခိုက်တယ်၊ အိတ်စ်ပို့သွားနေတဲ့ အာဖရိက ဈေးကွက်ကို အများကြီး သက်ရောက်မှုဖြစ်နိုင်တယ်' လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဒီဆန်တွေဟာ အချိန်ကြာမြင့်နေတာမို့လို့ ဖျက်ဆီးခံရတဲ့ အကြောင်းရင်း အပြင် ဓာတုဆေးဝါးသုံးတာပါခဲ့လို့ တခြားအရည်အသွေးပိုင်းဆိုင်ရာမှာ ပြဿနာရှိခဲ့တာလားလို့ ဘီဘီစီက မေးရာမှာတော့ ဒေါက်တာ စိုးထွန်းက သူတို့ရဲ့ စစ်ဆေးချက်အရ ဒီလိုအဖြစ်မျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနကတော့ ပိုးသတ်ဆေးတွေ သိပ်သုံးထားလို့လား၊ သိုလှောင်မှု စနစ်ကြောင့်လားဆိုတာတွေ အပါအဝင် တခြားဖြစ်နိုင်ခြေရှိတဲ့ အချက်တွေကို စိစစ်နေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီဆန်တွေကို မြန်မာနိုင်ငံက ဝယ်ယူရောင်းချတဲ့ စင်္ကာပူနိုင်ငံ မှတ်ပုံတင် မြန်မာကုမ္ပဏီတွေကိုတော့ အစိုးရ ဝန်ကြီးဌာနပိုင်းက စစ်ဆေးပြီး အရေးယူဆောင်ရွက်တာမျိုး လုပ်သင့်တယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။