တပ်ရဲ့ ရခိုင်စုံစမ်းရေးကော်မရှင် ဥပဒေအကြံပေးအဖွဲ့ကို စစ်ဥပဒေချုပ်အဖွဲ့ဝင်တွေနဲ့သာ ဖွဲ့စည်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံ မူပိုင် AFP
Image caption ဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ သက်သေခံအထောက်အထားတွေ ပေးပို့နိုင်တယ်လို့ ဖိတ်ခေါ်ထား

ရခိုင်ပြည်နယ်မှာ ၂၀၁၇ခုနှစ် သြဂုတ်လက ARSA အဖွဲ့ရဲ့တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ထပ်မံအတည်ပြု စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးအတွက် ဥပဒေရေးရာအကြံပေးဖို့ စစ်ဥပဒေချုပ်အဖွဲ့ဝင် တချို့ ပါဝင်တဲ့ အဖွဲ့ကို ဧပြီလ ၁၈ ရက်နေ့မှာဖွဲ့စည်းလိုက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

အဲဒီအဖွဲ့မှာ တပ်မတော်က ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က ဦးဆောင်ပြီး ဒု ဗိုလ်မှူးကြီးမှ ဗိုလ်ကြီးအဆင့်ရှိသူစုစုပေါင်း ၅ဦးပါဝင်ပါတယ်။

ဥပဒေအကြံပေးအဖွဲ့က ဥပဒေကြောင်းအရ ဘယ်လိုသက်သေတွေကို စစ်မေးသင့်တာ၊ ဘယ်လိုအထောက်အထားတွေကိုရယူသင့်တာ၊ အခင်းဖြစ်ပွားတဲ့ဘယ်လိုနေရာတွေကို သွားရောက်ကွင်းဆင်းသင့်တာ၊ သက်သေတွေကိုကွင်းဆက်မပြတ်မေးမြန်းနိုင်ဖို့နဲ့ အခြားဥပဒေအကြောင်းအရာတွေကို အကြံပြုဖို့ဖွဲ့စည်းခဲ့တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁၈ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ထပ်မံအတည်ပြုစုံစမ်းစစ်ဆေးခုံရုံးအဖွဲ့ကလည်း ဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ သက်သေခံအထောက်အထားတွေကို လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ်၊ စာတိုက်ကစတဲ့ နည်းလမ်းတွေနဲ့ဖြစ်စေ ပေးပို့နိုင်တယ်လို့ ဧပြီလ ၂ရက်နေ့က ဖိတ်ခေါ်ထားပါတယ်။

တပ်မတော်ကပြုလုပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက တပ်မတော်သားတွေသာ ပါဝင်ပြီး တပ်မတော်ကသာ သီးသန့်လုပ်နေခြင်းမှာ အစိုးရကလည်း အရပ်သားနဲ့အခြား နိုင်ငံတကာကျွမ်းကျင်သူတွေပါဝင် တဲ့အဖွဲ့ တွေနဲ့ရခိုင်ကိစ္စ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာရှိပါတယ်။ ဒါကြောင့် တပ်မတော်က တပ်မတော်သားတွေသာ သီးသန့်ပါဝင်တဲ့အဖွဲ့နဲ့ ပြုလုပ်တာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

"မင်းတို့ဘာပဲပြောပြော ဒါပဲဖြစ်ရမယ်လို့ ပြောတဲ့သူတွေအပေါ် အကျိုးသက်ရောက်မှုရှိချင်မှရှိလိမ့်မယ် သို့သော်လွတ်လွတ်လပ်လပ်ဆုံးဖြတ်နိုင်သူတွေအတွက် အကျိုး သက်ရောက်မှုရှိပါလိမ့်မယ်" လို့ တပ်ရဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေရဲ့ အကျိုးသက်ရောက်နိုင်မှုအခြေအနေကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရွာတွေကို မီးရှို့ ဖျက်ဆီးမှုတွေ အာဆာက လုပ်ခဲ့တာလို့ အစိုးရက ပြောကြားထား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက သံအမတ်တွေ၊ အခြားနိုင်ငံသံအမတ်တွေနဲ့ တွေ့ဆုံစဉ်တိုင်းမှာ တပ်ကရရှိထားတဲ့ ရခိုင်အရေး အထောက်အထားတွေကို ပေးအပ်ခဲ့တာတွေရှိသလို၊ အဲဒီကနေတဆင့် အဖြစ်မှန်တွေကို ပြန်လည်ရေးသားဖော်ပြတဲ့ အကျိုးရလဒ် တွေကိုလည်း ရရှိထားဖူးတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါပေမဲ့ တပ်မတော်က ရခိုင်ကိစ္စတွေကို တပ်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး ပြုလုပ်တာတွေက ထိရောက်မှုမရှိသလို ထွက်ရှိလာတဲ့ အစီရင်ခံစာတွေအပေါ်လည်း နိုင်ငံတကာအဖွဲ့အစည်းတွေက ယုံကြည်လက်ခံမှု မရှိကြဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။

Image caption ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ခုနစ် သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂပြော

တပ်အနေနဲ့ ရခိုင်ကိစ္စလို နိုင်ငံတကာဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ကိစ္စမှာ ပွင့်လင်းမြင်သာအောင် အရပ်ဘက် ကျွမ်းကျင်သူတွေအပြင် နိုင်ငံတကာကအဖွဲ့အစည်းတွေပါ ပါဝင်ခွင့်ပြုပြီး လုပ်ဆောင်သင့်တယ်လို့ တိုင်းရင်း သားဒေသတွေက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးအဖွဲ့ ချုပ် (မြန်မာ) မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် လွေးချယ်ရီကပြောပါတယ်။

"အခုလုပ်တာကလည်း နိုင်ငံတကာဖိအားကြောင့် သူတို့ကိုသူတို့ကာကွယ်ချင်လို့ ဟန်ပြသက်သက်ပဲ တကယ့်တကယ်သူတို့မှာ ဒီလိုမျိုးပြဿနာတွေကိုဖြေရှင်းဖို့ စိတ်ဆန္ဒမရှိဘူး" လို့ သူကဆိုပါတယ်။

တပ်မတော်က ရခိုင်ဒေသသာမက တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ထားပေမဲ့ ပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရနေလို့အဲဒီလိုကျူးလွန်မှုတွေကို ဝန်ခံတာ၊ တောင်းပန်တာတွေရှိမှသာ လူထုကလိုချင်တဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုတွေရရှိမယ်လို့ လွေးချယ်ရီကပြောပါတယ်။

ဒါ့အပြင် တပ်မတော်သားတွေနဲ့သာ သီးသန့်လုပ်ဆောင်နေတဲ့ ရခိုင်အရေးကိစ္စ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုရရှိရေးအတွက် များစွာခက်ခဲနေတဲ့အပြင် ဥပဒေအကြံ ပေးသာမက စုံစမ်းစစ်ဆေးရေးအဖွဲ့တွေမှာ အရပ်ဘက်နဲ့ နိုင်ငံတကာလက်ခံနိုင်တဲ့ ဒေသဆိုင်ရာ ပုဂ္ဂိုလ်တွေလည်း ပါဝင်သင့်တယ်လို့ တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်က ပြောပါတယ်။

တပ်ကဖွဲ့စည်းတဲ့ ကော်မရှင်ကိုတော့ တပ်ကသူတွေနဲ့သာဖွဲ့စည်းနိုင်ပေမယ့် ဒေသဆိုင်ရာဥပဒေပညာရှင် တွေကိုလည်း ထည့်သွင်းဖွဲ့စည်းခဲ့ရင် ပိုပြီးထိရောက်မှုရှိနိုင်တယ်လို့ သူကဆိုပါတယ်။

တပ်မတော်က ရခိုင်ပြည်နယ်ထဲမှာလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ခုနစ် သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့စာရင်းတွေအရ သိရပါတယ်။