ပြည်ပမှာ အိမ်အကူလုပ်ရင်းရတဲ့ငွေနဲ့ အိမ်ပြန်ဆောက်ဖို့ စိတ်ကူးထားတွေ ပျက်စီးသွား

ငွေစက္ကူ

ဓာတ်ပုံ ရင်းမြစ်, Golden Fruit

ဓာတ်ပုံ ပုံစာ,

အိမ်ပြန်ဆောက်ဖို့ ပြည်ပထွက် အိမ်အကူ လုပ်ခဲ့တဲ့ နော်သောသွဲ့ထူး အိပ်မက်တွေ ပျက်စီးခဲ့ရ

စင်ကာပူမှာ အိမ်အကူ သုံးနှစ်ကြာ လုပ်ကိုင်ပြီးနောက် မြန်မာပြည် ပြန်လာတဲ့အခါ တသောင်းတန် ငွေစက္ကူ ကိုင်ဆောင်မှုနဲ့ တရားစွဲခံထားရတဲ့ နော်သောသွဲ့ထူး အမှုကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃(၁)အရ စွဲချက်မတင်ဘဲ ပြန်လွှတ်ပေးဖို့ ဒိုက်ဦး တရားရုံးက ဧပြီလ ၁၈ ရက်က ဆုံးဖြတ်ခဲ့ပါတယ်။

မိသားစု နေထိုင်ရာ အိမ်ကလေး ပြန်ပြင်ဆောက်ဖို့ စင်ကာပူမှာ အိမ်အကူ အဖြစ် သုံးနှစ်ကြာ အလုပ်သွားလုပ်ပြီးပြန်လာတဲ့ နော်သောသွဲထူး ဟာ တစ်သောင်းတန် လက်ဝယ်တွေ့ရှိမှုနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ဒိုက်ဦး ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီတသောင်းတန် ငွေစက္ကူ အတုတွေဟာ သူနေရပ်ပြန်ဖို့ ပြင်ဆင်ချိန် သူ့အလုပ်ရှင်က ငွေလဲကောင်တာကနေ လဲပေးလိုက်တဲ့ ချွေးနဲစာ လုပ်ခထဲမှာ တစ်သောင်းတန် အတု ၂၉၆ ရွက် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဒိုက်ဦး ရဲစခန်းမှာ တလကြာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီးနောက် သူ့ကို အာမခံနဲ့ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

ဖမ်းဆီး ခံရစဉ် နှိပ်စက် ညှင်းပမ်း မှုတွေ မရှိပေမယ့် အချုပ်ထဲမှာ ထိန်းသိမ်းထားတဲ့ ကာလအတွင်း အကြီးအကျယ် စိတ်ဆင်းရဲခဲ့ရပြီး အချိန်လည်းကုန် ၊ ငွေလည်းကုန် ၊ ငွေတု ကိုင်ဆောင်မှုနဲ့ စွပ်စွဲခံရပြီး အရှက်ရ စိတ်ထိခိုက် ခဲ့ရတယ်လို့ နော်သောသွဲ့ထူး က ပြောပါတယ်။

ငွေစက္ကူ

ဓာတ်ပုံ ရင်းမြစ်, Golden Fruit

ဓာတ်ပုံ ပုံစာ,

တရားရင်ဆိုင်နေရတဲ့ ကာလအတွင်း အကြီးအကျယ် စိတ်ဆင်းရဲ ဖြစ်ခဲ့ရပေမယ့် အခုတော့ ပြုံးပျော်နိုင်ပြီ

ဒိုက်ဦး တရားရုံး ဆုံးဖြတ်ချက်ကြောင့် အခုအခါ စိတ်လက်ပေါ့ပါး သွားပြီ ဖြစ်ပေမဲ့ သူ့အိပ်မက်ဖြစ်တဲ့ မိသားစု နေထိုင်ရာ အိမ်ကလေး ပြန်ပြင်ဆောက်ဖို့ အရေးကတော့ အလှမ်းဝေးသွားခဲ့ပြီလို့ သူက ဆိုပါတယ်။

အခင်း ဖြစ်ပွားတုန်းက သူ့ရဲ့ နိုင်ငံကူး လက်မှတ် အသိမ်းခံခဲ့ရတာကြောင့် ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ ဆိုတာကလည်း မဖြစ်နိုင်တော့ဘူးလို့ နော်သောသွဲ့ထူးက ပြောပါတယ်။

ရှေ့ဆက်ပြီး ဘ၀ ရပ်တည်ရေးနဲ့ ပတ်သက်လို့ စျေးရောင်းကာ မိသားစုနဲ့ပဲ အေးအေးချမ်းချမ်း နေထိုင်သွားတော့မယ်လို့ သူက အနာဂတ် အရေးကို ရှင်းပြခဲ့ပါတယ်။

တရားမဝင် ငွေစက္ကူ လက်၀ယ် တွေ့ရှိမှုနဲ့ တရား ရင်ဆိုင်ခဲ့တဲ့ နော်သောသွဲ့ထူးကို ရဲက ဗဟိုဘဏ် ဥပဒေ ၁၀၅ နဲ့ တရားစွဲဆို ခဲ့တာလို့ သူ့ရဲ့ အမှုလိုက် ရှေ့နေ ဦးစောထူးသာထော်က ပြောပါတယ်။

ငွေစက္ကူ

ဓာတ်ပုံ ရင်းမြစ်, Golden Fruit

ဓာတ်ပုံ ပုံစာ,

အိမ်ကလေး ပြင်ဆောက်ဖို့ နေရပ်ပြန်ခဲ့ပေမယ့် မမျှော်လင့်တဲ့ အခင်းဖြစ်မှုကြောင့် ငွေအား ၊ လူအား ရှေ့မဆက်နိုင်တော့ပြီ

ငါးလကြာ စစ်ဆေးခဲ့တဲ့ ဒီအမှုကို အခုအခါ စွဲချက်တင်နိုင်လောက်တဲ့ တရားလိုပြ သက်သေ မရှိဘူးလို့ ဒိုက်ဦး တရားရုံးက ဆုံးဖြတ်ကာ ပြန်လွှတ်ပေးခဲ့တာလို့ အထက်တန်း ရှေ့နေ ဦးစောထူးသာထော်က ဆိုပါတယ်။

အခုလို တရားရင်ဆိုင်ရတဲ့ အတွက် နော်သောသွဲ့ထူး အနေနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း နဲ့ ဂုဏ်သိက္ခာပိုင်း အရ များစွာ ထိခိုက်ခဲ့တယ်လို့ ဦးစောထူးသာထော်က ပြောပါတယ်။

အမှန်တကယ်တော့ အခုလို အပြစ်မဲ့ပြည်သူတယောက်ကို အရေးယူရမယ့် အစား ငွေစက္ကူအတုတွေကို ကနဦး ထုတ်ပေးခဲ့တဲ့ စင်ကာပူက ငွေလဲကောင်တာကို ဆက်သွယ်ပြီး သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူ သင့်တယ်လို့ အမှုလိုက် ရှေ့နေက ပြောပါတယ်။

ငွေစက္ကူ

ဓာတ်ပုံ ရင်းမြစ်, Golden Fruit

ဓာတ်ပုံ ပုံစာ,

ပျက်စီး ထိခိုက်ခဲ့တဲ့ ဂုဏ်သိက္ခာတွေကိုတော့ ပြန်အဖတ်ဆည်လို့ မရနိုင်တော့ပြီ

မနော်သောသွဲ့ထူးရဲ့ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မနော်သောသွဲ့ထူးဟာ အိမ်အကူအဖြစ် စင်္ကာပူမှာ အလုပ် လုပ်ရင်းနဲ့ ရလာတဲ့ လစာ လုပ်အားခတွေမှာ အစစ်အမှန် မဟုတ်တဲ့ ငွေတုတွေ ပါလာပြီး ငွေတုတွေမှန်း မသိဘဲ သုံးခဲ့မိလို့ ရဲအဖမ်းခံခဲ့ရတဲ့ ဖြစ်စဉ်မှာ သူရဲ့ဂုဏ်သိက္ခာ ကျဆင်း ခဲ့တာကြောင့် လူ့အခွင့်အရေးအရ နစ်နာမှုတွေ ဖြစ်ရတဲ့ တွေ့ရှိချက် အစီရင်ခံစာကို သမ္မတနဲ့ သက်ဆိုင်ရာ ဌာနတွေဆီ ပေးပို့သွားမယ်လို့ လူ့အခွင့်အရေး ကော်မရှင်က ပြောဆိုထားပါတယ်။

ဗဟိုဘဏ်ဥပဒေအရ ငွေစက္ကူအတုမှန်း မသိဘဲ လက်ဝယ်ကိုင်ဆောင် သုံးစွဲမိရင် ဘယ်သူကိုမဆို ဖမ်းဆီး အရေးယူ ခံရနိုင်တဲ့ အတွက် မနော်သောသွဲ့ထူးရဲ့ ဖြစ်ရပ်ကြောင့် လူထုအကြားမှာ တသောင်းတန် ငွေစက္ကူ ကိုင်ဆောင်သုံးစွဲဖို့ အတွက် ကြောက်ရွံ့ ထိတ်လန့်မှုတွေ ရှိခဲ့ပါတယ်။