အိုင်ဗရီကို့စ်မှာ ဖျက်ဆီးခံရတဲ့ ဆန်တွေတင်ပို့ခဲ့တဲ့ ကုမ္ပဏီ ၃ ခုမှာ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူးပါတဲ့ ကုမ္ပဏီပါဝင်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty
အာဖရိကနိုင်ငံတွေက ပယ်ဆန် သတ်မှတ်ပြီး မဝယ်ယူတဲ့အတွက် ပြန်စိစစ်ဖို့ လုပ်နေချိန်မှာ ဖျက်ဆီးခဲ့တာလို့ စီးပွားကူးသန်းပြော
အိုင်ဗရီကို့စ်နိုင်ငံက ဖျက်ဆီးလိုက်တဲ့ ဆန်တန်ချိန် ၁ သောင်း ၈ ထောင်ကျော်ကို တင်သွင်းခဲ့တဲ့ ကုမ္ပဏီ ၃ ခု ဟာ မြန်မာစီးပွားရေးကော်ပိုရေးရှင်းလီမိတက် (MEC)၊ ရွှေဝါရောင် စိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီနဲ့ ဧရာဟင်္သာရောင်းဝယ်ရေးတို့ ဖြစ်တယ်ဆိုပြီးတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးရဲ့ ဖေ့စ်ဘုတ်ပို့စ်မှာ ဖော်ပြထားပါတယ်။
ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာနမှာတော့ ရွှေဝါရောင် စိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီဟာ ဆန်စပါးအသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ဒါရိုက်တာအဖွဲ့ဝင် အဖြစ်မှတ်ပုံတင်ထားပါတယ်။
ဧရာဟင်္သာရောင်းဝယ်ရေးကုမ္ပဏီကတော့ ဧရာဝတီတိုင်းထဲက ဆန်စပါးစိုက်ပျိုးရောင်းဝယ်ရေး လုပ်ငန်းတွေ အကြီးအကျယ် လုပ်ကိုင်နေတာဖြစ်ပြီး ကုမ္ပဏီဥက္ကဋ္ဌ အဖြစ် ဦးဇော်ဝင်းရှိန်က တာဝန်ယူဆောင်ရွက်နေတာပါ။
နောက်ထပ်ပါဝင်တဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းကတော့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
အိုင်ဗရီကို့စ်မှာ ဆန်တွေဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ ဆန်တန်ချိန် ၂ သောင်း ၂ ထောင်ကျော် သယ်ဆောင်လာတဲ့ သင်္ဘောဟာ မြန်မာဆိပ်ကမ်းကနေ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ထွက်ရှိခဲ့ပြီး တကယ်တမ်း မှာယူထားတဲ့ အာဖရိကက ဂီနီနိုင်ငံအရောက်မှာ ဆန်အိတ်တွေဟာ အလေးချိန်မပြည့်လို့ တန်ချိန် ၄ ထောင်ကိုပဲ ဝယ်ယူပြီး ၁ သောင်း ၈ ထောင်ကို ပယ်ဆန်တွေအဖြစ် သတ်မှတ်ခဲ့တာလို့ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty
ဆန်တန်ချိန် ၁ သောင်း ၈ ထောင်ကို အိုင်ဗရီကို့စ်က ဖျက်ဆီးခဲ့
'ပယ်ဆန်အဖြစ် သတ်မှတ်ခံရတာဟာ မူလ သဘောတူထားတဲ့ အချက်တွေကို ကုမ္ပဏီတွေဘက်က မလိုက်နာခဲ့လို့ ဖြစ်ရတာ' လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနကတော့ ဖျက်ဆီးခံရတဲ့ ဆန်တွေဟာ တကယ်ပဲ အရည်အသွေးပိုင်းမှာ ပြဿနာရှိနေလားဆိုတာ ပြည်ပတင်ပို့တဲ့ ကုမ္ပဏီတွေ၊ ဆန်စပါးအသင်းအဖွဲ့တွေ၊ အရည်အသွေးစစ်ဆေးတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းစိစစ်ပါ့မယ်လို့ ဘီဘီစီကို ပြောထားပါတယ်။
ဒီကုမ္ပဏီတွေကို ဘယ်လိုအရေးယူမလဲဆိုတဲ့ ဘီဘီစီရဲ့အမေးကိုတော့ စီးပွားကူးသန်းဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က တိတိပပ မဖြေခဲ့ပါဘူး။
ဒေါက်တာစိုးထွန်းကတော့ 'အရည်အသွေးပိုင်းမှာ တကယ်ပဲ မပြည့်မီခဲ့ဘူးဆိုရင် ကုမ္ပဏီတွေကို ၆ လ ကြာ အမည်ပျက်စာရင်းသွင်းတာမျိုးလို အရေးယူတာတွေ လုပ်သင့်တယ်' လို့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီလကနေ ၂၀၁၉ ခုနှစ် ဧပြီလအထိ ပြည်ပ ဆန်တင်ပို့မှု တန်ချိန် ၂.၂ သန်းအထိ ရှိခဲ့ပါတယ်။
နယ်စပ်လမ်းကြောင်းနဲ့ ပင်လယ်ရေကြောင်းလမ်းတွေကနေ အများဆုံးတင်ပို့တာဖြစ်ပြီး အဲ့ဒီထဲက အာဖရိကနိုင်ငံကို ပင်လယ်ရေကြောင်းလမ်းကနေ ဆန်တန်ချိန် ၈ သိန်းလောက်အထိ နှစ်စဉ် တင်ပို့နေတာလည်း ဖြစ်ပါတယ်။