ARSA တိုက်ခိုက်မှုဖြစ်စဉ်အတွက် နိုင်ငံတကာနဲ့ ပြည်တွင်းက အချက်အလက်တွေတပ်က ရရှိထား

လုံခြုံရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးကော်မရှင်က ရိုဟင်ဂျာတွေနဲ့တွေ့ဆုံ ဓာတ်ပုံ မူပိုင် Reuters
Image caption လုံခြုံရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးကော်မရှင်က ရိုဟင်ဂျာတွေနဲ့တွေ့ဆုံ

ARSA တိုက်ခိုက်မှုဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ မတ်လ ၁၈ရက်က ဖွဲ့စည်းခဲ့တဲ့ ခုံရုံးကို နိုင်ငံတကာနဲ့ ပြည်တွင်းက အချက်အလက်တွေပေးပို့ထားတာ အများအပြားရရှိထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

အခုလိုအချက်အလက်တွေပေးပို့ဖို့ကိုလည်း တပ်မတော်က ဧပြီလ ၂ရက်က စတင်ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာနဲ့ ပြည်တွင်းက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းပေါင်းစုံတို့က ပေးပို့လာတာလို့ သူကဆိုပါတယ်။

စစ်ဘက်ဆိုင်ရာဥပဒေတွေအရ အခုရရှိထားတဲ့ အချက်အလက်တွေကို စုံစမ်းစစ်ဆေးရေးခုံရုံးက လျှို့ဝှက်အဆင့်အနေနဲ့သတ်မှတ်ထားတယ်၊ အချက်အလက်တွေအပေါ် လိုအပ်တဲ့စစ်ဆေးမှုတွေကို ပြုလုပ်ပြီး ပြန်လည်ထုတ်ပြန်သင့်တဲ့အရာတွေကိုသာ လုပ်ငန်းအားလုံးပြီးဆုံးတဲ့အချိန်မှသာ ခုံရုံးဆုံးဖြတ်ချက်နဲ့ ပြုလုပ်မှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Image caption ရွာတွေကို မီးရှို့ ဖျက်ဆီးမှုတွေလည်း အာဆာ လုပ်ခဲ့တယ်လို့ အစိုးရက ပြောကြားထား

အခုလို ဥပဒေအရလုပ်ဆောင်စရာရှိတဲ့ကိစ္စရပ်တွေကို လုပ်ကိုင်ရာမှာလည်း ဥပဒေပိုင်းဆိုင်ရာအကြံပေး နိုင်ဖို့ စစ်ဥပဒေချုပ်အဖွဲ့ဝင်တွေနဲ့ ဥပဒေအကြံပေးအဖွဲ့ကို ဧပြီလ ၁၈ရက်နေ့ကဖွဲ့စည်းလိုက်ပါတယ်။

"စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ခုံရုံးကအတွင်းရေးလျှို့ဝှက်အဆင့်ရှိတယ်။ မလုံခြုံတဲ့အဖွဲ့အစည်း၊ မလုံခြုံတဲ့သူတွေကို အချက်အလက်တွေ ပြန်ပေးစရာမရှိပါဘူး" လို့ရရှိထားတဲ့ အချက်အလက်တွေကို အခြားအဖွဲ့အစည်းတွေကို လက်လွှဲပေးပို့ခြင်းတွေ ပြုလုပ်နိုင်မှုအခြေအနေအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘင်္ဂလားဒေ့ရှ်ဘက် ရောက်သူတွေထဲက ARSA

တပ်မတော်က အချက်အလက်တွေကို တောင်းဆိုတာက ပထမဆုံးအကြိမ်ဖြစ်တယ်၊ အခုစစ်ဆေးရေးခုံရုံးမတိုင်မီ ပထမဆုံးဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က မြေပြင်ကိုကွင်းဆင်းစစ်ဆေးပြီး တာဝန်ခံမှုရှိတဲ့ သက်သေတွေကိုသုံးပြုပြီးမှ အစီရင်ခံခဲ့တာလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အခုလိုစုံစမ်းစစ်ဆေးမှုတွေ၊ အချက်အလက်တွေတောင်းခံရတာတွေကလည်း တပ်မတော်က ရခိုင်ပြည်နယ်ထဲက စစ်ဆင်ရေးလုပ်ငန်းတွေမှာ ထိတွေ့မှုစည်းမျဉ်းတွေနဲ့အညီလုပ်ဆောင်ခဲ့တာ၊ ဥပဒေနဲ့အညီ လုပ်ခဲ့တာတွေ၊ ဥပဒေနဲ့အညီမလုပ်တဲ့သူတွေကို အရေးယူအပြစ်ပေးခဲ့တာတွေရှိတယ်ဆိုတဲ့အကြောင်း တွေကိုသက်သေပြနိုင်ဖို့အတွက်နဲ့ ခေတ်မီတပ်မတော်တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက် လိုတာကြောင့်ဖြစ်တယ်လို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း အဲဒီစစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ ၇သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ