အေအေ ရက္ခိုင့် တပ်မတော် နဲ့ တိုက်ပွဲ အကြောင်း သတင်းရေးတဲ့ ဧရာဝတီသတင်းဌာန ကို တပ်မတော် က ၆၆ ဃ နဲ့ တရားစွဲထား

ဧရာဝတီ သတင်းဌာန ဝက်ဆိုက်ဒ် စာမျက်နှာ

ဓာတ်ပုံ ရင်းမြစ်, Irrawaddy

ဓာတ်ပုံ ပုံစာ,

ဧရာဝတီ သတင်းဌာန ဝက်ဆိုက်ဒ် စာမျက်နှာ

ဧရာဝတီသတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာ ကိုရဲနည်ကို ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့် တပ်မတော်ကနေ တရားလိုလုပ်ပြီး အမှုဖွင့်လိုက်ပါတယ်။

အေအေ ရက္ခိုင့် တပ်မတော် နဲ့ အစိုးရ တပ်မတော် ကြား ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ အကြောင်း ရေးသားထားတဲ့ ဆောင်းပါးတွေကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော် ဘက် ကနေ တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထားတယ်ဆိုတာ ကို သင်္ကြန် မတိုင်ခင် ကတည်း က သိရှိ နေခဲ့တာ ဖြစ်ပြီး ဧရာဝတီ သတင်းဌာနကို တပ်မတော် ဘက် က အကြောင်းကြားခဲ့တယ်လို့ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးက ဘီဘီစီ ကို အတည်ပြု ပြောကြားပါတယ်။

ဘယ် သတင်းဆောင်းပါးကြောင့် အခုလို တရားစွဲတဲ့ အထိ ဖြစ်ရတာလဲ ဆိုတဲ့ အချက်အလက် တွေကိုတော့ လာမယ့် တပတ်မှာ အသေးစိတ် သိရမှာ ဖြစ်ကြောင်း ကိုကျော်စွာမိုး က ပြောပါတယ်။

ဧရာဝတီသတင်းဌာနအနေနဲ့ ကတော့ တိုက်ပွဲ သတင်းတွေကို ဖော်ပြတဲ့ အခါမှာ ဘက်ပေါင်းစုံရဲ့ အသံကိုမေးမြန်းပြီး ပြည်သူ လူထု သိရှိအောင် သတင်းအဖြစ် တင်ပြခဲ့တာပဲ ဖြစ်တယ်လို့ ကိုကျော်စွာမိုးက ပြောပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်

ဓာတ်ပုံ ရင်းမြစ်, Nay Myo Zin FB

ဓာတ်ပုံ ပုံစာ,

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ကိုလည်း တရားစွဲထား

အခုလို အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ကြား တိုက်ပွဲတွေ အကြောင်း ရေးသားတဲ့နေရာမှာ သတင်းသမားတွေအနေနဲ့ မိမိတို့ သတင်းအလုပ်ကို လုပ်ကိုင်ရမှာ ဖြစ်သလို အစိုးရဘက်ကလည်း ဥပဒေ အရ အရေးယူတာတွေ ရှိနိုင်တာကြောင့်တဖက်နဲ့ တဖက်က အမြဲတမ်း ရင်ဆိုင်ထိတွေ့နေရမှာပဲ ဖြစ်တယ်လို့ ဝါရင့် သတင်းသမား တစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးဝင်းက မှတ်ချက်ပြု ပြောကြား ပါတယ်။

ဒါပေမယ့် အခုလိုမျိုး ဆတ်ဆတ်ထိ မခံ တရားစွဲနေတဲ့ ကိစ္စ ဟာ သတင်း လွတ်လပ် ခွင့်ကို ခြိမ်းခြောက်တာ မျိုး ဖြစ်ပြီး တိုက်ပွဲ သတင်း တွေကို မရေးရဲအောင် လုပ်ဆောင် တဲ့သဘောမျိုး ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

တပ်မတော်ဘက်က ဧရာဝတီသတင်းဌာနသာမက တခြား သတင်းဌာနတချို့ကို တရားစွဲဆိုဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် အတည်ပြုချက် မရသေးပါဘူး။

တပ်မတော် ဘက် က တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ မြန်မာပိုင်း တာဝန်ခံ အယ်ဒီတာ ပြင်ပ ခရီးစဉ် ကနေ ပြန်လာတဲ့ အချိန်မှာ ရင်ဆိုင် ဖြေရှင်းသွားမယ်လို့ ဧရာဝတီဘက်က ပြောပါတယ်။

ဒါရိုက်တာ မင်းထင် ကိုကိုကြီး

ဓာတ်ပုံ ရင်းမြစ်, Min Htin Ko Ko Gyi FB

ဓာတ်ပုံ ပုံစာ,

ဒါရိုက်တာ မင်းထင် ကိုကိုကြီး

လက်တလောမှာတော့ လူသိများ တဲ့ ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ တပ်မတော် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ နောက်ပြီး တပ်မတော် နဲ့ အစိုးရ ကို ဝေဖန် သံချပ် ထိုးခဲ့တဲ့ ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့က အဖွဲ့ဝင် တချို့ ကိုလည်း တပ်မတော် ဘက် က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ နဲ့ တရားစွဲ ဆို ထားပါတယ်။

ဒီလို ဖမ်းဆီး တရားစွဲဆိုမှုတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် နဲ့ လူ့အခွင့်အရေး ကို တပ်မတော် ဘက် က အကြီးအကျယ် ချိုးဖောက်နေတာ ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ HRW က ဝေဖန် ထား ပါတယ်။

ဒေါင်းတို့ မျိုးဆက် အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, ဒေါင်းတို့ မျိုးဆက် အဖွဲ့

ဓာတ်ပုံ ပုံစာ,

ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့က အဖွဲ့ဝင် တချိုကလည်း တရားစွဲ ခံထားရ