ဖမ်းဆီးထိန်းသိမ်းခံ ဒေါင်းမျိုးဆက် အဖွဲ့၀င်ကို သိန်းတရာတန် နှစ်ယောက် အာမခံပေးလို့ ပြန်လွတ်လာ

သံချပ် ဓာတ်ပုံ မူပိုင် Thinzar Khine Facebook
Image caption တရား၀င် အသိပေး အကြောင်းကြားမှု မရှိဘဲ လုပ်ငန်းခွင်ထဲမှာ ၀င်ရောက် ဖမ်းဆီးမှု ရှိနေ

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် တယောက်ဖြစ်တဲ့ မကေခိုင်ထွန်းဟာ ရန်ကုန် ကလေးဆေးရုံကြီးမှာ အလုပ်လုပ်နေစဉ် ဧပြီ၁၉ရက် မနက်မှာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း ဒေါင်းတို့ မျိုးဆက်အဖွဲ့ ထိုးခဲ့တဲ့ သံချပ်စာသားတွေနဲ့ ပတ်သက်ပြီး သံချပ်အဖွဲ့ ခေါင်းဆောင်တွေကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က မရမ်းကုန်းရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီးနောက် မကေခိုင်ထွန်း ကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ထဲက မကေခိုင်ထွန်းကို ရန်ကုန် ကလေးဆေးရုံကြီးမှာ သူနာပြု တာ၀န် ထမ်းဆောင်စဉ် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သူ့တို့ အဖွဲ့ထဲက တယောက် ဖြစ်တဲ့ မဆုရတနာမြင့်က ပြောပါတယ်။

ပထမ နာမည် ပေါက်ထားကြသူတွေထဲက မဟုတ်တဲ့ ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့၀င် တယောက်ကို တရား၀င် အကြောင်းကြားခြင်း မရှိဘဲ ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သူတို့အဖွဲ့ထဲက ကိုပိုင်ဖြိုးမင်းကိုလည်း မြောက်ဥက္ကလာမြို့နယ် ရဲတပ်ဖွဲ့ က လိုက်လံ စစ်ဆေးမှုတွေ လုပ်နေပြီး အခြေအနေ ရှုပ်ထွေးလျက် ရှိနေတဲ့ အပြင် လက်ရှိမှာ အာဏာပိုင်တွေက တွေ့သမျှကို လိုက်လံ ဖမ်းဆီးတဲ့ပုံ ဖြစ် နေတယ်လို့ မဆုရတနာမြင့် က ပြောပါတယ်။

အခုဖမ်းဆီး ထိန်းသိမ်းမှုဟာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ခေါင်းဆောင် လေးယောက် တရားစွဲခံရပြီးနောက် ပထမဆုံး ထိန်းသိမ်းခံရမှု ဖြစ်ပါတယ်။

တက္ကသိုလ် ကျောင်းသားသမဂ္ဂ တကသ လူငယ်တွေပါဝင်တဲ့ ဒေါင်းတို့မျိုးဆက်သံအချပ်အဖွဲ့က ကိုဇေယျာလွင် ၊ ကိုပိုင်ရဲသူ ကိုပိုင်ဖြိုးမင်းနဲ့ မဆုရတနာမြင့် တို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ မရမ်းကုန်း ရဲစခန်းမှာ အမှု ဖွင့်ထားတာ ဖြစ်ပါတယ်။

မနေ့ ဧပြီ၁၈ ရက် ကတော့ တပ်မတော်က ပုဒ်မ တခု ထပ်တိုးပြီး အသရေဖျက်မှုနဲ့ ထပ်တရားစွဲမယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြောပါတယ်။

ဖမ်းဆီး ထိန်းသိမ်း ခံရတဲ့ ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့က မကေခိုင်ထွန်း ကို ဧပြီ ၁၉ရက် ညနေပိုင်းမှာတော့ ကျပ်သိန်းတရာတန် နှစ်ယောက် အာမခံပေးခဲ့တဲ့ အတွက် ရဲက ပြန်လွှတ်ပေးခဲ့တယ်လို့ လွတ်မြောက်ရေး လှုပ်ရှား ဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက်နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနီလာသိန်း က ပြောပါတယ်။

ဒါ့အပြင် မြို့နယ် ခရိုင်ရဲမှူး ကခေါ်ယူ ဆွေးနွေးစဉ်မှာ ဘယ်သူတွေကျန်သေးလဲ ၊ ဘယ်သူတွေကို တရားစွဲထားတာလဲ လို့ မေးမြန်းရာ ကိုဇေယျာလွင် ၊ ကိုပိုင်ဖြိုးသူ ၊ ကိုပိုင်စိုးမင်း နဲ့ ဖိုးသားလို့ခေါ်တဲ့ ဇော်လင်းထွဋ် တို့ ၄ယောက်ကို ၅၀၅ (က) နဲ့ စွဲထားသေးတယ်လို့ ပြန်ဖြေခဲ့ကြောင်း မနီလာသိန်းက ဆိုပါတယ်။

အာမခံနဲ့ ပြန်လွတ်လာတဲ့ မကေခိုင်ထွန်း အမှုကို လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ ပထမဆုံး ရုံးချိန်းရက် သတ်မှတ် ပေးထားပြီး စတင် ဆင့်ခေါ် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် ဒေါင်းတို့မျိုးဆက်
Image caption ဒီနှစ် သင်္ကြန် ဧရာ၀တီတိုင်း ကျောင်းကုန်းမှာ ဖျော်ဖြေဖို့ သွားတဲ့ ဒေါင်းတို့မျိုးဆက် အဖွဲ့ဟာ လူတစုရဲ့ တိုက်ခိုက်တာကို ခံခဲ့ရ

ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ သင်္ကြန်အကြတ်နေ့က ရန်ကုန်တိုင်းမှာ ဖျော်ဖြေနေတုန်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလာရောက် အကြောင်းကြားပြီး စစ်ချက်ရယူတာ ခံခဲ့ရတယ်လို့ သူတို့ အဖွဲ့သား တယောက်က ပြောပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်း သင်္ကြန်ကာလမှာ ဖျော်ဖြေမယ့် သံချပ်တွေကို သက်ဆိုင်ရာ စိစစ်ရေးအဖွဲ့ကို တင်ပြပြီး ဆင်ဆာအဖွဲ့က စိစစ်ပြီးမှ ခွင့်ပြုမယ်လို့ ညွှန်ကြားထား ခဲ့တာ ဖြစ်ပါတယ်။

သင်္ကြန် ကာလအတွင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့နဲ့ အတူ တခြား သံချပ် အဖွဲ့ ၃ ဖွဲ့လည်း ဆင်ဆာမတင်တဲ့အတွက် ပြိုင်ပွဲဝင်ခွင့်မရသလို တချို့မဏ္ဍပ်တွေမှာလည်း ဖျော်ဖြေခွင့်မရခဲ့ပါဘူး။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အနေနဲ့ သင်္ကြန်မတိုင်ခင် ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့မှာ ဖျော်ဖြေဖို့အသွားမှာ လူတချို့က တားမြစ်တဲ့အတွက် ဖျော်ဖြေခွင့်မရတဲ့ အဖြစ်နဲ့လည်း ကြုံခဲ့ရပါတယ်။

ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့က အဖွဲ့ဝင် ၄ ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတာကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်း အမေရိကန် ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW က တောင်းဆိုထားပါတယ်။