အစိုးရက များလာတယ်ဆိုတဲ့ နိုင်ငံခြားသားခရီးသွားကိစ္စ လုပ်ငန်းရှင်အမြင်နဲ့ကွဲလွဲ

ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN
လာရောက်ခဲ့တဲ့သူတွေအများစုက တရုတ်၊ ဂျပန်နဲ့၊ တောင်ကိုရီးယားတို့ကအများဆုံးဖြစ်ပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရဲ့ ခြောက်လအတွင်း မြန်မာနိုင်ငံကိုလာရောက်တဲ့ နိုင်ငံခြားခရီးသည်အရေအတွက် တိုးလာတယ်လို့ အစိုးရသတင်းစာက ဧပြီလ ၁၉ရက်က ဖော်ပြခဲ့ပေမယ့် ခရီးသွားလုပ်ငန်း ပိုင်ရှင်တွေကတော့ အာရှကော အနောက်နိုင်ငံကပါ လာတဲ့ နိုင်ငံခြားခရီးသွားဧည့်သည့် အဝင်နည်းနေတယ်လို့ ဘီဘီစီကိုပြောပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရဲ့ ခြောက်လအတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသားခရီးသွားအရေအတွက် ဟာ ပြီးခဲ့တဲ့နှစ် ကာလနဲ့ နှိုင်းယဉ်ရင် ၃၃ ရာခိုင်နှုန်းတိုးလာတယ်လို့ ဟိုတယ်နဲ့ ခရီးသွား ဝန်ကြီး ဌာန ကို ကိုးကားပြီး ဖော်ပြခဲ့တယ်။
အဲဒီ ၆လအ အတွင်းမှာပဲ ခရီးသညျ ၁၅၈,၉၈၃ ကျော်အထိတိုးမြှင့် လာရောက်ခဲ့တယ်လို့ ပါရှိပါတယ်။ အဲဒီအရေအတွက်က မြန်မာနိုင်ငံကို လေဆိပ်၊ သင်္ဘောဆိပ်၊ နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်လာတဲ့ အရေအတွက်အားလုံးကို ကောက်ယူရရှိထား တာလို့ဆိုပါတယ်။
နိုင်ငံရေး အခြေအနေကြောင့် မြောက်အမေရိကနဲ့ ဥရောပက ခရီးသွား ဧည့်သည် ဝင်ရောက် ကျဆင်းခဲ့ပေမယ့် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အခြား အာရှ နိုင်ငံတွေက လာတဲ့ ခရီးသည် အရေအတွက်က သိသိသာသာ တိုးလာတယ်လို့ အစိုးရ သတင်းမှာ ဖော်ပြခဲ့တာပါ။
ဒါပေမယ့် အစိုးရ ကိန်းဂဏန်း အရ တိုးလာတဲ့ ခရီးသွား လုပ်ငန်း အ ခြေအနေနဲ့ လက်တွေ့ အလုပ် လုပ်ကိုင်နေသူတွေ ရဲ့ အမြင် ကွဲပြားမှု ရှိနေတာကို ဘီဘီစီက တွေ့ရှိရပါတယ်။
"တိုးပြီးလာတဲ့ဆိုတဲ့အရေအတွက်ကိုတွက်တာက ကျွန်မအထင် စီးပွားရေးကြောင့် သီလဝါလို၊ မူဆယ်တို့ လိုကနေ၊ ထိုင်းနိုင်ငံကဆို မဲဆောက်၊ မြဝတီ ကနေ ဝင်လာသူတွေကို တွက်တယ်လို့ ထင်ပါတယ်၊ ရွှေတိဂုံဘုရားမှာ ဆိုရင်တော့ ထိုင်းနဲ့ တရုတ်ပဲတွေ့တယ်" လို့ ခရီးသွားလုပ်ငန်းမှာ နှစ်ပေါင်း ၃၀နီးပါး လုပ်ကိုင်နေတဲ့ ကုမ္ပဏီပိုင်ရှင် အမည်မဖော်လိုသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင်အခြားခရီးသွားဝန်ဆောင်မှု လုပ်ငန်းကသူတွေကလည်း အနောက်နိုင်ငံက လာရောက်လည်ပတ်သူ တွေမရှိသလောက်အခြေအနေထိ ဖြစ်နေတယ်လို့ အတည်ပြုပြောဆိုကြပါတယ်။ အဲဒါကလည်း မြန်မာနိုင်ငံထဲက ရခိုင်ကိစ္စအပါအဝင် အခုလက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေကြောင့် ပါဝင်တယ်လို့ ဆိုကြ ပါတယ်။
ခရီးသွားလုပ်ငန်းကြောင့် ထိုင်းကမ်းခြေတွေ ပျက်စီး
အနောက်နိုင်ငံကလာရောက်တဲ့ ခရီးသည်တွေကိုအများစုဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုက ဦးဆောင်သူ အမျိုးသမီးတစ်ဦးကို ဘီဘီစီကဆက်သွယ်ခဲ့ပါတယ်။ သူ့အနေနဲ့တော့ အစိုးရကပြော နေတဲ့ အချက်အလက်တွေအပေါ်ကို ပြန်လည်ဖြေကြားလိုခြင်းမရှိဘူးလို့ ဖြေကြားပါတယ်။
ပြီးခဲ့တဲ့ ၆လအတွင်း နိုင်ငံခြားခရီးသွားတွေဝင်ရောက်မှုမှာ အာရှက လာရောက်တဲ့အရေအတွက် လည်း ကျဆင်းနေပြီး၊ အနောက်နိုင်ငံတွေက ဧည့်သည်တွေကတော့ ရခိုင်ကိစ္စကြောင့် မလာကြတာလို့ ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာ အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"ကျွန်မဧည့်သည်တွေက ရခိုင်ကိစ္စကိုထောက်ပြကြတယ်၊ ကောလာဟလတွေကြောင့်ကောပဲ၊ လို့ သူက ဆိုပါတယ်။
သူတို့ရဲ့ ကုမ္ပဏီ ဝန်ဆောင်မှု ပေးနေတဲ့ ခရီးသည် အများစုကတော့ အာရှကဖြစ်ပြီး၊ အနောက်ကဆိုရင် အမေရိကန်နဲ့ သြစတြေးလျ တို့ ပါတယ်လို့ ဒါရိုက်တာ အမျိုးသမီးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
အနောက်နိုင်ငံတွေက ဧည့်သည်တွေက ရခိုင်ကိစ္စကြောင့် မလာကြတာ
မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ်က နိုင်ငံခြားခရီးသွား ၄.၆သန်း၊ ၂၀၁၆မှာ ၂.၉သန်း၊ ၂၀၁၇ခုနှစ်မှာ ၃.၄၄သန်း နဲ့ ၂၀၁၈ ခုနှစ်မှာတော့ ၃.၅၅ သန်းအထိ ဝင်ရောက်ခဲ့တယ်လို့ အစိုးရ စာရင်းဇယားတွေက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ၂၀၁၈ ခုနှစ်မှာ နိုင်ငံခြားသားခရီးသွား ၃၈ သန်း ကျော်လာရောက်ခဲ့ပြီး အခု ၂၀၁၉ ခုနှစ်မှာတော့ ၄၁ သန်း လာရောက်မယ်လို့ခန့်မှန်းထားပါတယ်။ ထိုင်းက နိုင်ငံခြား ခရီးသွား အရေအတွက်ဟာ မြန်မာနိုင်ငံ အတွက် အခုနှစ်ပိုင်းတွေထဲမှာ နိုင်ငံခြားခရီးသွား အများဆုံး ဝင်ရောက်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အရေအတွက်ရဲ့ ၁၀ဆနီးပါးရှိနေပါတယ်။
နိုင်ငံခြား ခရီးသွား အရေအတွက် တိုးမြှင့်လာတယ်ဆိုတဲ့ အချက်အလက်နဲ့ ကောက်ယူခဲ့ပုံတွေကို မေးမြန်းဖို့ ဘီဘီစီက ဟိုတယ်နဲ့ခရီးသွား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်ကို မေးမြန်းခဲ့ပေမယ့် မအားလပ်သေးလို့ ဖြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုခဲ့ပါတယ်။