ဧပြီလကုန်အထိ တိုင်းနဲ့ ပြည်နယ်အများစုမှာ အပူချိန်ထပ်မံမြင့်တက်ဖို့ရှိ

နေ့အပူချိန်တွေမြင့်တက်လာလို့ မနက် ၁၀ နာရီကနေ ညနေ ၄နာရီဝန်းကျင်အတွင်း အပြင်ထွက်တာကိုရှောင်ရှားဖို့ သတိပေးထား ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP/Getty Images
Image caption နေ့အပူချိန်တွေမြင့်တက်လာလို့ မနက် ၁၀ နာရီကနေ ညနေ ၄နာရီဝန်းကျင်အတွင်း အပြင်ထွက်တာကိုရှောင်ရှားဖို့ သတိပေးထား

ဧပြီ ၂၁ ရက်နေ့ကနေ ဒီလကုန်( ဧပြီ) အထိကို ကချင်ပြည်နယ်၊ စစ်ကိုင်းဒေသကြီးအထက်ပိုင်းနဲ့ တနင်္သာရီ တိုင်းဒေသကြီးကလွဲလို့ ကျန်ပြည်နယ်နဲ့တိုင်းအားလုံးမှာ လက်ရှိ အပူချိန်ထက် ထပ်မံမြင့်တက်ဖို့ရှိတယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဘီဘီစီကို ပြော ပါတယ်။

လက်ရှိမှာလည်း တိုင်းနဲ့ပြည်နယ် အများစုမှာ နေ့အပူချိန်တွေဟာ ပုံမှန်ထက် ပိုမိုမြင့်တက်နေပြီး မကွေး တိုင်းဒေသကြီး ချောက်မြို့နယ်မှာတော့ ၄၆ ဒီဂရီ စင်တီဂရိတ်နဲ့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ အပူဆုံး ဖြစ်နေတာပါ။

' ' ပူတာကတော်တော်ပူတာ။ ယပ်တောင်လည်း မချရဘူး။ ခေါင်းပေါ်မှာလည်း ကွမ်းရွက်လေးတွေ ကပ်ထားရတယ်။ ဈေးထဲကနေ အပေါ့အပါးသွားတာတောင် အပြင်ဘက်မထွက်ရဲဘူး တအားကိုပူတာ။ အရင်ကထက်ပို ပူတယ် '' လို့ ချောက်မြို့မ ဈေးက ဈေးသည်တစ်ဦးဖြစ်တဲ့ ဒေါ်ညွန့်ညွန့်ဝင်းက အပူချိန်အမြင့်ဆုံးဖြစ်နေတဲ့ ချောက်မြို့မှာ အပူဒဏ် ခံစားနေရတဲ့အခြေအနေကို ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် NAY NAING
Image caption အပူချိန်အမြင့်ဆုံးဖြစ်နေတဲ့ ချောက်မြို့မှာ နေ့လယ်ဘက်ရေမချိုးကြဖို့ သတိပေးထား

ချောက်မြို့နယ်ဟာ အပူပိုင်းဒေသ တစ်ခုဖြစ်တဲ့အတွက် အပူချိန်မြင့်တက်တဲ့ဒဏ်ကိုအရင်ကတည်းက ခံစားနေကြရတာဖြစ်ပေမယ့်လည်း အခုရက်ပိုင်းအတွင်းမှာတော့ ပုံမှန်ထက်အပူရှိန်ကို ပိုမိုခံစားလာရတယ် လို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့်လည်း အုပ်ချုပ်ရေးပိုင်းက အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်တွေ သတိပေးချက်တွေကို ရပ်ကွက်တွေထဲမှာ လိုက်လံ ကြေညာပေးတာတွေလည်းရှိနေတယ်လို့ ဒေါ်ညွန့်ညွန့်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ အပူချိန်မြင့်တက်လာတဲ့အပြင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းကလည်း သိသိသာသာမြင့်တက်လာတဲ့အတွက် သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးကပြောပါတယ်။

ဓာတ်ပုံ မူပိုင် ROMEO GACAD/AFP/Getty Images
Image caption တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ နေ့အပူချိန်တွေထပ်မံမြင့်တက်ဖို့ရှိနေ

' ' ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက တစ်နိုင်ငံလုံးလိုလို မြင့်နေတဲ့အနေအထားကတော့ရှိတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတော့ ပိုများတဲ့အခြေအနေရှိတယ်။ ခရမ်းလွန် ရောင်ခြည်က ကျန်းမာရေးအတွက်ကောင်းကျိုးတွေ ရှိတယ် ဆိုပေမယ့်လည်း ထိတွေ့ပါများရင် လူရဲ့ အရေပြား၊ မျက်လုံး ဒါတွေကို ထိခိုက်နိုင်တာလည်းရှိတယ်။'' လို့ ဒေါက်တာကျော်မိုးဦးကပြောပါတယ်။

အခုလိုအပူချိန်နဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ ပုံမှန်ထက်ပိုမိုမြင့်တက်လာတဲ့အတွက် အများ ပြည်သူကို အသိပညာပေးတာတွေ အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်တွေကို လူထုကြားထဲ ပိုပြီးပြန့်နှံ့ အောင်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သဘာဝဘေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာကျော်ခိုင်ဇံက ဘီဘီစီကိုပြောပါတယ်။

'' အပူချိန်က တအားမြင့် တက်လာတဲ့အတွက် (heat stroke) အပူဒဏ်ကြောင့် သတိလစ်တာဘာတို့ဖြစ်လာရင် ကုသ ပေးနိုင်ဖို့ အသင့်ပြင်ဆင်ထားပါတယ်။ ဘယ်ဒေသရယ်လို့မဟုတ်ဘဲ မိုး/ဇလကထုတ်တဲ့ အပူချိန်ကြေညာ ချက်တွေကို စောင့်ကြည့်ပြီး ဆေးရုံ၊ ဆေးပေးခန်းတွေ ဒေသန္တရ ကျန်းမာရေးဌာနတွေမှာ အသင့်ကုသနိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြင်ဆင်ထားပါတယ်။'' လို့ အရေးပေါ်ကုသရေးပိုင်းနဲ့ပတ်သက်ပြီးပြင်ဆင် ထားတဲ့အခြေအနေကို ဒေါက်တာကျော်ခိုင်ဇံက ပြောပြပါတယ်။

အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်တွေကို နိုင်ငံပိုင်သတင်းစာ မီဒီယာတွေကတဆင့် ထုတ်ပြန်နေသလို အရေးပေါ် အခြေအနေတွေကို အချိန်မီကုသနိုင်ဖို့လည်း အောက်ခြေအဆင့် ကျန်းမာရေးဝန်ထမ်းတွေ အထိ သင်တန်းတွေ ပို့ချ ပြင်ဆင်ထားတယ်လို့လည်း ဒေါက်တာကျော်ခိုင်ဇံက ပြောပါတယ်။

' ' ဆေးရုံတွေမှာလည်း အဲကွန်းတပ်ရမယ့်နေရာတွေတပ်တယ်။ အအေးခန်းတွေလုပ်တယ်။ ဆေးရုံလည်း ဆေးရုံအပိုင်းပေါ့ ။ ကျွန်မတို့ ဒေသန္တရကျန်းမာရေးဌာနတွေမှာလည်း heat stroke ဖြစ်လို့ရောက်လာပြီဆို ကနဦးကုသမှုတွေလုပ်ပေးနိုင်အောင်တော့ သေချာလုပ်ထားတယ်။ '' လို့ ရန်ကုန်မြို့မှာလူဦးရေ အများဆုံး မြို့ နယ်တစ်ခုဖြစ်တဲ့လှိုင်သာယာမြို့နယ်မှာ ပြင်ဆင်ထားတဲ့အခြေအနေကို မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်ခင်ရူပါစိုးက ဘီဘီစီကိုပြောပြပါတယ်။

နေ့အပူချိန်တွေဟာ ပုံမှန်ထက်မြင့်တက်နေတဲ့အတွက် မနက် ၁၀ နာရီကနေ ညနေ ၄နာရီ ဝန်းကျင် အတွင်း အပြင်ထွက်တာကို သတိထားဖို့နဲ့ မဖြစ်မနေအပြင်ထွက်ရင်လည်း နေရောင်ခြည် တိုက်ရိုက် မထိအောင် ထီး၊ ဖိနပ် အရိပ်ရစေမယ့်အရာတွေကို ယူဆောင်သွားဖို့၊ အဝတ် အစား ကို လက် လည်ပင်း နဲ့ပခုံးကိုပါ ကာကွယ်ပေးနိုင်တဲ့ အဝတ်တွေကို ဝတ်ဆင်ဖို့လိုအပ်တယ်လို့လည်း ကျန်းမာရေး ဝန်ကြီး ဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

ပြင်းထန်တဲ့အပူချိန်ကြောင့် သတိလစ်တာမျိုး ( heat stroke ) ဖြစ်ပါက အချိန်မှီမကုသနိုင်ရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် အများပြည်သူအနေနဲ့ ဒီလိုဖြစ်ရပ်မျိုးကိုကြုံတွေ့ပါက လူနာကို အရိပ်ရတဲ့နေရာကိုရွှေ့ပြောင်းပေးတာမျိုး၊ဆေးရုံဆေးပေးခန်းကို အချိန်မီ ပို့ဆောင်ပေးတာမျိုးတွေကိုလုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီး ဌာနက အသိပေးနှိုးဆော်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ