ရိုက်တာ သတင်းထောက်နှစ်ယောက် အယူခံ ဧပြီ ၂၃ရက်မှာ အမိန့်ချမယ်

ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့အတွက် အကောင်းဆုံးဆိုတဲ့ လွှတ်မြောက်မယ့် အရာကိုပဲ မျှော်လင့်ထားတယ် ဓာတ်ပုံ မူပိုင် YE AUNG THU /AFP/GETTY
Image caption ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့အတွက် အကောင်းဆုံးဆိုတဲ့ လွတ်မြောက်မယ့် အရာကိုပဲ မျှော်လင့်ထားတယ်လို့ မိသားစုပြော

အင်းဒင်လူသတ်မှု အကြောင်း စုံစမ်းဖော်ထုတ် ရေးသားဖို့ သတင်း အချက်အလက် စုဆောင်းနေစဉ်မှာ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်း ဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှု အယူခံကို ပြည်ထောင်စု တရားလွှတ်တော်က လာမယ့် ဧပြီ ၂၃ရက်နေ့မှာ အမိန့်ချမယ်လို့ သူတို့ ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို အတည်ပြုပါတယ်။

အမိန့်ချမှတ်မယ့်ရက်ကို ပြည်ထောင်စု တရားလွှတ်တော်က ဧပြီလ ၁၉ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၂၃ ရက် မနက်ပိုင်း ၉ နာရီခွဲလောက်မှာ အမိန့်ချနိုင်တယ်လို့လည်း ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခံရတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ကြားနာ စစ်ဆေးခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က ထောင်ဒဏ် ၇ နှစ် စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီပြစ်ဒဏ်နဲ့ ပတ်သက်လို့ သတင်းထောက်တွေဘက်က ရန်ကုန်တိုင်း တရားရုံးမှာ ၂၀၁၉၊ ဇန်နဝါရီလက အယူခံတင်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။

အဲဒီနောက် ပြည်ထောင်စုတရားလွှတ်တော်ကို မတ်လ ၂၆ ရက်နေ့က အယူခံ ဆက်တင်ပြီး လျှောက်လဲချက်ပါ တင်ပြခဲ့ပါတယ်။

ကိုကျော်စိုးဦးရဲ့ ဇနီး မချစ်စုဝင်းက "ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့အတွက် အကောင်းဆုံးဆိုတဲ့ လွတ်မြောက်မယ့် အရာကိုပဲ မျှော်လင့်ထားတယ်" လို့ပြောပါတယ်။

ကိုကျော်စိုးဦးကို နေ့စဉ်သွားရောက်တွေ့ဆုံတယ်လို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ မူပိုင် THET AUNG/AFP/GETTY
Image caption ရန်ကုန်တိုင်းတရားရုံးမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဘက်က ၂၀၁၉၊ ဇန်နဝါရီလ တုန်းက အယူခံခဲ့ပေမယ် ပယ်ချခံခဲ့ရပါတယ်။

သတင်းထောက် နှစ်ယောက်ရဲ့ အယူခံ အမိန့်ချဖို့ ပြည်ထောင်စု တရားလွှတ်တော်မှာ အခုလို စာရင်းပါလာတာဟာ ပုံမှန်ထက် မြန်မြန်ပါလာတာလို့ ဦးခင်မောင်ဇော်ကပြောပါတယ်။

သာမန်အားဖြင့် ပြည်ထောင်စု တရားလွှတ်တော်ကို အယူခံဝင်တဲ့ အမှုတွေမှာ အမိန့်ချမှတ်ချိန်ကို နှစ်လ အနည်းဆုံး စောင့်ဆိုင်းရလေ့ရှိတယ်လို့ သူက ဆိုပါတယ်။

ပြင်ဆင်ချက် အယူခံသဘောအရ ချမှတ်ခဲ့ပြီးတဲ့ ပြစ်ဒဏ်ကို ပြည်ထောင်စု တရားလွှတ်တော်က မူလအတိုင်းထားရှိနိုင်သလို မူလအမိန့်ကိုပယ်ဖျက်နိုင်ခွင့်လည်း ရှိပါတယ်။ ဒါ့အပြင် ပြစ်မှုထင်ရှားရှိပေမဲ့ မူလချမှတ် ထားပြီသား ပြစ်ဒဏ်ကို လျှော့ချတာ ဒါမှမဟုတ် ပယ်ဖျက်တာကိုလည်း ဥပဒေအရ ဆုံးဖြတ်နိုင်ခွင့် ရှိပါတယ်။

ရခိုင်ပြည်နယ် အင်းဒင်ကလူ ၁၀ ယောက် အသတ်ခံရတဲ့သတင်းကို စုံစမ်းဖော်ထုတ် ရေးသားခဲ့ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ သတင်းရေးသားခြင်း (International Reporting) ခေါင်းစဉ်အောက်က အပ်နှင်းတဲ့ ပူလစ်ဇာဆုကို ဧပြီလ ၁၆ ရက်နေ့က ရရှိခဲ့ကြ ပါတယ်။

အဲဒီ မတိုင်မီ ကလည်း ၂၀၁၈ ခုနှစ်အတွက် တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်တဲ့ Person of the Year 2018 (၂၀၁၈ ရဲ့အထင်ရှားဆုံးပုဂ္ဂိုလ်) အမည်စာရင်းမှာ သူတို့ နှစ်ယောက်နာမည်တွေ ထည့်သွင်း ဖော်ပြခံခဲ့ရ ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ - ယူနက်စကို (UNESCO) က ပေးအပ်တဲ့ UNESCO/Guillermo Cano Press Freedom Prize 2019 ဆု ကို လည်း အခု ဧပြီလ ၁၀ ရက်နေ့ကပဲ ရရှိခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ