ပြည်သူ့ရန်ပုံငွေနဲ့ ရွေးမှ ဧရာဝတီကို ကယ်နိုင်မှာလား

မြစ်ဆုံကို ကယ်တင်ဖို့ ဆန္ဒပြသူတွေ ဓာတ်ပုံ မူပိုင် EPA
Image caption မြစ်ဆုံကို ကယ်တင်ဖို့ ဆန္ဒပြသူတွေ

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း အပြီးတိုင် ရပ်တန့်ရေး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေနဲ့ အရပ်ဘက် အဖွဲ့ အစည်းတချို့ ပူးပေါင်း အဖြေရှာကြရာမှာ တရုတ်နိုင်ငံက ကုန်ကျထားတဲ့ ကုန်ကျ စရိတ်ကို ပေးလျော်ပြီး ပြန်ရွေးယူဖို့ ဆိုတဲ့ စဉ်းစားချက်က ဖြစ်နိုင်ခြေ ရှိတဲ့ အဖြေ တစ်ခု အဖြစ် ပေါ်ထွက်လာပါတယ်။

ဧပြီလ ၂၀ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဧရာဝတီကို ပြန်ရွေးယူကြမယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ စာရေးဆရာ၊ ကာတွန်းဆရာ၊ နိုင်ငံရေးသမား၊ သရုပ်ဆောင်၊ တေးရေးဆရာနဲ့ အဆိုတော်တွေပါ ပူးပေါင်း ပါဝင် ဆွေးနွေး အဖြေရှာခဲ့ကြတာ ဖြစ်ပါတယ်။

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း အပြီးတိုင် ရပ်တန့်ဖို့ လှုပ်ရှားမှုတွေ မြင့်တက် လာနေချိန်မှာ ဒီစီမံကိန်း အပြီးတိုင် ရပ်တန့်နိုင်မယ့် တခုတည်းသော အဖြေကို ရှာဖွေနိုင်ဖို့ ကြိုးပမ်း ခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးမှု အရ ပေါ်ထွက်လာတဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ အဖြေအရ တစ်ခုက မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းအတွက် တရုတ်နိုင်ငံက တရားဝင် ကုန်ကျထားတဲ့ ကုန်ကျ စရိတ်ကို ပြန်ပေးလျော်ပြီး ဧရာဝတီကို ပြန်ရွေးယူမယ် ဆိုတာကို တရုတ်သမ္မတ ရှီကျင်းပင်းဆီ စာပေးပို့ ကမ်းလှမ်းမယ်လို့ လည်း မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်တန့်ရေး အဖြေရှာဖို့ ကြိုးပမ်းတဲ့ အဖွဲ့က ပြောပါတယ်။

တရုတ်သမ္မတထံ ပေးပို့မယ်ဆိုတဲ့ စာမှာ မြစ်ဆုံစီမံကိန်းကို တည်ဆောက်ခဲ့ရင် ဧရာဝတီ ဆိုတဲ့ မြန်မာ့ အမျိုးသား လက္ခဏာ မြစ်ကြီး တိမ်ကောမယ့် အရေး၊ ကချင် တိုင်းရင်သား တွေရဲ့ ယဉ်ကျေးမှု အမွေအနှစ် ပျက်သုန်းမယ့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးမယ့်အရေးတွေ အပြင် ငြိမ်းချမ်းရေး အလားအလာကောင်း တွေကို ထိခိုက်မှာကို မြန်မာပြည်သူတွေ စိတ်ပူပန် နေကြတယ်၊ ဒါကြောင့် ပြန်ရွေး ယူမယ့် ကမ်းလှမ်းမှုကို အသိအမှတ်ပြု လက်ခံပေးစေလိုတယ်လို့ ထည့်သွင်းမှာ ဖြစ်ကြောင်း ဆွေးနွေးပွဲ စီစဉ်သူတွေက ဆိုပါတယ်။

အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာတွေနဲ့ စာရေးသားပေးပို့ဖို့ စီစဉ်မှာ ဖြစ်ပြီး ဘယ်တော့ ပို့ဖြစ်မယ် ဆိုတာတော့ မပြောနိုင်သေးဘူးလို့ ဆွေးနွေးပွဲ စီစဉ်သူတွေက ပြောပါတယ်။

Image caption သဘာဝ အလှအပတွေရှိရာ မြစ်ဆုံ ဒေသ ပျက်စီးမှာ စိုးရိမ်နေကြ

ဧရာဝတီမြစ်ကို ဘယ်နည်းနဲ့မှ အပျက်စီးမခံနိုင်ဘူး

ဆွေးနွေးပွဲမှာ ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့တဲ့ စာရေးဆရာမ ဂျူးက ဧရာဝတီမြစ်ကို ဘယ်လိုနည်းနဲ့မှ အပျက်စီးမခံနိုင်ဘူးလို့ ပြောပါတယ်။

" စက္ကူ စာရွက်ပေါ်မှာ ကျွန်မတို့ မသိလိုက်ရဘဲ ရောင်းစားခံလိုက်ရတဲ့ အဖြစ်ကို ကျွန်မတို့ သားစဉ် မြေးဆက် အတွက် ဖြစ်တဲ့ နည်းနဲ့ ပြန်ရွေးယူချင်ပါတယ်" လို့ ပြောပါတယ်။

မြန်မာ တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ ဒီမြစ်ဆုံဆည် အရေး၊ ဧရာဝတီမြစ်ကြီး ပျက်စီးမယ့် အရေးအတွက် အတတ်နိုင်ဆုံး ကာကွယ်မယ် ဆိုတဲ့ ပြောဆိုမှုတွေ အများကြီး ရှိခဲ့ပါတယ်။

ဒါပေမဲ့ မြစ်ဆုံစီမံကိန်း ရပ်တန့်စေဖို့ ပြည်သူတွေက ရန်ပုံငွေ ပါဝင် ထည့်ဝင်ပြီး ပေးလျော်ရမယ် ဆိုတဲ့ ကိစ္စမှာတော့ အားလုံးက တစ်သဘောတည်း ရှိချင်မှ ရှိကြပါ လိမ့်မယ်။

ဘီဘီစီနဲ့ စကားပြောဖြစ်ကြတဲ့ မြန်မာ နိုင်ငံသားတွေထဲမှာ ဧရာဝတီကို ကာကွယ်ဖို့ အတွက် ရန်ပုံငွေ ထည့်ဝင်ဖို့ လိုလိုလားရှိတယ်လို့ ပြောဆိုကြသူတွေ ရှိသလို သဘောမတူဘူး ဆိုသူတွေ လည်း ရှိတာ တွေ့ရပါတယ်။

ပြည်သူက ပေးလျော်ဖို့ ဆိုတဲ့ စိတ်ကူး ဘယ်လိုရကြတယ် ဆိုတာ အံ့သြမိတယ်လို့ ပြောဆိုကြသူ တွေလည်း ရှိပါတယ်။

အရင် စစ်အစိုးရ လက်ထက်က သူတို့ အကျိုးစီးပွား အတွက် မြစ်ဆုံ စီမံကိန်း အပါအဝင် စီမံကိန်း အများအပြားကို ခွင့်ပြုပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ကလည်း အများအပြား ရှိနေပါတယ်။

ဆရာမ ဂျူးကတော့ " ဒီကိစ္စက ဘယ်သူ့မှာ တာဝန် ရှိတယ်၊ တကယ်တမ်း လျော်ရမှာက ဘယ်သူတွေပါ ဆိုတာ အငြင်းမပွားခင် လောလောဆယ်မှာ လောင်ကျွမ်း ပျက်စီးတော့မယ့် မြစ်ကြီးကို ဘယ်လို ကယ်တင်ကြမလဲ၊ အဲဒါ အရင် စဉ်းစားရင် ကောင်းမယ်လို့ ကျွန်မ ထင်ပါတယ်" လို့ ဆွေးနွေးပွဲမှာ ပြောသွား ပါတယ်။

မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ရေးမှာ ပါဝင်လှုပ်ရှားသူ တစ်ယောက်ဖြစ်တဲ့ ကချင်တိုင်းရင်းသူ လဖိုင်ဆိုင်းရော်က စနေနေ့ ဆွေးနွေးပွဲမှာ ဦးဆောင် ဆွေးနွေးခဲ့ရာမှာ ဧရာဝတီကို ပြန်ရွေး ယူကြမယ်၊ ဧရာဝတီ မြစ်ဆုံ စီမံကိန်း အပြီးတိုင်ရပ် တန့်နိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ အဖြေကို ရှာတယ် ဆိုတာ ငြိမ်းချမ်းရေး နဲ့လည်း တိုက်ရိုက် ဆက်နွှယ် နေတယ်လို့ ပြောပါတယ်။

မြစ်ဆုံ စီမံကိန်းလို တဖက်သတ် စီမံကိန်းတွေဟာ ကချင်ဒေသမှာ ပဋိပက္ခတွေကို ဆက်လက် ဖြစ်ပေါ်စေတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ဦးဆောင် လှုပ်ရှားသူ တစ်ယောက် ဖြစ်တဲ့ စာရေးဆရာ ကိုတာ ကတော့ ပြည်သူတွေကို ပန်ကြားချက်အဖြစ် မြန်မာနိုင်ငံသား တစ်ယောက်ကို ၁ ဒေါ်လာ နှုန်းနဲ့ ၁၀ ကြိမ်၊ ၁၅ ကြိမ် လောက် ထည့်ဝင်လိုက်ကြမယ် ဆိုရင် ဧရာဝတီကို ပြန်ရွေးယူလို့ ရဖြစ်နိုင်ဖွယ် ရှိတယ်လို့ အကြံပြု ပြောဆိုပါတယ်။

ဒီပွဲကို မေတ္တာ ဖောင်ဒေးရှင်း၊ ပေါင်းကူးအဖွဲ့၊ ကွန်ဂရက် အဖွဲ့နဲ့ သာသည့်မြေ အဖွဲ့ အပါအဝင် အရပ်ဖက် အဖွဲ့ အစည်း ၁၀ ဖွဲ့က ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။

အရင်က မြစ်ဆုံဆည် ရပ်တန့်ရေး ကန့်ကွက် လှုပ်ရှားမှုသာ ရှိခဲ့ပြီး လက်တွေ့ကျတဲ့ အဖြေရှာမှု မရှိခဲ့ဘဲ အခု စကားဝိုင်း ဆွေးနွေးပွဲကတော့ ပြည်သူ့လှုပ်ရှားမှု စတင်တဲ့ ပွဲ တစ်ခု ဖြစ်တယ်လို့ စီစဉ်ကျင်းပသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption မြစ်ဆုံ စီမံကိန်း ရပ်တဲ့ အထိ ကန့်ကွက်မယ်ဆိုသူတွေ အများအပြား ရှိ

ပြည်သူ့ငွေနဲ့ ရွေးမယ် ဆိုရင်ရော တရုတ်က လက်ခံမှာလား

ရပ်တန့်ထားတဲ့ မြစ်ဆုံ စီမံကိန်း ပြန်လည် စတင်ဖို့ တရုတ်ဘက်က မကြာခဏ တိုက်တွန်း ပြောဆိုတာတွေ ရှိနေပါတယ်။

ကန့်ကွက်မှုတွေကြောင့် ၂၀၁၁ ခုနှစ်က ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည် လုပ်ဆောင်ဖို့ မကြာသေးခင် လပိုင်းကပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက သတင်းစကား ဆိုလာတဲ့အတွက် စိုးရိမ် ပူပန်မှုတွေ ထပ်မံ မြင့်တက် လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းက မြစ်ဆုံ စီမံကိန်း အရေးနဲ့ ပတ်သက်လို့ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က ဘာသာရေးခေါင်းဆောင် တချို့ကို တရုတ်နိုင်ငံ ပြည်နယ် အစိုးရက ခေါ်တွေ့ပြီး မြစ်ဆုံ စီမံကိန်းကို လုပ်ကို လုပ်မယ် လို့ ပြောခဲ့တာလည်း ရှိပါတယ်။

လာမယ့် ဧပြီလ ၂၅ ကနေ ၂၇ ရက် အထိ တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ပိုးလမ်းမ စီမံကိန်းဖိုရမ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ ရှိတဲ့ အတွက် တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အခါမြစ်ဆုံ စီမံကိန်း ပြသနာ ဖြေရှင်းရေးရာမှာ ပြည်သူတွေရဲ့ သဘော ဆန္ဒကို လိုက်လျော ဆွေးနွေးလာနိုင်ဖို့ မျှော်လင့်ပြီး အခုလို လှုပ်ရှားမှုတွေ မြှင့်လာရတာလို့ မြစ်ဆုံ စီမံကိန်း ရပ်တန့်ရေး ကြိုးပမ်းသူတွေက ပြောပါတယ်။