မြောက်ဦးမြို့ကစစ်ဘေးရှောင်တွေ နေစရာမရှိလို့ ရှေးဟောင်းဘုရားပုထိုးတော်အတွင်း ဝင်ရောက်ခိုလှုံနေရ စတဲ့ ဧပြီလ ၂၁ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

Image caption မြောက်ဦးမြို့ကစစ်ဘေးရှောင်တွေ နေစရာမရှိလို့ ရှေးဟောင်းဘုရားပုထိုးတော်အတွင်း ဝင်ရောက်ခိုလှုံနေရ

(၁) မြောက်ဦးမြို့ကစစ်ဘေးရှောင်တွေ နေစရာမရှိလို့ ရှေးဟောင်းဘုရားပုထိုးတော်အတွင်း ဝင်ရောက်ခိုလှုံနေရ

မြောက်ဦးမြို့မှာ စစ်ဘေးရှောင်သူ တစ်သောင်းကျော် ရှိလာပြီး တချို့ဟာ နေစရာ နေရာ မရှိကြလို့ ရှေးဟောင်းဘုရား ပုထိုးတော်အတွင်း ဝင်ရောက်ခိုလှုံနေထိုင် လာကြတယ်လို့ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်း က ပြောပါတယ်။

စစ်ဘေးရှောင်သူ တချို့ဟာ မြောက်ဦးမြို့ ရှစ်သောင်းဘုရားပုထိုးတော်ကြီး လိုဏ်ဂူတွေအတွင်း ဝင်ရောက်ခိုလှုံ နေထိုင်ကြတဲ့အတွက် ယဉ်ကျေးမှု အနုပညာလက်ရာတွေ ပျက်စီးသွားမှာကို စိုးရိမ်နေရတယ်လို့ ဒေါ်ခင်သန်း ပြောပါတယ်။

ရှစ်သောင်းဘုရား ပုထိုးတော်ကြီးအတွင်း အပြင်လိုဏ်ဂူ အတွင်း လိုဏ်ဂူတွေ တည်ရှိပြီး ဘုရား ဆင်းတုတော်တွေ သာမက နံရံတွေပေါ်မှာ ထုဆစ်ထားတဲ့ ရှေးခေတ်လက်ရာ ရုပ်လုံးရုပ်ကြွ ပုံတွေလည်း အများအပြား ရှိပါတယ်။

စစ်ရှောင်သူတွေမှာ ကလေးငယ်တွေ ပါရှိတဲ့အတွက် ရုပ်လုံးရုပ်ကြွ ပုံတွေထိခိုက်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေါ်ခင်သန်းက ဆိုပါတယ်။

စစ်ဘေးရှောင်သူတွေဟာ ရွာလုံးကျွတ်ထွက်ပြေးလာကြရပြီး တိုက်ပွဲတွေကလည်း ဆက်လက် ဖြစ်နေလို့ ရွာကို ပြန်သွားဖို့ ခက်ခဲနေသလို ရာသီဥတုလည်း ပူပြင်းနေလို့ နေစရာသွားစရာမရှိ အခက်အခဲ ဖြစ်နေကြပါတယ်။

လက်ရှိမှာ မြောက်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၄၁ ခု ရှိလာပြီး လူဦးရေ တစ်သောင်း ကျော်လာတဲ့ အတွက် နေစရာနဲ့ လူဦးရေဟာ မျှတမှု မရှိတာကို တွေ့ရတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Narinjara
Image caption စစ်တွေအကျဉ်းထောင်

(၂) စစ်တွေထောင်မှာ ဆူပူမှုဖြစ်လို့ ပစ်ခတ်ထိန်းသိမ်းရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စစ်တွေအကျဉ်းထောင်မှာ မနေ့က (ဧပြီ ၂၀ ရက်) ညပိုင်း ၈ နာရီလောက်က ထောင်အတွင်း ဆူပူမှုတွေဖြစ်လို့ သေနတ်ပစ်ခတ် ထိန်းသိမ်းခဲ့ရတာကို ကြားသိရတယ်လို့ အကျဉ်းထောင် အနီး နေထိုင်သူတွေက ပြောပါတယ်။

" အော်သံတွေ ဆူသံတွေ ပထမကြားရတာပေါ့။ ဘာဖြစ်တာလဲ နားထောင်နေတုန်း သေနတ်သံတွေ ကြားရတာပဲ။ အလန့်တကြား အိမ်သားတွေနဲ့ အောက်ကို ဆင်းပြေးရတာ။ ည ၉ နာရီလောက်မှာ သေနတ်သံတွေ တိတ်သွားတယ်" လို့ စစ်တွေမြို့ခံ ကိုအောင်ကျော်စိန်က ပြောပါတယ်။

စစ်တွေအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရသူ အများအပြားကို ပေါ်တာခေါ်ယူမယ် ဆိုပြီး သတင်းထွက်ပေါ်ရာကနေ ထောင်တွင်း ဆူပူမှု ဖြစ်ပွားပြီး ပစ်ခတ်ထိန်းသိမ်း ရတာဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ ဆက်နွယ်မှု ရှိသူတွေက ပြောပါတယ်။

စစ်တွေကျဉ်းထောင်ကနေ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့လို့ အနီးနားမှာ နေထိုင်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ရလို့ အကျဉ်းထောင်နဲ့ ရဲစခန်းကို ဆက်သွယ်မေးမြန်းပေမယ့် ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘူးလို့ စစ်တွေခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ခိုင်ကျော်က ပြောပါတယ်။

အကျဉ်းထောင် ဆူပူတာနဲ့ ပတ်သက်လို့ စစ်တွေမြို့ ရဲစခန်းရဲ့တာဝန်ကျရဲစခန်းမှုးကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာလည်း ဖုန်းလက်ခံ ဖြေဆိုမှု မပြုပါဘူး။ ဆူပူမှု ဖြစ်ပွားပြီးချိန်မှာ ရဲတပ်ဖွဲ့ဝင် အင်အား တော်တော်များကို ထောင်အနီးဝန်းကျင်မှာ လုံခြုံရေး ချထားတာကို တွေ့မြင်ရတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

Image caption ထိုင်း- မြန်မာနယ်စပ်မှာ အလုပ်ခွင်ကို ပြန်ဝင်လာကြတဲ့ မြန်မာလုပ်သား နေ့စဉ်သောင်းချီရှိ

(၃) ထိုင်း- မြန်မာနယ်စပ်မှာ အလုပ်ခွင်ကို ပြန်ဝင်လာကြတဲ့ မြန်မာလုပ်သား နေ့စဉ်သောင်းချီရှိ

သင်္ကြန်ပွဲတော် ပိတ်ရက်အပြီး ထိုင်းဘက်က လုပ်ငန်းခွင်ကို ပြန်လာကြတဲ့ မြန်မာလုပ်သား ဦးရေဟာ နေ့စဉ် သောင်းချီရှိနေတယ်လို အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၁) က နေ မဲဆောက်ဘက်ကို ပြန်လာကြတဲ့ လူတန်းဟာ များပြားလွန်းပြီး ရာသီဥတုပူပြင်းတဲ့အတွက် သူတို့တွေကို ထိုင်း လူဝင်မှုကြီးကြပ်ရေး ရုံဝင်းအတွင်းမှာ နေရာချ ထားပေးပြီး၊ နေရာ ၅ နေရာခွဲပြီး ထိုင်းဘက်အဝင် တံဆိပ်တုံး ထုပေးနေတယ်လို့ ဆိုပါတယ်။

တံဆိပ်တုံးထုပြီး ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာလုပ်သား တချို့ဟာ ဘန်ကောက်ကို ထွက်မယ့် ညကား လက်မှတ် ဝယ်ထားတဲ့ သူတွေလည်း ရှိတာကို တွေ့ရပြီး ကားထွက်ချိန်မီအောင် သီးသန့် တံဆိပ်တုံး ထုပေးတဲ့ နေရာကိုလည်း ထိုင်း လူဝင်မှုကြီးကြပ်ရေး ဆောင်ရွက်ပေးရပါတယ်။

ပြန်ဝင်လာကြတဲ့ မြန်မာလုပ်သား ဦးရေဟာ များလွန်းလို့ ထိုင်းနိုင်ငံ အတွင်းပိုင်းကို သွားမယ့် အဝေးပြေး ယာဉ်လိုင်းက ကားတွေကိုလည်း အစီးရေ တိုးချဲ့ ဆောင်ရွက်ပေးထားတယ်လို့ မဲဆောက် ခရီးသည် ပို့ဆောင်ရေး ကားဂိတ်က လက်မှတ်ရောင်းဌာန တာဝန်ရှိသူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟံသာဝတီဦးဝင်းတင်

(၄) ဟံသာဝတီဦးဝင်းတင် ၅ နှစ်ပြည့် အပြာရောင်အင်္ကျီဝတ် လှုပ်ရှားမှုလုပ်

နိုင်ငံရေး အကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ် ပြည့် အခမ်းအနားကို ဒီနေ့ ဧပြီ ၂၁ ရက်မှာ ဟံသာဝတီဦးဝင်းတင်ကို ချစ်ခင်ကြသူတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက အသီးသီး ကျင်းပကြပါတယ်။

သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင် အသက်ရှိစဉ် နေထိုင်ခဲ့တဲ့ အိမ်ကိုလည်း ဒဂုံအရှေ့ပိုင်းမှာ ရှိတဲ့ NAC (NLD HIV/AIDS CENTER) ဝင်းထဲမှာ နဂိုမူရင်း အိမ်ပုံစံအတိုင်း ပြန်လည် ဆောက်လုပ်ခဲ့ပြီး အိမ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၁ ရက် ဒီကနေ့မှာ ပြုလုပ်ပါတယ်။

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့်တဲ့နေ့ ဖြစ်တဲ့ ဒီကနေ့ ဧပြီ ၂၁ ရက်မှာ နိုင်ငံတဝှမ်း အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးထိန်းသိမ်း တရားရင်ဆိုင်နေရသူပေါင်း ၃၆၄ ဦး လွတ်မြောက်ရေး အတွက် အပြာရောင်အင်္ကျီ ဝတ်ဆင်တဲ့လှုပ်ရှားမှုကို တက်ကြွလှုပ်ရှားသူတွေက လုပ်ဆောင်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ